News

POST TYPE

EDITORIAL

အနာဂတ်နိုင်ငံအတွက် တက္ကသိုလ်ပညာရေးစနစ် တိုးတက်ကောင်းမွန်ရန် လိုအပ်သည်
19-Jul-2018
၂၀၁၈ ခုနှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းလည်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ အောင်မြင်သွားသော ကျောင်းသားများမှာ တက္ကသိုလ်ဝင်စာမေးပွဲတွင် ရရှိလာသော ရမှတ်ပေါ်မူတည်ကာ မိမိကိုယ်တိုင် စိတ်ပါဝင်စားပြီး အနာဂတ်အတွက် လေ့လာလိုသည့် အသက်မွေးဝမ်းကျောင်းပညာရပ်များကို ရွေးချယ်တက်ရောက်ရန် ပြင်ဆင်နေကြရပြီဖြစ်သည်။ ကျရှုံးသွားသော ကျောင်းသားများမှာလည်း လာမည့်ပညာသင်နှစ်အတွက် ပြန်လည်ကြိုးစား ဖြေဆိုရန်အတွက် သင်ခန်းစာများကို ပြန်လည်လေ့လာနေကြရပြီဖြစ်သည်။

ပြီးခဲ့သည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အချို့ဘာသာရပ်များ၌ ကျောင်းသားများ၏ စဉ်းစားတွေးခေါ်နိုင်မှုစွမ်းရည်ကို စမ်းသပ်ထားသည့် မေးခွန်းမျိုးကို ထည့်သွင်းမေးမြန်းထားသည်ကိုလည်း တွေ့ရသည်။ အလွတ်ကျက်မှတ်ပြီး ဖြေဆိုနေသည့်စနစ်မှ စဉ်းစားတွေးခေါ်မှုကို ဦးစားပေးဖြေဆိုရသည့် မေးခွန်းများဖြင့် လာမည့်ပညာသင်နှစ်တွေမှာ စစ်ဆေးမေးမြန်းသွားမည်ဟုလည်း ကြိုတင်အသိပေးကြော်ငြာထားသည်။ ထို့ကြောင့် ကျောင်းသားများမှာလည်း အလွတ်ကျက်မှတ်နေရုံနှင့်မရတော့ဘဲ ပိုမိုကြိုးစားအားထုတ်ရတော့မည် ဖြစ်ပေသည်။

ထိုနည်းအတူပဲ တက္ကသိုလ်ဝင်စားမေးပွဲ အောင်မြင်လာကြသည့် ကျောင်းသားများကို လက်ခံသင်ကြားပေးမည့် သက်ဆိုင်ရာတက္ကသိုလ်များမှလည်း ကျောင်းသားများကို ရွေးချယ်လက်ခံမည့်စနစ်ကို ပြောင်းလဲကျင့်သုံးလာနေသည်ကို တွေ့ရသည်။ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာရန်၊ အရည်အသွေးပြည့်ဝပြီး စဉ်းစားတွေးခေါ်နိုင်စွမ်းအား၊ တီထွင်ဖန်တီး နိုင်စွမ်းအားကောင်းသော ကျောင်းသားများပေါ်ထွက်လာဖို့ရန် တက္ကသိုလ်ဝင်စာမေးပွဲနှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားမှုနှင့် တက္ကသိုလ်ပညာရေးစနစ်များကို အမျိုးမျိုးပြောင်းလဲကျင့်သုံးလာနေသည်ကို တွေ့ရသည်။ ပြောင်းလဲကျင့်သုံးလာနေသော စနစ်အမျိုးမျိုးတွင် ကျောင်းသားများ၏ အရည်အသွေးများလည်း အမှန်တကယ်တိုးတက်လာရန် လိုအပ်သည်။ စနစ်တစ်ခုကို ပြောင်းလဲကျင့်သုံးပြီးနောက် ပြောင်းလဲလိုက်သည့် စနစ်နှင့်အညီ ကျောင်းသားများ၏ အရည်အချင်းများ အမှန်တကယ် တိုးတက်လာမှု ရှိ၊ မရှိကိုလည်း လေ့လာဆန်းစစ်မှုများ ပြုလုပ်ရပေမည်။

ယခင်နှစ်များတွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြသည့် ကျောင်းသားများမှာ ရရှိထားသော ရမှတ်ပေါ်မူတည်ကာ မိမိလေ့လာလိုသည့် ပညာရပ်ကို ဦးစားပေးအလိုက်စီကာ တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့သို့ပို့ကာ လျှောက်ထားရသည်။ စိစစ်ရွေးချယ်ရေးအဖွဲ့မှ ရမှတ်အနည်းအများပေါ်မူတည်ကာ ရွေးချယ်ဆုံးဖြတ်သည်။ 

လာမည့်ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရာတွင် အချို့သောတက္ကသိုလ်များမှာ တက်ရောက်လိုသည့်ကျောင်းသားများမှ အဆိုပါတက္ကသိုလ်များသို့ တိုက်ရိုက်လျှောက်ထားရမည်ဟု သိရသည်။ လျှောက်ထားလာသည့် ကျောင်းသားများကို တက္ကသိုလ်မှ စိစစ်ရွေးချယ်ရေးအဖွဲ့အစည်းများ၏ အစီအစဉ်များဖြင့် တိုက်ရိုက်ရွေးချယ်ဆုံးဖြတ်မည်ဟု သိရသည်။ ထိုသို့သတင်းများ ထွက်ပေါ်လာပြီးနောက် လျှောက်ထားလာသည့် ကျောင်းသားများကို ပွင့်လင်းမြင်သာပြီး တရားမျှတစွာ ရွေးချယ်ဆုံးဖြတ်နိုင်ရေးနှင့်ပတ်သက်ပြီး ကျောင်းသားမိဘများအကြား သံသယစိတ်များ ဖြစ်ပေါ်လာသည်။ 

မည်သည့်စနစ်ဖြင့် ရွေးချယ်လက်ခံသည်ဖြစ်စေ သက်ဆိုင်ရာတက္ကသိုလ်များမှ အနာဂတ်နိုင်ငံအတွက် များစွာအားထားရသော အရည်အသွေးပြည့်ဝပြီး ထူးချွန်ထက်မြက်သော မျိုးဆက်သစ်ခေါင်းဆောင်များ မွေးထုတ်ပေးနိုင်ရန်သာ ပို၍လိုအပ်သည်။ တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်များများရထားသော ကျောင်းသားများကိုသာ ရွေးချယ်လက်ခံပြီး ကျောင်းပြီးဆုံးလျှင် ဘွဲ့လက်မှတ်သာရရှိသွားသော အခြေအနေမှ ကျောင်းသားများ၏ အရည်အသွေးများ ပိုမိုပြည့်ဝလာအောင် လေ့ကျင့်သင်ကြားပေးရန်၊ စဉ်းစားတွေးခေါ်နိုင်စွမ်းအားများ၊ တီထွင်ဖန်တီးနိုင်စွမ်းအားများ ကောင်းမွန်လာပြီး လက်တွေ့လေ့လာသုတေသနပြုလုပ်မှုများမှ နိုင်ငံနှင့် အများပြည်သူအားလုံးအတွက် အကျိုးရှိမည့်ရလဒ်များကို ရှာဖွေဖော်ထုတ်နိုင်အောင်၊ အနာဂတ်နိုင်ငံအတွက် ခေါင်းဆောင်ကောင်းများ မွေးထုတ်ပေးနိုင်အောင် အားထုတ်ကြိုးစားရပေမည်။ 

ယခုနောက်ပိုင်းနှစ်များတွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်လာကြသည့် ကျောင်းသားအများစုသည် CoE (Center of Excellence) တက္ကသိုလ်များသို့သာ ရွေးချယ်တက်ရောက်လိုကြသည်။ အဆိုပါတက္ကသိုလ်များသို့ တက်ရောက်ခွင့်ရရန်အတွက်လည်း တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်များများရရန်လိုအပ်သည်။ 

တက္ကသိုလ်ပညာရေးသည် အထက်တန်းပညာရေးမှာကဲ့သို့ပင် ဆရာသင်ကြားသည့် သင်ခန်းစာများကို အမှတ်များများရရန်လေ့လာကျက်မှတ်၊ စာမေးပွဲရောက်လျှင် ကျက်မှတ်ထားသည့် သင်ခန်းစာများကို ဖြေဆိုပြီး စာမေးပွဲအောင်မြင်ဆိုသည့်အဆင့်ထက် များစွာနက်ရှိုင်းလွန်းလှသည်။ ဆရာမှ သင်ကြားပြသပေးသည့် သင်ခန်းစာများကို လေ့လာကျက်မှတ်ပြီး စာမေးပွဲဖြေဆို၊ ကျောင်းပြီးသောအခါ ဘွဲ့လက်မှတ်ရယူရုံနှင့် ပြီးမသွားသင့်ပေ။ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များ တက်ရောက်သောအခါ ဆရာသင်သည့် သင်ခန်းစာများကို လေ့လာနေရုံနှင့် ပြည့်စုံလုံလောက်မှုမရှိတော့ဘဲ သင်ခန်းစာများနှင့် ဆက်စပ်ပြီးစဉ်းစားတွေးခေါ်ရမည်။ လက်တွေ့ လေ့လာမှုများမှ တီထွင်ဖန်တီးနိုင်စွမ်းအားများ ကောင်းမွန်လာအောင် ကြိုးစားလုပ်ဆောင်ရမည်။ ပူးပေါင်းလုပ်ဆောင်ခြင်းမှ အများနှင့်အတူ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းအားများ၊ စည်းရုံးဆောင် ရွက်နိုင်စွမ်းအားများ၊ ခေါင်းဆောင်နိုင်မှုစွမ်းအားများနှင့် လူမှုဆက်ဆံရေး စွမ်းရည်များပါ တိုးတက်လာရန် ကြိုးစားသင်ယူရပေမည်။ အနာဂတ်နိုင်ငံအတွက် လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ပေးရာတွင် စာသင်ကြားရာတွင် အတော်ဆုံးကျောင်းသားဖြစ်နေရုံနှင့် ပြည့်စုံလုံလောက်မှု မရှိပေ။ 

တက္ကသိုလ်ပညာရေးမှ ကျောင်းသားများ၏ စဉ်းစားတွေးခေါ်နိုင်စွမ်းအားများ၊ တီထွင်ဖန်တီးနိုင်စွမ်းများကို အားပြုကာ သုတေသနပြုလုပ်လေ့လာမှုမှ ရရှိလာသော ရလဒ်များသည် အနာဂတ်နိုင်ငံ၏ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် အခြားသောကဏ္ဍအားလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုသည်။ သက်ဆိုင်ရာပညာရပ်တိုင်းတွင် လက်တွေ့သုတေသနပြုလုပ်လေ့လာနေမှုများမှ နိုင်ငံနှင့် ပြည်သူအားလုံးအတွက် အကျိုးရှိသော အသစ်အဆန်းများ၊ လက်တွေ့ အသုံးပြုနိုင်သောအရာများကို တီထွင်ထုတ်လုပ်လာနိုင်ကြမည်ဖြစ်သည်။ ထို့အတွက်ကြောင့်လည်း ချမ်းသာသောနိုင်ငံများ၊ လူ့စွမ်းအားအရင်းအမြစ်ကို အဓိကထားပြုစုပျိုးထောင်နေသောနိုင်ငံများတွင် အထက်တန်းပညာရေးပြီးဆုံးပြီး အသက်မွေးဝမ်းကျောင်းတက္ကသိုက်တက်ရောက်မည့် ကျောင်းသားများကို နိုင်ငံတော်မှ ပညာသင်ထောက်ပံ့ကြေး၊ လိုအပ်သောဓာတ်ခွဲခန်းသုံးပစ္စည်းများနှင့် ဓာတုဆေးများကို ပြည့်စုံလုံလောက်စွာ ထောက်ပံ့ပေးထားသည်။ ငွေကြေးအတွက် ပူပန်စရာမလိုတော့သဖြင့် ပညာရပ်တွင် စိတ်အာရုံနှစ်ကာ လေ့လာနိုင်မည်ဖြစ်ပြီး လိုအပ်သော ဓာတ်ခွဲခန်းသုံးပစ္စည်းများလည်း ပြည့်စုံနေသဖြင့် သုတေသနလုပ်ငန်းများကို ပိုမိုတိုးတက်လာအောင် အစွမ်းရှိသလောက် လုပ်ဆောင်နိုင်ကြသည်။ သုတေသနလုပ်ငန်းများကို စိတ်အာရုံနှစ်ကာလုပ်ဆောင်ပြီး အောင်မြင်လာသောရလဒ်များကြောင့် နိုင်ငံမှာလည်း များစွာဖွံ့ဖြိုးတိုးတက်လာကြသည်။

တက္ကသိုလ်ပညာရေးတွင် သုတေသနများပြုလုပ်ခြင်းသည် ကျောင်းသားများ၏ အရည်အသွေးများ တိုးတက်လာခြင်းအတွက်လည်း အဓိကအကြောင်းအရာဖြစ်သည်။ သုတေသနများပြုလုပ်ခြင်းမှ စဉ်းစားတွေးခေါ်နိုင်စွမ်းအားများ၊ တီထွင်ဖန်တီးနိုင်စွမ်းအားများ ကောင်းမွန်လာသည်။ တစ်ကမ္ဘာလုံးရှိ နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်များကို သုတေသနပြုလုပ်ခြင်းမှရရှိလာသော တိုးတက်လာမှုများနှင့် သုတေသနစာစောင်များ ထုတ်ဝေဖြန့်ချိနိုင်မှုအပေါ်မူတည်ပြီး အဆင့်ခွဲခြားသတ်မှတ်ထားသည်။ သုတေသနများစွာကို တိုးတက်အောင်မြင်အောင် ပြုလုပ်နိုင်ပြီး သုတေသနစာစောင်များစွာ ထုတ်လုပ်ထားနိုင်သော တက္ကသိုလ်များမှာ တစ်ကမ္ဘာလုံးဆိုင်ရာ အဆင့်သတ်မှတ်ချက်များတွင် ထိပ်ဆုံးမှ ဦးဆောင်နေသည်။

ကျွနု်ပ်တို့နိုင်ငံမှာတော့ တက္ကသိုလ်များတွင် ကျောင်းသားများ၏ သုတေသနပြုလုပ်မှုများမှာ များစွာအားနည်းနေဆဲဖြစ်သည်။ ငွေကြေးထောက်ပံ့နိုင်မှုအားနည်းခြင်း၊ ဓာတ်ခွဲခန်းများတွင် ပစ္စည်းမပြည့်စုံခြင်းနှင့် ဓာတုပစ္စည်းများ အလွယ်တကူ ဝယ်ယူရရှိနိုင်မှုမရှိခြင်း စသည့်အချက်များမှာ အဟန့်အတားများဖြစ်နေသည်။ လုပ်ဆောင်နေသော သုတေသနများမှာလည်း အခြားနိုင်ငံမှ တက္ကသိုလ်များနှင့် နှိုင်းယှဉ်လျှင် များစွာနောက်ကျကျန်နေသည်။ အခြေခံအဆင့် သုတေသနမျိုးလောက်သာ လုပ်ဆောင်နိုင်ကြသည်။ သုတေသနလုပ်ဆောင်မှုများတွင် လက်တွေ့လုပ်ဆောင်မှုအားနည်းနေသောကြောင့် ကျောင်းသားများ၏ အရည်အသွေးများမှာလည်း တိုးတက်သင့်သလောက် တိုးတက်လာမှုမရှိတော့ပေ။ ပြင်ပလုပ် ငန်းခွင်များတွင် လက်တွေ့လုပ်ဆောင်ကြရသောအခါ လုပ်ငန်းအတွေ့ အကြုံအရည်အချင်းပိုင်းတွင် များစွာအားနည်းနေသည်မှာ ထင်ရှားပေါ် လွင်လာသည်။ အခြားနိုင်ငံမှကျောင်းသားများနှင့် နှိုင်းယှဉ်လျှင် စဉ်းစားတွေးခေါ်နိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်းအားများပါ လျော့နည်းလာသည်။ အချို့သောကျောင်းသားများ၊ မိဘများမှာလည်း သုတေသနပြုလုပ်ခြင်းသည် ကျောင်းသားတစ်ယောက်၏ အရည်အချင်းကို လေ့လာသတ်မှတ်ရာတွင် အရေးကြီးသောအစိတ်အပိုင်းဖြစ်သည်ကို မသိရှိကြသေးပေ။

နိုင်ငံအများစုတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များသည် လုပ်ငန်းခွင်အတွက် လိုအပ်သော ကျွမ်းကျင်ပညာရှင်များကို တက္ကသိုလ်များနှင့် ချိတ်ဆက်ကာ ဘွဲ့ရပြီးသောကျောင်းသားများမှ ရွေးချယ်ခေါ်ယူ ခန့်ထားလေ့ရှိကြသည်။ တက္ကသိုလ်များမှ အောင်မြင်လာသော သုတေသနများကို ပုဂ္ဂလိက လုပ်ငန်းများသို့ နည်းပညာများလွှဲပြောင်းပြီး ပြည်သူများ လက်ဝယ်သို့ ရောက်ရှိအောင် ချိတ်ဆက်ဆောင်ရွက်လာကြသည်။ ထို့အတွက်ကြောင့် တက္ကသိုလ်ပညာရေးသည် နိုင်ငံတစ်နိုင်ငံ၏ ကဏ္ဍအားလုံးဖွံ့ဖြိုးတိုးတက်ရန် အဓိကနေရာ ဖြစ်နေသည်။

အာရှတိုက်ရှိနိုင်ငံများကို လေ့လာလျှင်တောင်မှ ဂျပန်နိုင်ငံသည် သုတေသနလုပ်ငန်းများတွင် များစွာရင်းနှီးမြှုပ်နှံကာ တွန်းအားပေးလုပ်ဆောင်နေပြီး ဖွံ့ဖြိုးတိုးတက်လာမှုများမှာလည်း အရှိန်အဟုန်ဖြင့် တိုးတက်လာနေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရသည်။ တစ်ကမ္ဘာလုံးရှိ လူသားအားလုံးအတွက်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်၊ သက်ဆိုင်ရာ တက္ကသိုလ်များ၏ တစ်ကမ္ဘာလုံးဆိုင်ရာ အဆင့်သတ်မှတ်ချက်များတွင် ထိပ်ဆုံးရောက်နိုင်ရေးအတွက် သုတေသနလုပ်ငန်းများမှ လေ့လာတွေ့ရှိ ချက် အသစ်အဆန်းများ၊ ထုတ်ကုန်သစ်များ၊ နည်းပညာအသစ်များကို ဖော်ထုတ်နိုင်အောင် များစွာကြိုးစားကြသည်။ တက္ကသိုလ်များ၊ အင်စတီကျု များမှပြုလုပ်သော သုတေသနလုပ်ငန်းများမှ ရရှိလာသော အောင်မြင်မှုများကြောင့်လည်း ကျွနု်ပ်တို့နေထိုင်ရာ ကမ္ဘာမြေကြီးမှာ နေ့စဉ်တိုးတက်လာနေမှုများ ရှိနေသည်။ ယခုနောက်ပိုင်းနှစ်များတွင် တောင်ကိုရီးယားနိုင်ငံသည်လည်း သုတေသနလုပ်ငန်းများတွင် များစွာရင်းနှီးမြှုပ်နှံပြီး ဖွံ့ဖြိုးတိုးတက်လာအောင် အားထုတ်ကြိုးပမ်းနေသည်။ သိသာထင်ရှားစွာလည်း ဖွံ့ဖြိုးတိုးတက်လာနေသည်ကို လေ့လာတွေ့ရှိရသည်။

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် တက္ကသိုလ်ပညာရေးစနစ်တိုးတက်ကောင်းမွန်ပြီး နိုင်ငံအတွင်း နေရာဒေသမရွေးမှလူငယ်များ တက္ကသိုလ်ပညာရေးကို လက်လှမ်းမီနိုင်အောင် ဆောင်ရွက်ရန်လည်း အလွန်အရေးကြီးသည်။ အချို့ကျောင်းသားများမှာ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်လာကြသော်လည်း ဝေးလံခေါင်သီသော နေရာဒေသများတွင် နေရသောကြောင့်လည်းကောင်း၊ မိဘများမှ ဆင်းရဲနွမ်းပါးသောကြောင့်လည်းကောင်း ဝါသနာ ပါ လေ့လာလိုသည့်ပညာရပ်ကို ဆက်လက်မလေ့လာနိုင်ဘဲမိသားစုစားဝတ်နေရေးအတွက် ရုန်းကန်နေရသည့် လူငယ်များစွာ ရှိနေသည်။ အနာဂတ်နိုင်ငံအတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက် ပြုစုပျိုးထောင်ရေးအစီအစဉ်များတွင် လူတော်လူကောင်းများ လက်လွှတ်ဆုံးရှုံးရမှုများ မရှိသင့်ပေ။ တစ်နိုင်ငံလုံးရှိ ထူးချွန်သောကျောင်းသားများ သင်ယူလိုသည့်ပညာရပ်များကို သင်ကြားခွင့်ရရေး အထူးအလေးပေးဆောင်ရွက်ရပေမည်။

တက္ကသိုလ်ပညာရေးသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျှော်လင့်ချက်ဖြစ်သလို၊ အနာဂတ်ခေါင်းဆောင် မျိုးဆက်သစ်များကို ပုံဖော်ထုဆစ်ပေးနေသည့် နေရာလည်း ဖြစ်သည်။ တစ်ကမ္ဘာလုံးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော အစိတ်အပိုင်းလည်းဖြစ်သည်။ 

နိုင်ငံတစ်နိုင်ငံ၏ နယ်ပယ်ကဏ္ဍစုံအားလုံးအတွက် ကျွမ်းကျင်ထက်မြက်ပြီး စဉ်းစားတွေးခေါ်နိုင်စွမ်းအား၊ တီထွင်ဖန်တီးနိုင်စွမ်းအား၊ ခေါင်းဆောင်နိုင်မှုစွမ်းအားများ ကောင်းမွန်လာစေရန်အတွက် လိုအပ်သော အရည်အချင်းများကို တက္ကသိုလ်ပညာရေးမှ ဖြည့်ဆည်းပေးနိုင်သည်။ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ နိုင်ငံရေးကဏ္ဍစသည့် ကဏ္ဍအားလုံးတွင် ဦးဆောင်နေသော ခေါင်းဆောင်များမှာ တက္ကသိုလ်ပညာရေးပြီးဆုံးပြီးမှ ဆင်းသက်ပေါ်ပေါက်လာကြခြင်းဖြစ်သည်။

ကျွနု်ပ်တို့နိုင်ငံရှိ မျိုးဆက်သစ်လူငယ်များတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အခြားသောပြဿနာများကို ဖြေရှင်းဆောင်ရွက်နိုင်သည့် ပင်ကိုစွမ်းရည်များ ရှိကြသည်။ သို့သော် စိန်ခေါ်မှုရှိနေသော အခြေအနေများတွင် ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် မဆုတ်မနစ်ကြိုးစားရန်နှင့် တီထွင်ဖန်တီးနိုင်ရန် အရည်အချင်းများ ပိုမိုလိုအပ်နေသည်။ ထိုအရည်အချင်းများသည် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုကဲ့သို့ များစွာ အရေးကြီးလှပါသည်။

အများသိထားကြသည့်အတိုင်း ကျွနု်ပ်တို့နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုတွင် အခြားနိုင်ငံများထက်များစွာ နောက်ကျကျန်နေခဲ့သည်။ ကျန်နေဆဲဖြစ်သည်။ ၂၁ ရာစုအတွင်းမှာ အခြားနိုင်ငံများနည်းတူ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံ၏ပုံရိပ်ကို ပြန်လည်မြှင့်တင်ရန် ကြိုးစားရာမှာ နိုင်ငံသားများမှ အတိတ်ကဖြစ်ရပ်များကို လေ့လာဆန်းစစ်မှုများ၊ သင်ယူမှုများ ပြုလုပ်ကြရမည်။ သင့်တော်မည်ထင်သည့် မူဝါဒများကို စမ်းသပ်ကျင့်သုံးရင်းနှင့် သာ အချိန်မကုန်ဆုံးသင့်တော့ပေ။ အတိတ်ကဖြစ်ရပ်များကို လေ့လာဆန်းစစ်သင်ယူမှုများမှ အနာဂတ်အတွက် အလားအလာကောင်းသော မျှော်လင့်ချက်များကို ချမှတ်ဆောင်ရွက်ရတော့မည်။ ထို့အတူပဲ လက်ရှိဖြစ်ရပ်များ၊ ကျင့်သုံးနေသောစနစ်များကို လေ့လာသုံးသပ်မှုများ ပြုလုပ်ပြီး ကောင်းသောအပြောင်းအလဲများကို ချမှတ်ရတော့မည်။ ရည်ရွယ်ချက်များနှင့် ပြင်းပြသော ရည်မှန်းချက် ဆန္ဒများဖြင့် နိုင်ငံ၏ အနာဂတ်ကို ပူးပေါင်းကြိုးစားရတော့မည်။

ဒေါက်တာကိုကိုလတ် (ဇီဝနည်းပညာ)