News

POST TYPE

EDITORIAL

မြန်မာ ကလေးငယ်တွေ အကာအကွယ် မဲ့နေပြီလား (Daily,Vol-4/No-149)
01-Oct-2016
အခု ရက်ပိုင်းအတွင်း ကလေး သူငယ်တွေအပေါ် ကျူးလွန်တဲ့ အမှုအခင်းတွေ အတော်များများ တက်လာတာ တွေ့ရတော့ ကျွန်တော်တို့ မြန်မာ လူ့အဖွဲ့အစည်းမှာ ကလေးသူငယ်တွေ သိပ်ကို အကာအကွယ်မဲ့သလို ဖြစ်နေသလားလို့ တွေးမိတယ်။

အရွယ် မရောက်သေးတဲ့ ကလေးသူငယ်တွေအပေါ် လူစိတ် ကင်းမဲ့နေတဲ့ တိရစ္ဆာန်လိုလူတွေက အဓမ္မ ပြုကျင့်တဲ့သတင်း၊ အိမ်ဖော် ကလေးငယ်တွေကို လူမဆန် နှိပ်စက်တဲ့ သတင်းတွေက ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ အဆင့်အတန်းကို ဇောက်ထိုးကျစေတဲ့ ကိစ္စတွေပေါ့။

အဲဒီလို အမှုအခင်းတွေ ဖြစ်ရင်လည်း လက်ရှိတည်ဆဲ ဥပဒေတွေက ပေးတဲ့ အပြစ်ဒဏ်က မှတ်လောက် သားလောက် မဟုတ်တဲ့အပြင် ငွေပေးပြီး တရားနိုင်အောင်၊ အပြစ်လျော့အောင် လုပ်လို့ရနေတော့ ပြစ်မှု ကျူးလွန်သူတွေ ပိုပြီး အတင့်ရဲအောင် သွယ်ဝိုက် အားပေးနေသလိုပဲ။

တကယ်တော့ ကလေးတွေမှ အကာအကွယ်မဲ့တာ မဟုတ်ဘူး။ အရွယ် ရောက်ပြီးသား လူကြီးတွေလည်း အိမ်ထဲမှာ ထိုင်နေရင်းတောင် အချိန်မရွေး အနုကြမ်းစီး၊ ဓားပြတိုက်၊ လူသတ်၊ မီးရှို့သွားနိုင်တဲ့ အန္တရာယ်ကလည်း ရှိနေပြန်တယ်။

ဒီနေရာမှာတော့ အဲဒီ တရားဥပဒေ မစိုးမိုးတဲ့ ကိစ္စတွေကြောင့် ဖြစ်ရတဲ့ ပြစ်မှုတွေအပြင် တိုင်းပြည်ကို အလွဲ စီမံခန့်ခွဲခဲ့တဲ့ အကျိုးဆက်၊ ပြည်တွင်းစစ်နဲ့ ဆင်းရဲတွင်း နက်ရတာတွေကြောင့် တိုက်ရိုက်ရော၊ သွယ်ဝိုက်ပြီးတော့ရော ကလေးငယ်တွေ ထိခိုက် ခံစားရတဲ့ ကိစ္စတွေ မနည်းမနော ရှိနေတာကို အဓိက မီးမောင်း ထိုးပြချင်တာ။

မွေးကင်းစ ကလေးငယ်လေးတွေကအစ အသုံးချပြီး တောင်းရမ်း စားသောက်နေတာ၊ မိဘ ဆွေမျိုးသားချင်းရဲ့ အုပ်ထိန်းမှုအောက်မှာပဲ ရှိနေရမယ့် ကျောင်းမနေသေးတဲ့ အရွယ်လေးတွေ၊ ကျောင်းစာသင်ခန်းထဲမှာ ရှိနေရမယ့် အရွယ်မျိုးစုံ ကလေးတွေ တောင်းရမ်း စားသောက်နေတာ၊ ခိုး၊ နှိုက်၊ အလစ်သုတ် ဖြစ်နေတာတွေက ရန်ကုန်မှာတော့ မမြင်ချင်မှ အဆုံး ဖြစ်နေတယ်။

တချို့ကျတော့ လမ်းလယ်ကောင်မှာ၊ မီးပွိုင့်မှာ နေပူ၊ မိုးရွာ မရှောင်၊ ညဉ့်နက်၊ လင်းအားကြီး မရှောင် လာသမျှ ကားတွေကို ပန်းရောင်းတဲ့ အလုပ်ကို နောက်ကွယ်ကနေ ခိုင်းစားခံနေကြတဲ့ သနားစဖွယ် ကလေးငယ်တွေ ရှိနေတယ်။ တချို့ဆို မီးပွိုင့် မီးနီနေတုန်း ရပ်ထားတဲ့ကားကို မှီပြီး အိပ်ငိုက်နေရှာတဲ့ ကလေးငယ်လေးတွေ ဘဝက အန္တရာယ် သိပ်ကြီးလှတယ်။

နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် မိဘမဲ့ ကလေးပေါင်း များစွာထဲက ကယ်တင် စောင့်ရှောက်မှု ခံရတဲ့ ကလေး ရှိသလို ကယ်တင် စောင့်ရှောက်မှု မခံရဘဲ ကိုယ့်ဝမ်း ကိုယ်ကျောင်းရင်း လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေမှာ၊ လမ်းခင်းတဲ့ နေရာမှာ၊ သဲထမ်းတဲ့ နေရာမှာ၊ အုတ်ဖုတ်တဲ့ နေရာမှာ ပင်ပင်ပန်းပန်း အလုပ် လုပ်နေကြရတဲ့ ကလေးတွေ၊ အိမ်ဖော်၊ အိမ်အကူ ဘဝနဲ့ အနှိပ်အစက်ခံ၊ အနှိမ် ခံနေကြရတဲ့ ကလေးတွေ အများကြီး ရှိနေတယ်။

နယ်စပ် ဒေသတွေမှာတော့ ပြည်တွင်းစစ်ကြောင့် အခြေတကျ မနေနိုင်ကြဘဲ ကျောင်းနေရတဲ့အချိန် သိပ်နည်းပြီး နေ့စဉ် ထမင်း နပ်မှန်အောင်တောင် အလှူရှင် မျှော်၊ ကိုယ့်ဘာသာ မနည်း ရုန်းကန်နေကြရတဲ့ မိသားစုက ကလေးငယ်တွေ၊ စစ်ပွဲကြောင့် မိဘမဲ့ ဖြစ်ရတဲ့ ကလေးငယ်တွေ တစ်ဖက်နိုင်ငံမှာ ကျွန်သာသာ အလုပ်၊ ပြည့်တန်ဆာအလုပ် လုပ်ပြီး ဘဝ ဆုံးသွားရှာခဲ့ကြသူတွေ၊ လက်နက်ကိုင် တပ်တွေရဲ့ စစ်သား စုဆောင်းရေးမှာ အသက် မပြည့်ဘဲ ပါသွားသူတွေ ဘယ်လောက် များနေပြီလဲ။

တချို့ မူးယစ်ဆေးဝါးနဲ့ အရက်သေစာ သုံးစွဲသောက်စားတဲ့ အဖေဆိုးတွေ၊ အဲလို ယောကျ်ားမျိုးနဲ့ ရလို့ စိတ်ဒဏ်ရာ ရပြီး ကြမ်းတမ်း ခက်ထန်လာတဲ့ မိခင်မျိုးတွေနဲ့ အတူနေရတဲ့ ကလေးငယ်တွေ ခမျာမှာလည်း အဖေက မူးရင် ရိုက်တဲ့ဒဏ်၊ အမေက စိတ်တို၊ စိတ်အလို မကျရင် နှိပ်စက်သလိုမျိုး ရိုက်တဲ့ဒဏ် ခံနေကြရရှာတဲ့ အဖြစ်တွေကလည်း မရေမတွက်နိုင်အောင် ရှိနေပြန်တယ်။

အရင်းစစ် ရရင်တော့ ဆင်းရဲ မွဲတေမှု၊ အသိပညာ နိမ့်ပါးမှု၊ ပတ်ဝန်းကျင်ဆိုးရဲ့ ရိုက်ခတ်မှုတွေကြောင့် မြန်မာ ကလေးသူငယ်တွေ အကာအကွယ် မဲ့သလို ဖြစ်နေတာ။ ဒါကို ကာကွယ် ကုစားဖို့ဆိုရင် ဆင်းရဲတာ၊ ချမ်းသာတာ နောက်ထားပြီး အစိုးရ ဘတ်ဂျက်ထဲကနေ ပမာဏ တစ်ခု အတိအကျ သတ်မှတ်ပြီး လက်တွေ့ ကူညီ စောင့်ရှောက်မှုတွေ လုပ်ရမယ်။

ယူနီဆက်လို ကုလသမဂ္ဂ ကလေးသူငယ်ဆိုင်ရာ ရန်ပုံငွေ အဖွဲ့မျိုးနဲ့ ချိတ်ဆက်ပြီး ကလေး သူငယ်တွေကို အကာအကွယ်၊ အစောင့်အရှောက် ပေးဖို့ စီမံကိန်း၊ စီမံချက်၊ ဥပဒေ အမြန်ဆွဲပြီး အမြန် ချက်ချင်း အကောင်အထည် ဖော်ရမယ်။ နောက်ကျတာနဲ့အမျှ ဆိုးကျိုး များနိုင်တယ်ဆိုတာ သတိ ချပ်စေချင်တယ်။

အယ်ဒီတာ(၁-၁ဝ-၂ဝ၁၆)


  • VIA