News

POST TYPE

EDITORIAL

ဖားကန့်၊ တောင်ဥက္ကလာအဖြစ်ဆိုး၊ အစိုးရနှင့် နိုင်ငံသားတို့၏ တာဝန် (Daily, Vol.6/No.83)
17-Jul-2018 tagged as

ဖားကန့်တွင် တောင်ကမ်းပါးယံ ပြိုကျခြင်းကြောင့် ဆယ်ဂဏန်းနှင့်ချီသော ရေမဆေးကျောက်ရှာဖွေသူများ သေဆုံးသွားခြင်း၊ တောင်ဥက္ကလာပမြို့နယ်တွင် ရေမြုပ်နေသော လမ်းပေါ်ပြတ်ကျနေသည့် လျှပ်စစ်ဓာတ်ကြိုးပေါ် တက်နင်းမိသောကြောင့် အသက် ၁၃ နှစ်အရွယ် ရှစ်တန်းကျောင်းသားကလေး သေဆုံးသွားခြင်းတို့ကို အကြောင်းပြုကာ အွန်လိုင်းလူမှုကွန်ရက်ပေါ်တွင် သက်ဆိုင်ရာတာဝန်ရှိသူများကို ပြစ်တင်ဝေဖန်သော မှတ်ချက်အများအပြား တက်လာသည်ကိုတွေ့ရသည်။

ဖားကန့်သည် မကြာခဏဆိုသကဲ့သို့ မြေစာပုံပြိုကျပြီး ရေမဆေးကျောက် ရှာဖွေသူ လူငယ်အများအပြား သေဆုံးနေခြင်းမှာ ဖြစ်ရိုးဖြစ်စဉ်သဘောမျိုး ရှိနေသောကြောင့် သက်ဆိုင်ရာက ဂရုမထား အလေးမပေးသည့်အသွင် ဆောင်နေခြင်းကြောင့် အပြစ်တင်ခြင်းမှာ မလွန်သော်လည်း ပြတ်ကျ ဓာတ်ကြိုးတက်နင်းမိသော ကလေးငယ်ကိစ္စမျိုးတွင် ဝင်ရောက်ကူညီကယ်ဆယ်သူများ ရုတ်တရက် ထွက်ပေါ်မလာခြင်းကိုမူ ပြစ်တင်ရန်မသင့်ပေ။

ရေလွှမ်းနေသော လမ်းမပေါ်သို့ လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျနေခြင်းကြောင့် ဓာတ်လိုက်နေသူတစ်ဦးကို ကယ်ဆယ်ရာတွင် နည်းလမ်းမမှန်ပါက ကူညီကယ်ဆယ်သူပါ အသက်အန္တရာယ်ရှိတတ်သောကြောင့် အထက်ဆိုခဲ့ပါ ကလေးငယ်ကို ချက်ချင်း ကူညီကယ်ဆယ်ပေးမည့်သူ မရှိခြင်းဖြစ်ရာ လျှပ်စစ်အန္တရာယ်နှင့် အရေးပေါ်ကယ်ဆယ်ကူညီရေးလုပ်ငန်းများကို စာသင်ကျောင်းများအပါအဝင် အစိုးရ၊ ပုဂ္ဂလိက နေရာဌာန၊ လုပ်ငန်းတိုင်းတွင် ပညာပေး လေ့ကျင့်သင်ကြားပေးထားသင့်သည်။

စင်စစ်အားဖြင့် လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျနေခြင်းကြောင့် လူသေဆုံးမှု ဖြစ်ပေါ်ခြင်းမှာလည်း ရန်ကုန်မြို့တော်တွင် ပထမဦးဆုံးအကြိမ်မဟုတ်ဘဲ အကြိမ်ရေ ဆယ်ဂဏန်းထက်မနည်း ဖြစ်ခဲ့ဖူးခြင်းကြောင့် လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း သို့မဟုတ် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ပေါ့ဆမှုက လူပြောစရာဖြစ်နေသည်။

ဖားကန့်ကဲ့သို့နေရာမျိုး၏ အကျည်းတန်လှသော မြင်ကွင်းများ၊ ဖြစ်စဉ်များကို ဆယ်စုနှစ်တစ်ခုကြာလာသည်အထိ မီဒီယာမျိုးစုံမှ ဖော်ပြထုတ်လွှင့်ကာ သက်ဆိုင်ရာ တာဝန်ရှိသူများ သတိပြုမိစေရန် မီးမောင်းထိုးထောက်ပြခဲ့သော်ငြား ယနေ့အချိန်အထိ အဖိုးတန်သော လူ့အသက်များ စတေးနေရခြင်းမှာ ဝမ်းနည်းစရာဖြစ်သည်။

ထို့အတူ လျှပ်စစ်ဓာတ်ကြိုးပြုတ်ကျ၍ လူသေဆုံးမှုများကိုလည်း မီဒီယာမျိုးစုံတွင် ဖော်ပြသတိပေးခဲ့လင့်ကစား ယနေ့ အသက် ၁၃ နှစ်အရွယ် ပညာထူးချွန်သော ကျောင်းသားလူငယ်လေးတစ်ဦး လမ်းမပေါ်တွင် အသက်ဆုံးရှုံးသွားခြင်းကဲ့သို့ များစွာစိတ်မကောင်းဖွယ်ရာ အဖြစ်ဆိုးမျိုး ကြုံတွေ့နေရခြင်းမှာ သက်ဆိုင်ရာတာဝန်ရှိသူများအပေါ် ဒေါသထွက် စိတ်ပျက်စရာဖြစ်စေခဲ့သည်။

မြန်မာနိုင်ငံတွင် ခေါက်ရိုးကျိုးနေသော စီမံခန့်ခွဲမှုပုံစံမှာ ဆန်စဉ်ရာ ကျည်ပွေ့လိုက်သကဲ့သို့ သူခိုးပြေးမှ ထိုးကွင်းထပြီး အောက်ခြေမှ တာဝန်ရှိသူများကို အပြစ်ပေးအရေးယူခြင်းမျိုးဖြစ်သည်။ မဖြစ်ခင် ကြိုတင်ကာကွယ်ရေး၊ ဖြစ်လာပါက ချက်ချင်းကယ်ဆယ်ကူညီရေး အစီအစဉ်များ ကြိုတင်လေ့ကျင့် ပြင်ဆင်မထားဘဲ ကြုံလာသည့်အခါမှ၊ အများပြည်သူက ဝိုင်းဝန်း ပြစ်တင်ကန့်ကွက်သည့်အခါမှ မလွှဲမရှောင်သာ ဝတ်ကျေတမ်းကျေ ထ၍တုံ့ပြန်သည့် အလေ့အထမှာ များစွာအရုပ်ဆိုးလှသည်။

အထက်ပါ အဖြစ်အပျက်နှစ်ခုကို ထောက်ချင့်ခြင်းအားဖြင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာန သို့မဟုတ် ပြည်သူ့ရေးရာ ဝန်ဆောင်မှုလုပ်ငန်း နယ်ပယ်တွင် တာဝန်သိ၊ တာဝန်ယူ၊ တာဝန်ခံစိတ်များစွာ နည်းပါးလျော့ရဲနေကြောင်း ပေါ်လွင်ထင်ရှားစေသည်။

ထို့အတူ သယံဇာတ တူးဖော်ထုတ်လုပ်ရောင်းချခြင်းကိုသာ အားကိုးနေရဆဲ နိုင်ငံမျိုးရှိ ဖားကန့်ကဲ့သို့ နေရာမျိုးတွင် မူးယစ်ဆေးဝါး၏ သားကောင်အဖြစ် လူညွန့်တုံးနေရသည့်အပြင် အချိန်မရွေး မြေစာပုံအောက်တွင် အရှင်လတ်လတ် မြေမြှုပ်ခံရနိုင်သည့် အန္တရာယ်တောတွင် မျှော်လင့်ချက်ဖြင့် အချိန်ကုန်ဆုံးနေကြရသော နိုင်ငံတစ်ခု၏ လုပ်အားစွမ်းရည်အထက်မြက်ဆုံး၊ ဉာဏ်စွမ်းရည် အသုံးအတည့်ဆုံး လူငယ်အများအပြား ဘဝဆုံးနေရခြင်းမှာ ဝမ်းနည်းစိတ်မကောင်းဖြစ်စရာ ကောင်းလှသည်။

ထိုအခြေအနေအားလုံးသည် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများ၏ အားနည်းချက်ကြောင့်ဟု ဆိုနိုင်သော်လည်း အခြားတစ်ဖက်တွင်လည်း နိုင်ငံသား တစ်ဦးချင်းစီ၏ တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု လိုအပ်ချက်များလည်း အကျုံးဝင်သည်။

ဆိုလိုသည်မှာ ဖြတ်လမ်းနည်းဖြင့် ချမ်းသာကြွယ်ဝလိုသော မျိုးဆက်အဖြစ် သွယ်ဝိုက်၍သော်လည်းကောင်း၊ တိုက်ရိုက်အားဖြင့်သော်လည်းကောင်း လမ်းပြ၊ သင်ကြားပေးသလိုဖြစ်သွားခဲ့သော မိဘ၊ ပတ်ဝန်းကျင်နှင့် လက်ဝါးကြီးအုပ် ဈေးကွက်စီးပွားရေးစနစ်၊ အမှိုက်ကို ရေမြောင်းအတွင်း စည်းကမ်းမဲ့ စွန့်ပစ်ခြင်းကဲ့သို့ တစ်ဦးချင်းဆိုင်ရာ ဓလေ့စရိုက်ဆိုး၊ ပြည်သူက တိုင်ကြား၊ အသိပေး၊ အကြောင်းကြားပါက ချက်ချင်း အရေးယူဆောင်ရွက်ပေးမှု၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းကို သိမြင်နားလည်သည့် ပြည်သူ့ဝန်ထမ်းဆိုင်ရာ လိုအပ်ချက် စသည့်တို့ကို ဆိုလိုသည်။

မည်သို့ပင်ဆိုစေ အဆိုးကိစ္စများ ကြုံလိုက်ရခြင်းသည် နောင်တွင် အလားတူ အဆိုးများ မကြုံရစေရန် သို့မဟုတ် ထိုသို့ကြုံလာပါက လူ့အသက်များ မဆုံးရှုံးရစေရန် မည်သို့ ကြိုတင်ကာကွယ်သင့်သည်၊ မည်သို့ ကူညီကယ်ဆယ်ရမည်၊ မည်သို့ ပြုစုစောင့်ရှောက်ရမည်၊ မည်သို့ အရေးပေါ် အကူအညီတောင်းရမည်၊ မည်သို့ လျင်လျင်မြန်မြန် စနစ်တကျ တုံ့ပြန်ရမည်၊ မည်သည့်ကိစ္စဆိုလျှင် မည်သည့်ဌာန၊ ဝန်ထမ်းအစုအဖွဲ့က တာဝန်ရှိသည် စသည်တို့ကို စနစ်တကျ လေ့ကျင့် သင်ကြား၊ အသိပညာပေးခြင်း၊ တိတိကျကျ တာဝန်ပေးခြင်း၊ လိုအပ်သော အကာအကွယ်၊ ကိရိယာပစ္စည်းများ လုံလုံလောက်လောက် ထောက်ပံ့ပေးခြင်းတို့ကို အချိန်မဆိုင်း စီစဉ်ပြင်ဆင်သင့်ပြီဖြစ်ကြောင်း မီးမောင်းထိုး ဖော်ပြလိုပေသည်။  

အယ်ဒီတာ ( ၁၆-၇-၂၀၁၈ )

  • TAGS