News

POST TYPE

EDITORIAL

ကံဆိုး၊ ကံကောင်း (Daily, Vol-6/No-81)
14-Jul-2018

အားလုံးသိတဲ့ လောကနိယာမတစ်ခုက အဆိုးနဲ့အကောင်း အမြဲတစေ ဒွန်တွဲနေလေ့ ရှိတယ်ဆိုတာပါ။ ဘယ်သူမှ အဆိုးကိုမလိုလားပေမယ့် အကောင်းကိုလိုချင်ရင် အဆိုးနဲ့ မဖြစ်မနေ တွဲယူရတယ်။ ဒါကြောင့် အဆိုးကြုံရရင် အကောင်းလာချင်လို့ပဲဆိုပြီး နှလုံးသွင်းထားရတယ်။

အများမြင်သာထင်သာရှိစေမယ့် ဥပမာက ထိုင်း၊ မြန်မာနယ်စပ် မယ်ဆိုင်မြို့အနီး ဂူထဲမှာ ပိတ်မိခဲ့တဲ့ကလေးငယ်တွေပဲ။ ဂူထဲ ပိတ်မိနေတဲ့အချိန်က သူတို့အတွက်တော့ သိပ်ကို ချောက်ချားတုန်လှုပ်စရာ အိပ်မက်ဆိုးတွေ မက်နေတဲ့အချိန်တွေပေါ့။ အခန့်မသင့်ရင် လာကယ်သူတွေ မတွေ့ခင် အသက်ဆုံးသွားနိုင်တယ်မဟုတ်လား။

ဂူထဲမှာ ကံဆိုးစွာ လမ်းပျောက်နေတဲ့အချိန် ကံကောင်းထောက်မလို့ လက်ထောက်နည်းပြရဲ့ အဆုံးအမ၊ ခေါင်းဆောင်မှုနဲ့ လှုပ်လှုပ်ရှားရှားမလုပ်ဘဲ တရားထိုင်ပြီး အင်အားချွေတာနိုင်ခဲ့လို့ အစာရေစာ မပါသွားပေမယ့် ဆယ်ရက်ကြာတဲ့အထိ တောင့်ခံနိုင်ခဲ့တယ်။

နောက်ဆုံး သူတို့ကိုလာရှာတဲ့သူတွေနဲ့ တွေ့သွားပေမယ့် ရွှံ့ရေတွေလွှမ်းပြီး အတော်ကျပ်ကျပ်တည်းတည်းရှိတဲ့ အထွက်လမ်းကြောင်းကနေ သယ်ထုတ်ဖို့ ရုတ်တရက် ကြံရာမရ ဖြစ်သွားတာက ကံဆိုးမှုလို့ ပြောရမယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲ ဩစတြေးလျက ပညာရှင်တစ်ယောက် အကူအညီနဲ့ အန္တရာယ်ကင်းကင်း ကယ်ထုတ်နိုင်ခဲ့တာ ကံကောင်းတာပေါ့။

တောဝက်ဟု နာမည်ပေးထားတဲ့ ဘောလုံးအသင်းဝင် ဒီကလေးတွေထဲမှာ တချို့က ထိုင်းနိုင်ငံသားအဖြစ် တရားဝင် အသိအမှတ်ပြုခံမထားရသေးသူ သုံးယောက်ပါနေတဲ့အတွက် သူတို့အပြင်ထွက်လာရင် ထိုင်းလူဝင်မှုကြီးကြပ်ရေးက ဖမ်းမယ်ဆိုတဲ့သတင်းတွေ ထွက်ခဲ့သေးတယ်။ အဲဒီကလေးသုံးယောက်အတွက်တော့ ကံဆိုးတာပေါ့။

အဲဒီလို ဖမ်းမယ်ဆိုတဲ့ သတင်းစကားကို အွန်လိုင်းလူမှုကွန်ရက်ပေါ် တင်ခဲ့တဲ့ သက်ဆိုင်ရာ တာဝန်ရှိသူရဲ့အကောင့်ကို ထိုင်းပြည်သူတွေက တော်တော် ပြင်းပြင်းထန်ထန် ဝေဖန်အပြစ်တင်လာကြတဲ့အခါ၊ အင်နှင့်အားနဲ့ဝင်ပြီး မှတ်ချက်ပေး၊ ဖိအားပေးလာတဲ့အခါ ကလေးတွေကို ထိုင်းနိုင်ငံသားအဖြစ် ခံယူခွင့်ပေးမယ် ဆိုတဲ့သတင်း ထွက်လာခဲ့တာ ကံကောင်းတာပေါ့။

ဂူထဲမှာ ပိတ်မိနေတဲ့အချိန်တုန်းက လာကယ်တဲ့သူတွေသာ တကယ်လို့ အချိန်မီ မတွေ့ခဲ့ရင် အသက်တောင် ဆုံးသွားနိုင်တဲ့ ကံဆိုးလှတဲ့ အခြေအနေကနေ ဂူအပြင်ကို ဘေးကင်းကင်း ရောက်လာပြီး သာမန် မထင်မရှား နယ်မြို့ကလေးတစ်မြို့က လူမသိ၊ သူမသိ ဘောလုံးအသင်းသား ကလေးငယ် ဆယ့်နှစ်ဦးနဲ့ လက်ထောက်နည်းပြက ကံကောင်းချင်တော့ ထိုင်းနိုင်ငံမှာတင်မကဘူး ကမ္ဘာအရပ်ရပ်အထိပါ နာမည်ကျော်သွားခဲ့တယ်။

ထိုင်းက တောဝက်ကလေးတွေလို ကျွန်တော်တို့ ကိုယ်တိုင်လည်း နေ့စဉ်ဘဝတွေမှာ ကံကောင်း၊ ကံဆိုးမှုတွေက တစ်ခုပြီးတစ်ခု လာနေမှာပဲ။ ကံကောင်းတာချည်းပဲမရှိသလို ကံဆိုးတာချည်းပဲလည်း ကြုံရမှာမဟုတ်ဘူး။ ကံကောင်းတာတွေကိုပဲ ရွေးပြီး လိုချင်လို့မရတဲ့ လောကနိယာမသဘောကိုသိရင် ကံဆိုးမှု ကြုံတဲ့အခါ အရှုံးမပေးဘဲ ရင်ဆိုင်ကျော်လွှားကြဖို့လိုမယ်။

ဒီနေရာမှာ အရေးကြီးတဲ့အချက်က ကံကောင်း၊ ကံဆိုး ဆိုတဲ့အထဲမှာပါနေတဲ့ “ကံ”ဆိုတာ ကျွန်တော်တို့က ထိုင်စောင့်နေရမယ့်အရာမဟုတ်ဘဲ ကျွန်တော်တို့ကိုယ်တိုင် လက်တွေ့ဘဝမှာ ကိုယ်တိုင်ပြုထားတဲ့ အလုပ်နဲ့ အတိတ်က ကျွန်တော်တို့ပြုခဲ့တဲ့ အမှုကိစ္စတွေကို ကိုယ်စားပြုတယ် ဆိုတဲ့အချက်ပါ။

နောက်ထပ်ပြီး အရေးပါတာက ကံကောင်းအောင်၊ ကံဆိုးအောင် ပံ့ပိုးအားပေးတဲ့ ပတ်ဝန်းကျင်လို့ ဆိုရမယ်။ ထိုင်းလူ့အဖွဲ့အစည်းကို အတိတ်သမိုင်းကြောင်းကနေ ဒီနေ့အချိန်အထိ ပြန်ကြည့်တဲ့အခါ ဗုဒ္ဓရဲ့အဆုံးအမနဲ့ အတော်ကလေး ညီညွတ်အောင် နေခဲ့တဲ့အချက်ကို သွားတွေ့ရတယ်။ သည်းခံမှု၊ သဘောထားကြီးမှု၊ ကိုယ်ချင်းစာမှု၊ နားလည်ခွင့်လွှတ်မှု၊ အပြန်အလှန် လေးစားမှု၊ ကြိုးစားအားထုတ်မှု၊ ပြုလွယ်ပြောင်းလွယ်ဖြစ်မှု စတဲ့စိတ်ပိုင်းဆိုင်ရာ အရည်အချင်းတွေ တစ်နည်းအားဖြင့် ထိုင်းလူ့အဖွဲ့အစည်းရဲ့ လူမှုတန်ဖိုးတွေကို ဂူထဲမှာ ကလေးတွေပိတ်မိတဲ့ ကိစ္စမှာ ထင်းထင်းလင်းလင်း တွေ့လိုက်ရတယ်။

ဒါကြောင့် တကယ်လို့သာ အဲဒီကလေးတွေက မြန်မာကလေးတွေဖြစ်ပြီး မြန်မာပြည်ထဲက ဂူထဲမှာ ဒီလိုပုံစံနဲ့များ ပိတ်မိသွားခဲ့ရင် ဘယ်လိုများ ဖြစ်လာမလဲဆိုတဲ့ ထင်မြင်ယူဆချက်တွေ၊ ခန့်မှန်းတွက်ချက်မှုတွေ၊ သုံးသပ်ဆန်းစစ်မှုတွေ ထွက်လာတယ်။ အဖြေအများစုက ထိုင်းမှာလောက် ကံကောင်းမှုတွေ အများကြီးမတွေ့ရဘူး။ 

ဗုဒ္ဓက မိန့်ထားတယ်။ ကံ ဆိုတာ အတိတ်၊ မျက်မှောက်ဘဝနဲ့ သံသရာ တစ်လျှောက်လုံးက ကျွန်တော်တို့ ကိုယ်တိုင်ပြုထားတဲ့ ကောင်းမှု၊ မကောင်းမှုရဲ့ အကျိုးရလဒ်တဲ့။ သိပ်ရှင်းတဲ့ အဆုံးအမပါ။

ကျွန်တော်တို့ တစ်ဦးချင်းစီ ကံ ကောင်းအောင်၊ ကံ ဆိုးအောင် ပြင်ပက ဘယ်သူ၊ ဘယ်ပယောဂကမှ စေစားခဲ့တာမဟုတ်ဘူး။ ကျွန်တော်တို့ဘာသာပဲ လုပ်ခဲ့ကြတာ။ ဒါကို ထောက်ချင့်ရင် နောင်မှာ ကျွန်တော်တို့နဲ့ ကျွန်တော်တို့ ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းကို ကံဆိုးမှုတွေနည်းပြီး ကံကောင်းမှုတွေများအောင် ကျွန်တော်တို့ အများကြီး လုပ်ရဦးမယ်ဆိုတာ သိစေချင်လို့ပါ။

အယ်ဒီတာ (၁၄-၇-၂၀၁၈)