News

POST TYPE

EDITORIAL

ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုသို့ (Weekly, Vol-12/No-36)
01-Oct-2016
ဖက်ဒရယ် ပြည်ထောင်စု စနစ်၏ အခြေခံ သဘောတရားမှာ နိုင်ငံရေး အာဏာနှင့် အုပ်ချုပ်ရေး အာဏာတို့ကို ပြည်နယ်၊ ဒေသ အသီးသီးသို့ ခွဲဝေ အပ်နှင်းခြင်း သို့မဟုတ် ဗဟို ချုပ်ကိုင်မများ လျှော့ချခြင်း ဖြစ်သည်။

ဖက်ဒရယ် စနစ်ကို မှန်ကန်စွာ ကျင့်သုံးနိုင်ပါက ဒေသအလိုက် သီးခြား ရှိနေသော လိုအပ်ချက်များနှင့် လိုက်လျောညီထွေ ဖြစ်သော ဝန်ဆောင်မှုများကို သက်ဆိုင်ရာ ဒေသ အစိုးရများက မြန်မြန်ဆန်ဆန် တုံ့ပြန် ဆောင်ရွက် ပေးနိုင်ပေသည်။

ဖက်ဒရယ်စနစ်၏ အဓိက အသက်မှာ ပြည်ထောင်စု အစိုးရနှင့် ဒေသဆိုင်ရာ အစိုးရများအကြား နိုင်ငံရေးနှင့် အုပ်ချုပ်ရေး  အာဏာ ခွဲဝေရာတွင် အချိုးညီ၊ ဟန်ချက်ညီ ဖြစ်စေရေး သို့မဟုတ် အချို့ဒေသများအတွက် အချိုးမညီ ဖြစ်နေစေရေးပင် ဖြစ်သည်။

ပုံမှန်အားဖြင့် အာဏာ ခွဲဝေမှု အချိုးညီ ဖြစ်စေရေးကို နားလည်ရ လွယ်ကူသော်လည်း အချိုးမညီ ဖြစ်စေရေးဆိုသော စကားရပ်ကိုမူ နားလည်ရ ခက်သွားနိုင်ပေသည်။ ဆိုလိုသည်မှာ လူမျိုးရေး၊ သီးခြား ခွဲထွက်ရေးတို့နှင့် ပတ်သက်၍ ပြင်းထန်သည့် ပဋိပက္ခများ၊ တိုက်ပွဲများ ဖြစ်ပွားနေသော နေရာဒေသများအတွက်မူ ပြည်ထောင်စု သို့မဟုတ် ဗဟိုအစိုးရက ယင်းဒေသများအတွက် အခြားဒေသများနှင့် မတူသော သီးခြား ပြဋ္ဌာန်းချက်များ၊ အာဏာ ကန့်သတ်မှုများ ရှိနေရသည့် သဘောပင်ဖြစ်သည်။

အထင်ရှားဆုံး ဥပမာအားဖြင့် အင်ဒိုနီးရှား နိုင်ငံမှ အာချေးဒေသနှင့် အိန္ဒိယနိုင်ငံမှ ကက်ချ်မီးယား ပြည်နယ်တို့အတွက်မူ အာဏာကို အကန့်အသတ်ဖြင့်သာ ခွင့်ပြုကာ ဗဟိုအစိုးရများထံတွင် အာဏာပိုထားရှိခြင်း ဖြစ်သည်။

အချို့ ကိစ္စရပ်များအတွက်မူ နှုန်းစံများအတိုင်း စဉ်းစားသည့်အခါ လက်တွေ့ အကောင်အထည်ဖော်ရာတွင် ကြီးမားသည့် အခက်အခဲများနှင့် ကြုံတွေ့ရနိုင်သည့်အတွက် အာဏာခွဲဝေမှုတွင် လက်တွေ့ကျ၍ ဖြစ်နိုင်ခြေ ရှိသော အချိုးအစား ဖြစ်ရန် အရေးကြီးသည်။

သီအိုရီများ၊ လူ့အခွင့်အရေးနှင့် နိုင်ငံရေး စံနှုန်းများချည်း သက်သက်ကြည့်ကာ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရန် အာဏာ ခွဲဝေရေး ဆွေးနွေးပါက အဖြေ မထွက်သည့် ပုစ္ဆာများကိုသာ အဖန်တလဲလဲ တွက်သကဲ့သို့ ဖြစ်သွားနိုင်သည်ကိုလည်း ပညာရှင်များက ထောက်ပြထားသည်။

ပြီးခဲ့သည့် စက်တင်ဘာ လဆန်းက ကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ သို့မဟုတ် ဒုတိယ ပင်လုံညီလာခံတွင် ဆွေးနွေး တင်ပြချက်များ အားလုံးကို ခြုံကြည့်လျှင် လက်တွေ့ကျ၍ ဖြစ်နိုင်သည်များ ရှိသလို ဒေသဆိုင်ရာ သီးခြား ပြဿနာများ ရောနှောနေသည့် နှုန်းစံအရ ချဉ်းကပ်မှုများကိုလည်း တွေ့မြင်ရသည်။

နိုင်ငံရေးအရ အများ လက်ခံနိုင်သည့် “စံနှုန်း”များကို ပြောဆို ဆွေးနွေးခြင်း၊ လက်တွေ့ကျ၍ ဖြစ်နိုင်ခြေရှိသော၊ ထည့်သွင်း စဉ်းစားသင့်သော နည်းလမ်းများကို ဆွေးနွေးခြင်းတို့ကို ပြက်ရယ်ပြုခြင်း၊ ပုဂ္ဂိုလ်ရေး အမြင်၊ လူမျိုးကြီး အမြင်ဖြင့် ပယ်ချခြင်းတို့သည် လတ်တလောအားဖြင့် လက်ခုပ်သံများ ရရှိနိုင်သော်လည်း ရေရှည် အတွက်မူ ကြီးမားသော ပြဿနာ တစ်ခု၏ အရင်းခံအကြောင်း တရား ဖြစ်သွားနိုင်သည်ကို အထူး သတိချပ်သင့်သည်။

ကမ္ဘာ့ လူဦးရေ၏ ၄ဝ ရာခိုင်နှုန်းရှိ နိုင်ငံပေါင်း ၂၅ နိုင်ငံတွင် ဖက်ဒရယ် စနစ်ကို ပုံစံ အမျိုးမျိုးဖြင့် ကျင့်သုံးလျက် ရှိနေသောကြောင့် ၎င်းတို့နောက်မှ လိုက်ရသော မြန်မာနိုင်ငံ အနေနှင့် ယင်း နိုင်ငံများ၏ အားသာ၊ အားနည်းချက်များကို အတုယူ ရှောင်ရှားကာ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် လိုအပ်သည့် အပိုင်းများကို ဒီမိုကရေစီနည်းကျ ပြင်ဆင်၊ ပယ်ဖျက်၊ အသစ် ထည့်သွင်းခြင်းအားဖြင့် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုကို ထူထောင်နိုင်စေကြောင်း အထူး ဖော်ပြလိုပေသည်။

အယ်ဒီတာ (၂၈-၉-၂ဝ၁၆)


  • VIA