News

POST TYPE

EDITORIAL

လူ့အခွင့်အရေးကော်မရှင်က ဩဂုတ်လ၌ အကျဉ်းထောင်များ အပြီးစစ်မည်
09-Jul-2018
ရန်ကုန်၊ ဇူလိုင် ၉ 

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က တစ်နိုင်ငံလုံးတွင် ဖျာပုံနှင့် ဒိုက်ဦး အကျဉ်းထောင်နှစ်ခုသာ စစ်ဆေးရန်ကျန်ရှိခြင်းကြောင့် ယခုနှစ်ဩဂုတ် လကုန်တွင် အပြီးသတ် စစ်ဆေးမည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောကြားသည်။

“ဩဂုတ်လဆို စစ်ဆေးမှု ပြတ်တယ်။ ဒီကြားထဲ တချို့ထောင်တွေကို လိုအပ်သလို ထပ်စစ်ဆေးဖို့ ရှိတယ်”ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဇူလိုင်လ ၉ ရက် နံနက်ပိုင်းတွင် ပခုက္ကူ အကျဉ်းထောင်ကို သွားရောက်စစ်ဆေးခဲ့ပြီးနောက် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

လက်ရှိ ပခုက္ကူအကျဉ်းထောင် စစ်ဆေးမှုအရ အကျဉ်းသား ၅၀၀ ကျော် ထိန်းသိမ်းထားရှိခြင်းကြောင့် အကျဉ်းသား ပမာဏ ၁၀၀ ခန့် ပိုလျှံနေပြီး ၎င်းတို့၏ နေရာထိုင်ခင်း ကျပ်တည်းမှုအတွက် အိပ်ဆောင်တိုးချဲ့ရန် လိုအပ်ကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှု မရှိကြောင်း ဦးယုလွင်အောင်က ထပ်မံဆိုသည်။

အကျဉ်းထောင်များတွင် အဓိက လိုအပ်ချက်အနေနှင့် ကျန်းမာရေးဝန်ထမ်း မလုံလောက်မှု၊ လူဦးရေ ကျပ်တည်းမှု၊ ရေချိုးကန် မလုံလောက်မှု၊ အိမ်သာ မလုံလောက်မှု၊ ထောင်ဝင်စာ တွေ့ဆုံသည့် အခန်းမလုံလောက်မှု စသည့်ပြဿနာများကို အကျဉ်းထောင်တစ်ခု စစ်ဆေးမှု ပြီးစီးပါက တစ်ကြိမ်၊ တစ်နှစ်ချင်းအလိုက် ပေးပို့သော အစီရင်ခံစာများတွင် တစ်ကြိမ် ပြည်ထဲရေးဝန်ကြီးဌာနသို့ အကြံပြုနေကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ထံမှ သိရသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာလမှစ၍ ၂၀၁၈ ခုနှစ် ဇူလိုင် ၉ ရက်အထိ မြန်မာနိုင်ငံရှိ အကျဉ်းထောင် ၄၀ ခု၊ အချုပ်ထောင် ၂ ခု၊ အကျဉ်းစခန်း ၃၈ ခုတို့ကို စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ထံမှ သိရသည်။ 

J-17