News

POST TYPE

EDITORIAL

ဆဲဗင်းဇူလိုင်၊ ဝန်းသိုစော်ဘွားနဲ့ ဒီနေ့ခေတ် လူငယ်တွေ ညံ့သလား (Daily, Vol-6/No-75)
07-Jul-2018

မကြာသေးခင်ရက်ပိုင်းအတွင်းက လူငယ်တွေနဲ့ပတ်သက်ပြီး အားမလို အားမရတဲ့ မှတ်ချက်တွေ၊ ဆွေးနွေးမှုတွေ တက်လာတာတွေ့ရတယ်။ အဓိက ကတော့ ဒီနေ့ခေတ် လူငယ်တွေ အထွေထွေ ဗဟုသုတပိုင်းမှာ သိပ်ကို အားနည်းလာတဲ့အကြောင်းပါ။ 

အများဆုံး ဥပမာပေးကြတာက ရုပ်မြင်သံကြား ဉာဏ်စမ်းအစီအစဉ်တွေမှာ မေးတဲ့ မေးခွန်းတွေထဲက လွယ်ကူပြီး သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကိုတောင် မသိကြတော့ဘူး၊ မြန်မာပြည်ရဲ့ အထင်ကရ နေ့ထူးနေ့မြတ်မျိုး၊ သမိုင်းဝင် ရက်မျိုးတွေကိုလည်း မသိကြတော့ဘူး ဆိုတာတွေပေါ့။

အထူးသဖြင့်တော့ ပထဝီတို့ သမိုင်းတို့နဲ့ ပတ်သက်ဆက်စပ်တဲ့ မေးခွန်းတွေဆိုရင် လူငယ်အများစု အားနည်းကြတယ်။ Channel-7  ရုပ်သံလိုင်းက လာတဲ့ Money Dropအစီအစဉ်မှာဆို လာဖြေတဲ့ လူငယ်အများစုက ကိုယ်ပိုင်လေ့လာထားတဲ့ ဗဟုသုတမျိုးကို အခြေခံပြီး ဖြေတာထက် လောင်းကစားဆန်ဆန် ဖြစ်နိုင်ခြေကို မှန်းဆ၊ ခန့်မှန်းပြီး ဖြေကြတာ သတိထားမိတယ်။ 

ဒီနေ့ ဆဲဗင်းဇူလိုင်လို သမိုင်းဝင် ရက်မျိုးကို လူငယ်တော်တော်များများ မသိကြတော့ဘူး။ အခုနောက်ပိုင်း ရန်ကုန်မြို့က လမ်းပေါ်သွားလာနေတဲ့ လူတွေထဲက ကျပန်းရွေးပြီး မေးခွန်း အတိုလေးတွေ မေးပြီး အွန်လိုင်းလူမှု ကွန်ရက်ပေါ် တင်ပေးတဲ့သူတွေ ပေါ်လာတယ်။ အဲဒီမေးခွန်းတွေထဲက မနေ့က မေးတဲ့ ဆဲဗင်းဇူလိုင်လို နေ့မျိုးကို လူငယ်တွေ မသိကြတော့ဘူး။

အဲလို မသိကြတော့တာနဲ့ ပတ်သက်ပြီး လူငယ်တွေအပေါ် အားမလို အားမရ ဝေဖန်ကြတာ၊ တချို့ အထင်သေး အပြစ်တင်တာမျိုးတွေ လုပ်ကြတယ်။ တကယ်တော့ ဒီပြဿနာက လူငယ်တွေရဲ့ အားနည်းချက်ချည်းပဲ မဟုတ်ဘူး။ ပြောမယ်ဆို လူငယ်တွေမှာ အပြစ်မရှိဘူး။ သေချာသုံးသပ်ဆန်းစစ်ကြည့်တော့ ပြဿနာရဲ့ အရင်းအမြစ်က ဝိဇ္ဇာပညာရပ်ကို အထင်သေးသွားအောင် စီမံထားတဲ့ ပညာရေးစနစ်ကို သွားတွေ့တယ်။ 

ဒီဘက်ခေတ် ပညာရေးက အားလုံးသိကြတဲ့အတိုင်း တစ်ချိန်လုံး စမ်းသပ်နေတဲ့ ပညာရေးစနစ်။ အဲဒီတော့ ကလေးတွေ၊ လူငယ်တွေက ဓာတ်ခွဲခန်းထဲက အစမ်းသပ်ခံ ကြွက်ငယ်လေးတွေလို ဖြစ်နေတယ်။ ဝိဇ္ဇာနဲ့ သိပ္ပံ တွဲလိုက်၊ ခွဲလိုက်၊ မြန်မာလို သင်ရာကနေ အင်္ဂလိပ်လို ပြောင်းသင်လိုက်၊ မြန်မာလို အကုန် ပြန်ပြောင်းလိုက်၊ အင်္ဂလိပ်လိုနဲ့ မြန်မာ စပ်ကြားဖြစ်လိုက်နဲ့ အမျိုးမျိုး ပြောင်းနေကြတယ်။

ဒီနေရာမှာ ကျွန်ပညာရေးစနစ်လို့ပြောခဲ့တဲ့ ဗြိတိသျှ ကိုလိုနီအစိုးရ ပြဋ္ဌာန်းပေးခဲ့တဲ့ ပညာရေးစနစ်နဲ့ လွတ်လပ်ရေးခေတ်ဦး ပါလီမန် ဒီမိုကရေစီခေတ် ပညာရေးစနစ်၊ အဲဒီနောက် ၆၂ အာဏာသိမ်းပြီး တော်လှန်ရေးကောင်စီခေတ် ပညာရေး၊ အဲဒီကနေမှ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ပညာရေးကနေ ၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်အစိုးရလက်ထက် ပညာရေးအထိ ပြန်ကြည့်လိုက်ရင် မြန်မာ့ပညာရေး အဆင့်အတန်း တဖြည်းဖြည်း နိမ့်ကျလာတာ တွေ့ရမယ်။

ကိုလိုနီပညာရေးက ဘာပဲပြောပြော ဗိုလ်ချုပ်အောင်ဆန်းလို၊ ဦးနုလို၊ ဦးသန့်လို ကမ္ဘာသိခေါင်းဆောင်တွေ မွေးထုတ်ပေးနိုင်ခဲ့တယ်။ အဲဒီပညာရေးစနစ်ကို အမွေဆက်ခံခဲ့တဲ့ ပါလီမန် ဒီမိုကရေစီခေတ်နဲ့ လမ်းစဉ်ပါတီ ခေတ်ဦးအထိ မြန်မာ့ပညာရေး အဆင့်အတန်းက ဒေသတွင်းတွင်မက အနောက်နိုင်ငံကြီးအချို့အထိပါ ဂုဏ်သတင်း မွှေးပျံ့ခဲ့တယ်။ ပါမောက္ခ ဦးဖေမောင်တင်လို၊ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းလို၊ မြန်မာပညာရှိ ဦးဖိုးလတ်လို၊ စီးပွားရေး ပညာရှင် ဒေါက်တာလှမြင့်တို့လို ပုဂ္ဂိုလ်ကျော်ကြီးတွေ မွေးထုတ်ပေးခဲ့တယ်။

လမ်းစဉ်ပါတီ ခေတ်နှောင်းအထိ ကိုလိုနီခေတ်နဲ့ ပါလီမန်ခေတ်က ပညာသင်ခဲ့ရသူတွေက ရန်ကုန်နဲ့ မန္တလေးက တက္ကသိုလ်ကြီးတွေမှာ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ပြီး ပညာဖြန့်ဝေပေးခဲ့ကြတဲ့အတွက် အဲဒီခေတ်က ကျောင်းသားတွေက ညံ့တဲ့စာရင်းထဲ မပါဘူး။ 

ပြောချင်တာက ခေတ်၊ စနစ်တစ်ခုရဲ့ မျိုးဆက်သစ်လူငယ်တွေရဲ့ အရည်အချင်းကို အဲဒီခေတ်စနစ်က ပြဋ္ဌာန်းသတ်မှတ်ခဲ့တဲ့ ပညာရေးမူဝါဒနဲ့ အကောင်အထည်ဖော်တဲ့ နည်းလမ်းတွေကိုလိုက်ပြီး တော်၊ သင့်၊ ညံ့၊ သုံးစားမရဆိုပြီး ခွဲခြားနိုင်တယ် ဆိုတာကိုပါ။ ခေတ်အဆက်ဆက်မှာ လူငယ်တွေ မညံ့ခဲ့ကြဘူး။ မွေးရာပါ ဗီဇနဲ့ ပတ်ဝန်းကျင်ရဲ့ အရောင်တင်မှု၊ အားပေးမှု၊ လေ့ကျင့်ပျိုးထောင်မှုအပေါ် မူတည်ပြီး အရည်အချင်း ကွာခြားသွားကြတာ။

ဒီဘက်ခေတ်ကတော့ ပညာတော်သူတွေ၊ ပညာတတ်တွေထက် ဖြတ်လမ်းနည်းက ဘယ်လိုချမ်းသာရမလဲဆိုတဲ့ အလွဲလမ်းလိုက်သူတွေ များလာအောင် အလွဲရှေ့ဆောင်လမ်းပြသူတွေ ကြီးစိုးနေတဲ့ ခေတ်ဆိုးကြီးအတွင်းမှာ မွေးဖွား၊ လူလားမြောက်၊ ကြီးပြင်းလာကြတဲ့အတွက် လူငယ်တွေမှာ အားနည်းချက် ရှိနေတာ သိပ်တော့ မဆန်းလှဘူး။

ထူးချွန်ထက်မြက်ပြီး ဘဝမှာ အောင်မြင်နေတဲ့ လူငယ်၊ လူလတ်တွေကို ကြည့်ရင် ခေတ်စနစ်က သတ်မှတ်ပြဋ္ဌာန်းထားတဲ့ ပုံစံခွက်ပညာရေးစနစ်ထဲမှာ ကိုယ့်ကိုယ်ကို မြှုပ်နှံမထားဘဲ ဖောက်ထွက်ပြီး ကိုယ့်ဘာသာ ဖြည့်ဆည်း လေ့လာ၊ သင်ယူခဲ့ကြသူတွေ များတယ်။ ခေတ်ကလည်း ပညာသင်ယူလေ့လာနိုင်တဲ့ အခွင့်အလမ်းတွေ၊ နယ်ပယ်တွေ၊ လမ်းကြောင်းတွေ၊ နည်းလမ်းတွေက အရင် တံခါးပိတ်ထားခဲ့တဲ့ ခေတ်နဲ့ မတူတော့တာလည်း ပါတယ်။ 

ဒါပေမဲ့ ခေတ်စနစ်ရဲ့ ရိုက်ခတ်မှု၊ ပုံစံခွက် ပညာရေးစနစ်ထဲ ပိတ်မိနေပြီး ကိုယ့်ကိုယ်ကို ရှာမတွေ့ဘဲ ပျောက်သောလမ်းမှာ စမ်းတဝါးဝါး ဖြစ်နေတဲ့ လူငယ်တွေက အများစုဖြစ်နေသေးတယ်။ ဒီလူငယ်တွေမှာ ဝန်းသိုစော်ဘွား ဦးအောင်မြတ်ရဲ့ ဝန်းသိုမြို့က ဘယ်ပြည်နယ်၊ တိုင်းဒေသကြီးမှာရှိလဲဆိုတဲ့ မေးခွန်းနဲ့ ဆဲဗင်းဇူလိုင်က ဘာအထိမ်းအမှတ်နေ့လဲဆိုတဲ့ မေးခွန်းတွေ မဖြေနိုင်တာ ထူးဆန်းတဲ့ ကိစ္စမဟုတ်ဘူးလို့ ပြောချင်တာပါ။

အယ်ဒီတာ (၇-၇-၂၀၁၈)