News

POST TYPE

EDITORIAL

အောင်လအန်ဆန်းကပေးတဲ့ သင်ခန်းစာ (Daily, Vol-6/No-69)
30-Jun-2018

မနေ့ညက One Championship လိုက်ဖ် ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲအဖြစ် ရန်ကုန် သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံမှာ မြန်မာနိုင်ငံကိုယ်စားပြု အောင်လအန်ဆန်းက ဂျပန်နိုင်ငံကိုယ်စားပြု ဟဆဲဂါဝါ (Hasegawa) ကို အနိုင်ထိုးသတ်ပြီး ပြောသွားတဲ့စကားတစ်ခွန်းက သိပ်ကိုတန်ဖိုးရှိပြီး သိပ်ကို သတိချပ်စရာ ကောင်းတယ်လို့ ပြောရမယ်။

“ဒီနေ့ပွဲနဲ့အတူ အဓိက ပြောချင်တာက ကျွန်တော်တို့ အားလုံး စုစည်းညီညွတ်ရင် ငြိမ်းချမ်းရေး အပါအဝင် အရာအားလုံးကို ကျော်ဖြတ်အောင်မြင်နိုင်တယ် ဆိုတာပါပဲ”ဆိုတဲ့ စကားနောက်ကွယ်မှာ အဓိပ္ပာယ်တွေ အများကြီး ပျော်ဝင်နေတယ်။

အားလုံး သိကြတဲ့အတိုင်း မြန်မာပြည်၊ မြစ်ကြီးနားဇာတိ ကချင်တိုင်းရင်းသား အောင်လအန်ဆန်းက လွန်ခဲ့တဲ့ ငါးနှစ်ကျော်လောက်က အမေရိကန် ကိုယ်ခံပညာပေါင်းစုံ လက်ဝှေ့ပြိုင်ပွဲတွေမှာ ထိုးသတ်ပြီး မြန်မာစပါးအုံးလို့ နာမည်ကျော်နေတဲ့ လက်ဝှေ့သမားပါ။ အဲဒီတုန်းက ထိုးသတ်ပွဲတွေမှာ အနိုင်ရတိုင်း ကချင် အမျိုးသားအလံကို ပခုံးထက်မှာခြုံပြီး ကချင်ဒေသနဲ့ ကချင်တိုင်းရင်းသား စစ်ဘေး ဒုက္ခသည်တွေအတွက် အမြဲ ဆုတောင်းပေးတဲ့သူပေါ့။

မကြာသေးခင် နှစ်ပိုင်းကျမှ စင်ကာပူအခြေစိုက် ဝမ်းချန်ပီယံရှစ် One Championship ကလုပ်တဲ့ ပြိုင်ပွဲတွေမှာ ဝင်ထိုးပြီး ချန်ပီယံဖြစ်လာတဲ့အခါမှာတော့ မြန်မာနိုင်ငံကိုယ်စားပြု လက်ဝှေ့သမားအနေနဲ့ တရားဝင် နာမည်ခံ ထိုးသတ်ပြီး အနိုင်ရတိုင်း မြန်မာနိုင်ငံ အလံခြုံ အောင်ပွဲခံခဲ့တယ်။ 

ဒီနေရာမှာ ပြောချင်တာက အရင်က ကိုယ့်တိုင်းရင်းသား တစ်မျိုးတည်း၊ ဒေသတစ်ခုတည်းကိုပဲ ကိုယ်စားပြုခဲ့သလိုဖြစ်ခဲ့တဲ့ အောင်လအန်ဆန်းတောင်မှ မြန်မာနိုင်ငံသား အားလုံးရဲ့ ချစ်မေတ္တာ၊ အားပေးထောက်ခံမှု၊ ဂုဏ်ပြု၊ အသိအမှတ်ပြုမှုတွေကို နင့်နင့်သီးသီး ခံစားမိသွားတဲ့အခါ အောင်ပွဲခံတိုင်း မြန်မာနိုင်ငံအလံကို ခြုံလွှမ်းပြီး နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ ချစ်မေတ္တာကို လေးလေးနက်နက် ခံယူသွားတာကိုပါ။

အင်မတန် ရိုးဖြောင့်နှိမ်ချတတ်တဲ့ အောင်လအန်ဆန်းရဲ့ ပိုပြီး အသိအမှတ်ပြု လေးစားစရာ ကောင်းတာက နိုင်ငံသားစိတ်ဓာတ်ပဲ။ အဲဒီစိတ်နဲ့ပဲ မြန်မာနိုင်ငံအတွင်းမှာ လူမှုရေးထောက်ပံ့ ကူညီလှူဒါန်းမှုတွေ၊ လူငယ်စိတ်ဓာတ် မြှင့်တင်အားပေးမှုတွေ၊ ငြိမ်းချမ်းရေး လုပ်ငန်းတွေအပေါ် သိပ်ကို ထိရောက်တဲ့ အကူအညီတွေ ပေးနိုင်ခဲ့တယ်။

ရန် ငါ စည်းခြားလွန်း၊ အဆိုးပြော အနုတ်သဘော မြင်လွန်း၊ ဘေးထိုင် ဘုပြောသူ များလွန်း၊ သေချာ ဂဃနဏ မသိဘဲ ထင်ရာ မြင်ရာ ရမ်းသမ်းဝေဖန် ပြစ်တင်လွန်း၊ စည်းလုံးညီညွတ်မှု နည်းလွန်းတဲ့ မြန်မာလူ့အဖွဲ့အစည်းအနေနဲ့ အောင်လအန်ဆန်းရဲ့ အားကစား စိတ်ဓာတ်ပြည့်ဝတာ၊ ပြိုင်ဘက်အပေါ် ညှာတာ ထောက်ထားတာ၊ လေးစားတာ၊ ပရော်ဖက်ရှင်နယ် ပီသတာတွေ အတုယူသင့်တယ်။

ငါးချီအထိ ရေကုန်ရေခန်း ထိုးသတ်ပြီး နောက်ဆုံးအချီမှာ ဒိုင်ပွဲရပ်နဲ့ အနိုင်ရလိုက်တဲ့ အောင်လအန်ဆန်းအနေနဲ့ ကြိုးဝိုင်းထဲမှာ သတိလစ်မေ့မြောသွားတဲ့ ပြိုင်ဘက်ကို ထမ်းစင်နဲ့ ထုတ်မသွားခင်အချိန်အထိ ရေလာတိုက်တာကိုတောင် မသောက်ဘဲ ကြိုးဝိုင်းအလယ်မှာ ဒူးထောက်ခေါင်းစိုက်ပြီး လေးစား၊ ညှာတာ၊ ထောက်ထားမှု ပြခဲ့တယ်။

နောက်တစ်ရက်မှာ ပြိုင်ဘက်ကို သွားအားပေး၊ လည်ပင်းဖက် နှုတ်ဆက်ပြီး ကြိုးဝိုင်းပြင်ပမှာ ကစားသမား အချင်းချင်းအကြား ချစ်ခင်ရင်းနှီးမှု၊ ပရော်ဖက်ရှင်နယ် ပီသမှု၊ အားကစားစိတ်ဓာတ်ပြည့်ဝမှု၊ လူကြီးလူကောင်းဆန်မှုကို ဖော်ညွှန်းပြခဲ့တယ်။

ဒီအချက်တွေက အထူးသဖြင့် ကိုယ့်အဖွဲ့အစည်းထဲမှာတောင် ကိုယ်နေရာရဖို့အတွက် ကိုယ့်လုပ်ဖော်ကိုင်ဖက်ကို ခြေထိုး၊ တွန်းချ၊ ကုန်းချော၊ ချောက်တွန်းပြီး နေရာယူတတ်သူတွေ၊ ပြိုင်ဘက် အဖွဲ့အစည်းဆိုရင် တရားမျှတမှုရှိရှိ မယှဉ်ပြိုင်ဘဲ အောက်လမ်းနည်းသုံး အနိုင်ရအောင် လုပ်၊ အပြတ်အသတ် ချေမှုန်း၊ ကျူပင်ခုတ်၊ ကျူငုတ်မကျန်အောင် ရှင်းတတ်တဲ့ အကြမ်းစား အာဏာနိုင်ငံရေးနယ်ပယ်၊ ကိုယ့်တစ်ဖို့အတွက်ပဲ စဉ်းစားတဲ့လိုင်စင်၊ ပါမစ် စီးပွားရေး နယ်ပယ်ထဲက လူတွေ အထူးသတိပြု အတုယူသင့်တယ်။

အင်အားအကုန်ခံ၊ အသားအနာခံ၊ ပင်ပန်းဆင်းရဲခံပြီး အောင်လအန်ဆန်း နောက်ထပ် မီးမောင်းထိုးပြသွားတာကတော့ ဘေးကနေ ဘာမှ သေချာနားမလည်၊ မသိဘဲ အွန်လိုင်း လူမှုကွန်ရက်ပေါ်ကနေ လုပ်ပွဲကစားသူလို့ စွပ်စွဲ အပြစ်တင်သူတွေရဲ့ နိမ့်ကျသေးငယ်တဲ့ စိတ်သဘောထားတွေကိုပဲ။ အဲဒီလို လူတွေကြောင့် လက်ရှိ မြန်မာလူ့အဖွဲ့အစည်း မတိုးတက်တာလို့ ပြောရင် လွန်မယ်မထင်ဘူး။

ထစ်ခနဲရှိ အပြစ်တင်မယ်၊ ကဲ့ရဲ့လှောင်ပြောင်မယ်၊ အဆိုးပြော ရှုတ်ချမယ်၊ သိမ်ဖျင်းနိမ့်ကျတဲ့ စကားလုံးတွေနဲ့ ရန်ထောင်၊ ဆဲဆိုမယ်၊ လိုရာဆွဲ တံဆိပ်ကပ် ခွဲခြားဆက်ဆံမယ်ဆိုတဲ့သူတွေ များနေသမျှ အဲဒီလူ့အဖွဲ့အစည်း အများနည်းတူ တိုးတက်လာဖို့ မလွယ်ဘူး။ ဒါကို အောင်လအန်ဆန်းက တစ်နည်းတစ်ဖုံ သတိပေးသွားတယ်လို့ ပြောရမယ်။

ပြောရရင် အောင်လအန်ဆန်းကို တစ်နိုင်ငံလုံးက အားပေးချီးမြှောက်ကြ၊ ဝန်းရံထောက်ခံကြ၊ လေးစားချစ်ခင်ကြတာက အလိုလိုနေရင်း ဖြစ်လာတာ မဟုတ်ဘူး။ ကာယကံရှင် အောင်လအန်ဆန်း ကိုယ်တိုင် ငါ မြန်မာပြည်သားဆိုတဲ့ စိတ်နဲ့ ပြိုင်ပွဲတိုင်းကို အားကစားစိတ်ဓာတ် အပြည့်အဝနဲ့ ယှဉ်ပြိုင်ခဲ့လို့၊ နိုင်ငံသားအားလုံးကို အနိုင်လက်ဆောင်ပေးချင်တဲ့ စိတ်ဆန္ဒ၊ စေတနာအပြည့်ရှိလို့၊ ပရိသတ်အပေါ်မှာ တူညီတဲ့တုံ့ပြန်မှု ပြန်ပေးလို့ သူပေးသလောက် သူပြန်ရတာလို့ ဆိုရမယ်။

မနေ့ညက ပွဲအပြီး ကျွန်တော်တို့အားလုံး စုစည်းညီညွတ်ရင် ငြိမ်းချမ်းရေး အပါအဝင် အရာအားလုံးကို ကျော်ဖြတ်အောင်မြင်နိုင်တယ်ဆိုတဲ့ သူ့စကားလို လက်ရှိ ကြိုးစားအကောင်ထည်ဖော်နေတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာ ဖိအားတွေကို ရင်ဆိုင်ကြည့်ကြဖို့ တိုက်တွန်းလိုရင်းပါ။

အယ်ဒီတာ ( ၃၀-၆-၂၀၁၈)