News

POST TYPE

EDITORIAL

သဘောတရားနှင့် လက်တွေ့ (Daily,Vol-6/No-67)
27-Jun-2018 tagged as

မည်သည့်လုပ်ငန်းနယ်ပယ်တွင်မဆို ကြံစည်၊ တွေးတော၊ ထင်မြင်၊ ယူဆ၊ စိတ်ကူးခြင်းတည်းဟူသော သဘောတရားနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဟူသော လက်တွေ့နှစ်ခုပေါင်းစပ်မှသာ အလုပ်ပြီးမြောက်မှုရှိကြောင်း အခြေခံအားဖြင့် သိရှိထားကြသည်။

ကြံစည်၊ တွေးတော၊ စိတ်ကူး၊ မှန်းဆချက်များနှင့် လက်တွေ့အကောင်အထည်ဖော်မှုတို့မှာ အခါခပ်သိမ်း ထပ်တူကျလေ့မရှိဘဲ များသောအားဖြင့် ကွဲလွဲမှုများ ရှိတတ်သည်။

ကွဲလွဲချက်များကို ထောက်ချင့်ကာ သဘောတရားများကို လက်တွေ့ကျစေရန် ပြုပြင်ပြောင်းလဲပေးရသည်။

သဘောတရားနှင့်တူသော သီအိုရီများသည်လည်း ထို့အတူပင်။ အကြိမ်များစွာ လက်တွေ့လှုပ်ရှား၊ ဆောင်ရွက်မှုများကို အခြေခံကာ သဘောတရား၊ သီအိုရီအဖြစ် ထုတ်နုတ်ထားရခြင်းမျိုးဖြစ်သည်။

သို့သော် သမိုင်းကြောင်းဖြတ်သန်းမှု၊ လူမှုပတ်ဝန်းကျင်၊ ယဉ်ကျေးမှု၊ ဓလေ့စရိုက်များ၊ တန်ဖိုးထားမှုများနှင့် စံနှုန်းများ မတူညီသော လူ့အဖွဲ့အစည်းများအကြား သီအိုရီ၊ သဘောတရားတစ်ခုတည်းကို ပုံစံကျ စကေးကိုက် ကျင့်သုံး၍ မဖြစ်နိုင်ပေ။

ထို့ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် သက်ဆိုင်ရာနိုင်ငံများ၏ ရေခံ၊ မြေခံအခြေအနေများကိုလိုက်၍ နိုင်ငံရေးစနစ်အမျိုးမျိုး၊ စီးပွားရေးမူဝါဒအမျိုးမျိုးကို သက်ဆိုင်ရာနိုင်ငံအလိုက် ပုံစံအမျိုးမျိုးဖြင့် ကျင့်သုံးအကောင်အထည်ဖော်နေကြခြင်း ဖြစ်သည်။

ဒီမိုကရေစီစနစ်ကိုလည်း အမေရိကနှင့် ဥရောပနိုင်ငံများ အလုံးစုံ မတူညီကြသလို ဩစတြေးလျ၊ အာဖရိကနှင့် အာရှနိုင်ငံများ လက်ခံကျင့်သုံးသည့်ပုံစံများ မသိမသာ ကွဲပြားကြသည်။ 

လက်ရှိ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးနယ်ပယ်များတွင်လည်း မူလက ရှိထားခဲ့သည့် သို့မဟုတ် ပျိုးထောင်တည်ဆောက်ထားခဲ့သည့် ရေခံ၊ မြေခံများနှင့် ဆီလျော်မှုရှိသော သဘောတရားနှင့် လက်တွေ့တို့ဖြင့် နိုင်ငံတည်ဆောက်ရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေကြရခြင်းဖြစ်သည်။

ထို ရေခံ၊ မြေခံ အခြေအနေများနှင့် ဆီလျော်အပ်စပ်မှုမရှိသော စံနှုန်းဆန်လွန်းသော သဘောတရားများဖြစ်နေပါလျှင် လက်တွေ့အကောင်အထည်ဖော်သည့်အခါ အခက်အခဲများ၊ ပြဿနာများဖြင့် ရှုပ်ထွေးကာ ရှေ့မရောက်နိုင်ဘဲ ဖြစ်နေတတ်သည်။

ဆိုလိုသည်မှာ လက်ရှိမြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးရေခံ၊ မြေခံများကို သမိုင်းကြောင်းနှင့်တကွ သေချာဂဏ ကျေညက်စွာ သိရှိစေရန် အားထုတ်လေ့လာကာ ယင်းတို့နှင့် လိုက်လျောညီထွေရှိမည့် ရေတို၊ ရေရှည်နည်းနာများ၊ သဘောတရားများ ဖော်ထုတ်ခြင်းအားဖြင့် ဖြစ်နိုင်ခြေရှိပြီး လက်တွေ့ကျသော ရေတို၊ ရေရှည် အကောင်အထည်ဖော်ဆောင်ရွက်မှုများ ရှိလာနိုင်ကြောင်းပင်ဖြစ်သည်။

မည်သည့်လုပ်ငန်းနယ်ပယ်တွင်မဆို လက်တွေ့မပါသော သဘောတရားချည်းသက်သက်၊ သဘောတရားမပါသော လက်တွေ့ချည်းသက်သက် သီးခြားသွား၍မရဘဲ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက် မူလကရှိနေသော ရေခံ၊ မြေခံ အကြောင်းတရားများကို အခြေခံ၍ သဘောတရားနှင့် လက်တွေ့အချိုးကျကျ ပေါင်းစပ်ရသည်ဆိုခြင်းကို သိစေလိုရင်းဖြစ်သည်။

အယ်ဒီတာ (၂၇-၆- ၂၀၁၈)

(လက်ရှိဖြစ်ပေါ်နေသော အခြေအနေနှင့် ကိုက်ညီနေသောကြောင့် ၁၄-၂-၂၀၁၇ နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြခဲ့ပြီးသော အယ်ဒီတာ့အာဘော်ကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။)

  • TAGS