News

POST TYPE

EDITORIAL

ယုံကြည်မှု ကျနေတာ ကောင်းသလား (Daily, Vol-6/No-63)
23-Jun-2018 tagged as မြန်မာအစိုးရ

တစ်နေ့ကပဲ Peace ဆိုတဲ့အဖွဲ့က ၂၀၁၇ ခုနှစ်က ကောက်ထားတဲ့ နိုင်ငံသားတွေရဲ့ ဒီမိုကရေစီ မျှော်မှန်းချက်ဆိုင်ရာ သဘောထားအမြင် စစ်တမ်းတစ်ခု ထုတ်ပြန်တယ်။ အဲဒီထုတ်ပြန်ချက်မှာ ဘာပါလဲဆိုတော့ မြန်မာပြည်သူ အချင်းချင်းအကြားမှာ ယုံကြည်မှုနဲ့ နားလည်ပေးနိုင်မှုက ၁၇ ရာခိုင်နှုန်းပဲရှိသတဲ့။ အဲဒီ ရလဒ်က ကျွန်တော်တို့ နိုင်ငံအတွက် သိပ်ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး။

ပိုဆိုးတာက အဲဒီ ရာခိုင်နှုန်းက လွန်ခဲ့တဲ့ သုံးနှစ်နဲ့နှိုင်းယှဉ်ရင် အနိမ့်ဆုံး ဖြစ်နေတာပဲ။ လူအချင်းချင်း ဆက်ဆံတဲ့အခါ တစ်ဦးနဲ့တစ်ဦး မယုံကြည်ဘဲ သတိထား ဆက်ဆံနေရတယ်လို့ ဖြေတဲ့သူက ၇၄ ရာခိုင်နှုန်း(လေးပုံ သုံးပုံ) ရှိနေတယ်လို့ စစ်တမ်းက ဆိုထားပြန်တယ်။ 

ဒီစစ်တမ်းထဲက မြန်မာပြည်မှာရှိတဲ့ လူပုဂ္ဂိုလ်အချင်းချင်းအကြား ယုံကြည်မှုနဲ့ နားလည်နိုင်မှုဆိုတာကို ရှင်းအောင်ပြောရရင် ကိုးကွယ်မှု၊ ဘာသာ၊ လူမျိုးနဲ့ နိုင်ငံရေးအမြင်သဘောထား မတူသူတွေကို လက်ခံနိုင်မှု ဒါမှမဟုတ် နားလည်နိုင်မှု အခြေအနေကိုသိရအောင် စစ်တမ်းကောက်ထားတာလို့ Peace အဖွဲ့က ပြောထားတယ်။

အဲဒီစစ်တမ်းရဲ့ရလဒ်အရဆိုရင် ကျွန်တော်တို့ မြန်မာပြည်သူတွေကြားမှာ သံသယနဲ့ မယုံသင်္ကာဖြစ်မှုတွေ တော်တော် များနေပြီဆိုတာ ထင်ရှားတယ်။ ဘာဖြစ်လို့ ဒီလောက် အချင်းချင်း ယုံကြည်မှုတွေ ကျဆင်းနေတာလဲလို့ မေးစရာ ဖြစ်လာတယ်။ 

ဖြစ်နိုင်တာကတော့ ကျွန်တော်တို့ကြားထဲမှာ ယုံကြည်မှု ပျက်ပြားစေတဲ့ အကြောင်းတရားတွေ တစ်ခုမဟုတ်တစ်ခု ရှိနေလို့ပဲ။ အဲဒီအကြောင်းတရားတွေက ဘာတွေဖြစ်မလဲ။ ထိပ်ဆုံးက ရှိနေနိုင်တာက ကုန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်လောက်ကစပြီး သိသိသာသာ ဖြစ်လာတဲ့ ဘာသာရေး၊ လူမျိုးရေး အလွဲ လှုံ့ဆော်သွေးထိုးမှုတွေပဲ။ 

အွန်လိုင်းလူမှုကွန်ရက်ပေါ်မှာ တက်လာသမျှ လူစိတ်ဝင်စားတဲ့ ကိစ္စဆိုရင် ဆိုင်ဆိုင် မဆိုင်ဆိုင် ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်တဲ့ မှတ်ချက်တွေ အများကြီး ဝင်ပေးနေကြတယ်။ တချို့အကောင့်တွေဆို လူစည်စည်ရှိတဲ့ အကောင့်တိုင်း၊ အကြောင်းအရာတိုင်းမှာ တမင် ရည်ရွယ်ချက်နဲ့ကို အစွန်းရောက် မှတ်ချက်တွေ ဝင်ပေးနေကြသလိုပဲ။ 

နောက်တစ်ချက်ကတော့ တရားဥပဒေစိုးမိုးမှု မရှိတာပဲ။ အကျင့်ပျက် ခြစားမှုတွေနဲ့ နပန်းလုံးနေတဲ့ တရားရေး မဏ္ဍိုင်ရယ်၊ အဲဒါနဲ့ ဆက်စပ်နေတဲ့ အာဏာအဝန်းအဝိုင်းတွေရယ်က ဥပဒေအထက်မှာ တစ်စုံတစ်ယောက်၊ တစ်ဖွဲ့ ရှိနေသလို ပြည်သူကို ထင်မှတ်သွားစေတယ်။ အဲလို ထင်မှတ်သွားအောင်လည်း လက်တွေ့သာဓက ဖြစ်စဉ်တွေက အများကြီး။ 

တရားဥပဒေ စိုးမိုးမှုမရှိတဲ့အတွက် နေ့စဉ် လှုပ်ရှားသွားလာမှုအပြင် အိမ်ထဲမှာ၊ တိုက်ခန်းထဲမှာ ရှိနေတဲ့ အချိန်မှာတောင် ဘယ်အချိန် ဘယ်လို အန္တရာယ်၊ ဒုက္ခ ရောက်လာလေမလဲ စိုးရိမ်သောက ပွားနေကြရတယ်။ တစ်နေ့ကပဲ တက္ကစီငှားစီးတဲ့ FDA ဝန်ထမ်း အမျိုသမီးကို အဓမ္မကျင့်၊ လုယက်၊ သတ်ဖြတ်လိုက်တဲ့ သတင်းက တစ်နိုင်ငံလုံး အုတ်အော်သောင်းတင်း ဖြစ်သွားတာပဲကြည့်။

စီးပွားရေး နယ်ပယ်မှာဆိုလည်း အလွဲသုံးစားမှုတွေ၊ လိမ်လည်မှုတွေ နေ့တိုင်း ကြားနေရသလိုပဲ။ တစ်လောကပဲ အတိုးနှုန်း မက်လုံးတွေပေးပြီး ငွေတွေ သန်းထောင်ချီ လိမ်သွားတယ်။ ပဲလောကနဲ့ ဆန်လောကမှာလည်း ယုံကြည်မှုကို ဖောက်ဖျက်ပြီး အလွဲသုံးစား လုပ်သွားတာတွေ အများကြီး။ 

နိုင်ငံရေး လောကမှာဆိုရင်ရော ဘာထူးလို့လဲ။ ဒီနေ့အထိ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု မတည်ဆောက်နိုင်သေးတဲ့အတွက် ပြည်တွင်းစစ်မီး မငြိမ်းသေးတာပေါ့။ အာဏာရပါတီနဲ့ အာဏာလက်လွှတ်ပါတီအကြား၊ လူမျိုးတူ၊ ဒေသတူ ပါတီအချင်းချင်းအကြား၊ လက်နက်ကိုင်အဖွဲ့တွေအကြား၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား ဒီနေ့အထိ နားလည်မှု၊ ယုံကြည်မှု မရသေးဘူး။ 

ပြောရရင် ကျွန်တော်တို့တစ်တွေ တစ်ဦးနဲ့ တစ်ဦးကြား ဒီလို နားလည်မှု၊ ယုံကြည်မှုတွေ ကျလာတာ လက်ရှိ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းတွေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းတွေအတွက် စဉ်းစားကြည့်ရင် အင်မတန် ရင်လေးစရာပဲ။ ဒီနေ့ အာဏာရပါတီနဲ့ အစိုးရရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုတာက ဒီလို ယုံကြည်မှုတွေ ကျနေတာနဲ့ဆို ဖြစ်မှဖြစ်ပါ့မလားလို့ ပူမိတယ်။

တိုင်းပြည် ဆင်းရဲတွင်း နက်နေသမျှ၊ ပြည်တွင်းစစ်မီး လောင်နေသမျှ၊ လူတစ်စု၊ တစ်ဖွဲ့လက်ထဲမှာပဲ နိုင်ငံရဲ့ အာဏာ၊ ဩဇာနဲ့ ဥစ္စာဓနရှိနေသမျှ၊ ဥပဒေအောက်မှာ နိုင်ငံသားတိုင်း တစ်ပြေးညီမဖြစ်သေးသမျှ ကျွန်တော်တို့ အချင်းချင်းအကြား ယုံကြည်မှုတွေ ကျပြီးရင်း ကျနေမှာပဲ။

အဲလို မဖြစ်ချင်ရင်တော့ နိုင်ငံနဲ့ချီပြီး တာဝန်ရှိသူတွေက လက်တွေ့ကျတဲ့ နည်းလမ်းတွေရှာပြီး အခုကတည်းက ကာကွယ်ပြင်ဆင်ဖို့ လုပ်ရမယ်။ ကျွန်တော်တို့ နိုင်ငံသားအားလုံးကလည်း ကိုယ်တတ်နိုင်တဲ့နေရာက ဝင်ကူကြဖို့လိုမယ်။ အနိမ့်ဆုံးအဆင့် ကိုယ်တိုင်နဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေအကြား ယုံကြည်မှု တက်လာအောင် လုပ်ပေးကြဖို့ပါ။

အယ်ဒီတာ(၂၃-၆-၂၀၁၈) 

(လက်ရှိဖြစ်ပေါ်နေသော အခြေအနေနှင့် ကိုက်ညီနေသောကြောင့် ၂၇-၁-၂၀၁၈ နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြခဲ့ပြီးသော အယ်ဒီတာ့အာဘော်ကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။)