News

POST TYPE

EDITORIAL

လူငယ်ငြိမ်းချမ်းရေး စကားဝိုင်းများ မည်သူ့အတွက်နည်း (Daily, Vol-6/No-58)
17-Jun-2018 tagged as

ဒေါ်အောင်ဆန်းစုကြည်နှင့် မွန်လူငယ်များ ငြိမ်းချမ်းရေး စကားဝိုင်းကို မွန်ပြည်နယ်မြို့တော် မော်လမြိုင်တွင် ကျင်းပခဲ့ရာ ထုံးစံအတိုင်း စကားဝိုင်းအပေါ် အားပေးထောက်ခံမှု များပြားခဲ့သလို ကျင်းပပြီးစီးခဲ့သော စကားဝိုင်းများနှင့်မတူ ဝေဖန်ထောက်ပြမှုများလည်း ရှိခဲ့ခြင်းမှာ ထူးခြားသည်။

အခြေခံအားဖြင့် နိုင်ငံ့ခေါင်းဆောင်တစ်ဦးက လူငယ်များနှင့် တိုက်ရိုက်တွေ့ဆုံစကားပြောခြင်း၊ လူငယ်များကို မေးခွန်းများ မေးခွင့်ပြုခြင်းတို့မှာ ယခင်နှစ်များစွာက မည်သို့မျှမဖြစ်နိုင်သောကိစ္စဟု ဆိုနိုင်ပြီး ယနေ့မှသာ လူငယ်များ ယခုကဲ့သို့ အခွင့်အရေး ရလာခြင်းဖြစ်သည်။

သို့သော် လတ်တလော တိုက်ပွဲများ မရှိသော ပြည်နယ်ဖြစ်သောကြောင့် ငြိမ်းချမ်းရေး စကားဝိုင်း ခေါင်းစဉ်အောက်တွင် ငြိမ်းချမ်းရေးနှင့် တိုက်ရိုက်မသက်ဆိုင်သော မေးခွန်း အများစုဖြစ်နေပြီး သက်ဆိုင်ရာ ဒေသအစိုးရနှင့် လွှတ်တော်များအဆင့်ဖြင့် ဖြေရှင်းနိုင်သော ပြဿနာများ ဖြစ်နေပေသည်။

အောက်ခြေအဆင့်တွင် ဒေသဆိုင်ရာ အစိုးရ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များက မလေ့လာ၊ မစုံစမ်း၊ မသိရှိခြင်း၊ မကြားချင်ယောင်ဆောင်၊ အလေးမထားခြင်း သို့မဟုတ် ဖုံးကွယ်ထားခြင်းမျိုး ရှိနေသောကြောင့် ဒေသအဆင့် သို့မဟုတ် သက်ဆိုင်ရာ ဝန်ကြီးဌာနအဆင့်တွင်ပင် ဖြေရှင်းပြီးစီးရမည့် ဒေသပြဿနာများကို နိုင်ငံတော်အတိုင်ပင်ခံနှင့် တွေ့ဆုံခိုက် အသိပေးတင်ပြခွင့် ရရှိကြခြင်းဟုလည်း ဆိုနိုင်သည်။

ထို့အတူ အသက် ၇၃နှစ် ရှိနေသူတစ်ဦး၏ အရွယ်နှင့် မလိုက်အောင် အာရုံစူးစိုက်မှု၊ မေးခွန်းများအပေါ် စိတ်ပါဝင်စားစွာနားထောင်မှု၊ တစ်ဦးချင်းအပေါ် အလေးအနက်ထားမှု၊ ချက်ချင်း အချိန်မဆိုင်း ပြဿနာကို ဖြေရှင်းစေမှု၊ ပြဿနာတစ်ခုချင်းကို သဘောပေါက် နားလည်နိုင်မှုတို့မှာလည်း အသိအမှတ်ပြုရမည့်အချက်ဖြစ်သည်။

ထို့အပြင် ယခင် ကနဦး ကျင်းပခဲ့ပြီးသော အခြား ငြိမ်းချမ်းရေး စကားဝိုင်းများတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် တိုက်ပွဲများနှင့် ပတ်သက်သည့် အကြောင်းအရာများကို တိုက်ရိုက်တစ်မျိုး သွယ်ဝိုက်၍တစ်မျိုး ဥပမာပေး၊ ညွှန်းဆိုထည့်သွင်းပြောဆိုမှုများ ရှိခဲ့လင့်ကစား ယခုတစ်ကြိမ်တွင်မူ ယင်းကိစ္စနှင့်ပတ်သက်၍ တစ်လုံးတစ်ပါဒမျှ မပါဝင်တော့သည့်အချက်မှာ ထူးခြားသည်။

အခြားတစ်ဖက်တွင်မူ ဒေသခံများ၏ မေးခွန်းအချို့ကို အခြားငြိမ်းချမ်းရေး စကားဝိုင်းများကဲ့သို့ပင် သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့မှ သက်ဆိုင်ရာ ဝန်ကြီးကို ပရိသတ်ရှေ့ ခေါ်ယူဖြေရှင်းရာတွင် ခေါ်ဆိုသည့် ပုံစံ၊ အသုံးအနှုန်း၊ လေသံတို့မှာ မိမိလက်အောက်ငယ်သားကို မိမိကပြန်၍ သိက္ခာချ၊ အရှက်ရစေသကဲ့သို့ ဖြစ်နေကြောင်း ဝေဖန်မှုများလည်း ရှိနေပေသည်။

တရားဝင်သဘောအရ နိုင်ငံတော်သမ္မတသည် နိုင်ငံတော်၏ အထွတ် အထိပ် ရာထူးဖြစ်သော်ငြား နိုင်ငံတော် အတိုင်ပင်ခံဆိုသော ရာထူးဖော်ထုတ်ကာ အများအမြင်တွင် သမ္မတအထက်တွင်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ဒီမိုကရေစီခေါင်းဆောင်ဘဝနှင့် အာဏာနိုင်ငံရေး နယ်ပယ်သို့ ထဲထဲဝင်ဝင် လုပ်ကိုင်ဆောင်ရွက်နေသော ဘဝအကြား ကွဲပြားစွာ ပိုင်းခြား ကျင့်သုံးနိုင်မှု အားနည်းခြင်း၊ ၎င်း၏ အစိုးရအဖွဲ့တွင် လူမှန်၊ နေရာမှန် မဖြစ်သောကြောင့် ယနေ့အထိ အသိအမှတ်ပြုလောက်ဖွယ် စွမ်းရည်မပြသနိုင်သေးခြင်းတို့အပေါ်တွင်လည်း နှိုင်းယှဉ် သုံးသပ်ထောက်ပြမှုများလည်း ရှိသည်။

မည်သို့ပင်ဖြစ်စေ နိုင်ငံတော်အတိုင်ပင်ခံ၏ ငြိမ်းချမ်းရေး စကားဝိုင်းများသည် လူငယ်များကို နေရာပေး၊ အလေးထားသည့်သဘော၊ ယုံကြည်အားကိုးလိုသည့်သဘော တစ်နည်းအားဖြင့် အနာဂတ်နိုင်ငံတော်ကို ဦးဆောင်ပေးကြမည့် ခေါင်းဆောင်နေရာကို လွှဲပြောင်းပေးရမည့် မျိုးဆက်သစ်များကို တရားဝင် အသိအမှတ်ပြု၊ ဂုဏ်တင်ပေးသည့်သဘော ဖြစ်သည့်အတွက် ကြိုဆိုထောက်ခံအားပေးသင့်ကြောင်း ပြောလိုရင်းဖြစ်သည်။

အယ်ဒီတာ (၁၇-၆-၂၀၁၈)

  • TAGS