News

POST TYPE

EDITORIAL

မြစ်ကြီးနားမြို့ပေါ်ရှိ စစ်ရှောင်ဒုက္ခသည်စခန်းများကို လူ့အခွင့်အရေးကော်မရှင် စစ်ဆေးမည်
15-Jun-2018
ရန်ကုန်၊ ဇွန် ၁၄

မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်သည် ဇွန်လ ၁၇ ရက်မှစ၍ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်း IDP များသို့ သွားရောက်စစ်ဆေးမည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောကြားသည်။

မြစ်ကြီးနားမြို့ပေါ်ရှိ IDP စခန်း ၁၅ ခုကို ဇွန်လ ၁၇ ရက်မှ ၂၃ ရက်ထိ တစ်ပတ်ကြာသွားရောက် စစ်ဆေးမည်ဖြစ်ပြီး ယင်းကာလတွင် မိုးညှင်းအကျဉ်းထောင်ကိုပါ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ရှိ၊ မရှိ စစ်ဆေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဒုက္ခသည်စခန်းတွေကို ကော်မရှင်က ဥပဒေအရ စစ်ဆေးပိုင်ခွင့်ဆိုတာပါတယ်။ နောက်ပြီး ကချင်ငြိမ်းချမ်းရေး ကွန်ရက်ကလည်း လာစစ်ပေးဖို့ စာပို့ထားတယ်။ စခန်းတွေမှာ တွေ့ရှိချက်တွေကိုလည်း ဌာနဆိုင်ရာအလိုက် တင်ပြသွားမယ်”ဟု ၎င်းက ဆိုသည်။

ထိုသို့စစ်ဆေးရာတွင် ဒုက္ခသည်စခန်းများရှိ လူငယ်များ၏ ပညာရေးကဏ္ဍလိုအပ်ချက်များ၊ ကျန်းမာရေးနှင့် အရေးပေါ်အကူအညီများအတွက် ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံ အရေးပေါ်ဖြေရှင်းပေးရန် တင်ပြမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ကချင်၊ ရှမ်း၊ ကရင်နှင့်ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၅ ခုတွင် ဒုက္ခသည်စခန်း ၁၄၀ ၊ လူ ၁၆၀,၀၀၀ ကျော်ရှိပြီး အဆိုပါ ဒုက္ခသည်စခန်းများ ပိတ်သိမ်းရန် မဟာဗျူဟာ စီမံကိန်းရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကို ဇွန်လ ၂ ရက်က နေပြည်တော် မင်္ဂလာသီရိဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

J-18


  • VIA