POST TYPE

EDITORIAL

သိပံ္ပဘာသာရပ် သင်ကြားမှုနှင့် အဓိက သာမည (Daily,Vol-6/No-56)
14-Jun-2018

အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ အခြေခံပညာအထက်တန်း သိပ္ပံဘာသာရပ်များသင်ကြားရာတွင် သိပ္ပံဆိုင်ရာ အခေါ်အဝေါ်များမှတစ်ပါး အခြားရှင်းလင်းချက်များအားလုံးကို မြန်မာဘာသာဖြင့်သင်ကြားသင့်ကြောင်း အကြံပြုချက်အပေါ် ဇွန်လ ၁၂ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဝေဖန်၊ ထောက်ခံမှုများဖြင့် ဆူညံသွားခဲ့သည်။

ယင်းအဆိုကို ထောက်ခံသူများက လက်ရှိမြန်မာနိုင်ငံ၏ အထက်တန်းပညာရေးစနစ်သည် သိပ္ပံဘာသာရပ်များကို အင်္ဂလိပ်ဘာသာဖြင့် သင်ကြားနေလင့်ကစား အင်္ဂလိပ်စာ ထူးချွန်လာခြင်းမရှိကြောင်း၊ စကားလုံးများကို အလွတ်ကျက် အာဂုံဆောင် ပြန်ဖြေနေကြသည့်အတွက် သိပ္ပံဘာသာရပ်များကိုလည်း နားလည်တိုးတက်လာခြင်းမရှိကြောင်းတို့ကြောင့် မြန်မာဘာသာဖြင့် ပြောင်းလဲသင်ကြားသင့်ကြောင်း ဆွေးနွေးကြသည်။

အင်္ဂလိပ်ဘာသာဖြင့်ပင် ဆက်လက်သင်ကြားသင့်ကြောင်း ရပ်ခံဆွေးနွေးသူများကမူ ကျောင်းသား၊ ကျောင်းသူများ စာမလိုက်နိုင်ရခြင်းသည် ဆရာ၊ ဆရာမများ၏ ပညာရပ်ဆိုင်ရာ အရည်အချင်း၊ သင်ရိုးမပိုင်နိုင်မှုတို့နှင့်သာ သက်ဆိုင်သည့်အတွက် ယင်းအားနည်းချက်များကို ဖြည့်ဆည်းရန်သာ ကော်မရှင်အနေနှင့် စဉ်းစားသင့်သည်ဟူသော အမြင်ကို တင်ပြကြသည်။

စင်စစ်အားဖြင့် မြန်မာနိုင်ငံ၏ အထက်တန်းပညာရေးအပါအဝင် ပညာရေးနယ်ပယ်တစ်ခုလုံးသည် တက်လာသော အစိုးရအဆက်ဆက်၏ မူဝါဒရေးရာ အစမ်းသပ်ခံဖြစ်နေပြီး အင်္ဂလိပ်လိုမှ မြန်မာလို၊ မြန်မာလိုမှ အင်္ဂလိပ်လို စမ်းသပ်ပြောင်းလဲနေခြင်းကြောင့် ကျောင်းသူ၊ ကျောင်းသားများမှာ အစမ်းသပ်ခံ မြေစာပင်များအဖြစ် အသုံးတော်ခံနေကြရသည်။

မြန်မာဘာသာဖြင့် သင်ကြားပါမူ အထက်တန်းအဆင့်မဆိုထားနှင့် တက္ကသိုလ်အဆင့်တွင်ပင် မြန်မာစာကို ဋ္ဌာန်ကရိုဏ်းကျကျ၊ သဒ္ဒါ၊ အသုံးအနှုန်းမှန်မှန်ပြောတတ်၊ ရေးတတ်သူပင် တဖြည်းဖြည်းနည်းပါးလာသော ယနေ့ခေတ်တွင် မိခင်ဘာသာမဟုတ်သည့် သိပ္ပံဘာသာရပ်များကို ခြေခြေမြစ်မြစ် နားလည်တတ်ကျွမ်းရန် လွယ်ကူပါမည်လောဟု မေးစရာရှိပေသည်။

ကွဲပြားခြားနားသော ဘာသာရပ်များကို သင်ကြားပေးရခြင်း၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်မှာ ကျောင်းသူ၊ ကျောင်းသားများကို သက်ဆိုင်ရာဘာသာရပ်အသီးသီးကို အခြေခံကျကျ၊ သဘော၊ သဘာဝနှင့်တကွ နားလည်ရေးဟုဆိုနိုင်သည်။ သို့ဆိုလျှင် ထိုဘာသာရပ်များကို သင်ကြားပေးသည့် ဘာသာစကားမှာ ကြားခံမီဒီယံသဘောဟု ပြောရမည်ဖြစ်သည်။ ကြားခံမီဒီယံသည် အင်္ဂလိပ်ဘာသာဖြစ်စေ၊ မြန်မာဘာသာဖြစ်စေ အဓိကဦးတည်ချက်၊ ရည်မှန်းချက်နှင့် ကိုက်ညီရန်သာ ဦးစားပေးရမည်ဖြစ်သည်။

သို့သော် အခြားတစ်ဖက်တွင်လည်း ကမ္ဘာသုံးဘာသာစကားဖြစ်လာသည့် အင်္ဂလိပ်စာကိုလည်း ထူးချွန်ထက်မြက်လာစေရန် သီးခြားမြှင့်တင်ပေးရမည်ဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံ၏ ပညာရေးစနစ်မှာ ကြားခံပစ္စည်း သို့မဟုတ် သာမညကိစ္စအပေါ်တွင်သာ အလေးအနက်ထားနေပြီး ကျွမ်းကျင်တတ်မြောက်ရေး သို့မဟုတ် အဓိကကိစ္စဘက်တွင် များစွာ ပေါ့လျော့အားနည်းနေသည်ကို တွေ့ရသည်။

ထို့အတူ ကျောင်းသူ၊ ကျောင်းသားများကို မည်သည့် ဘာသာစကားဖြင့်ဖြစ်စေ သင်ကြားပေးကြမည့် ဆရာ၊ ဆရာမများ၏ အရည်အချင်းနှင့် ကျွမ်းကျင်မှုမရှိလျှင်လည်း ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ပေါက်မြောက် နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် လွှတ်တော်တွင် ကန့်ကွက်၊ ထောက်ခံဆွေးနွေးကြသူများ၏ ရှုမြင်ချက်များ လုံးလုံးမှားယွင်း၊ မှန်ကန်သည်ဟု တစ်ထစ်ချမပြောနိုင်ပေ။

သိပ္ပံဘာသာရပ်များ၏ သဘာဝမှာ လက်တွေ့ တီထွင်၊ စမ်းသပ်၊ လုပ်ကိုင်မှုများနှင့် ဆက်စပ်နေသည်။ ထို့ကြောင့် အထက်တန်းအဆင့်အပြင် ပညာရေးလောကအတွင်းရှိ သိပံ္ပဘာသာသင်ကြားပေးသည့် အဆင့်တိုင်းတွင် မည်သို့သော လက်တွေ့လုပ်ကိုင်ဆောင်ရွက်မှုများ၊ သင်ထောက်ကူပစ္စည်းများ အသုံးပြု၍ သီအိုရီနှင့် လက်တွေ့အချိုးညီစေရန် သင်ကြားပေးနေသနည်း၊ သင်ကြားပေးသော ဆရာ၊ ဆရာမများကို မည်သို့ အရည်အချင်းမြှင့်တင်ပေးထားသနည်းဆိုသော အချက်ကိုသာ အဓိကထား စဉ်းစားသင့်ကြောင်း မီးမောင်းထိုး ဖော်ပြလိုရင်းဖြစ်သည်။

အယ်ဒီတာ (၁၄ - ၆ -၂၀၁၈)