News

POST TYPE

EDITORIAL

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က Facebook အကောင့်ပိုင်ရှင်နှစ်ဦးကို အမှုဖွင့်
ရန်ကုန်၊ ဇွန် ၇

တိုက်ကြီးမြို့နယ်၊ အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်က လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘွတ်ခ်အကောင့်နှစ်ခုဖြစ်သည့် Myo Min Min အကောင့်နှင့် ဘရန်စိုင်း အကောင့်နှစ်ခုကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တိုက်ကြီးမြို့မ ရဲစခန်းတွင် တိုင်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

အမှုဖွင့်တိုင်ကြားခံရသူ Myo Min Min အကောင့်သည် မေလ ၂၈ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ဆွေးနွေးသည့်အဆိုကို ပြန်လည်ကူးယူဖော်ပြရာ ၎င်းအောက်ရှိ Commet တွင် ဘရန်စိုင်းအမည်ဖြင့် အကောင့်မှ “ချိန်းဘဒီး ကိုယ့်မြို့သားတွေ တိုးဂိတ်ကြေး ခံနေရတာကို အဆိုမတင်သွင်းဘဲ ဘာဦးနှောက်နဲ့ အုတ်လုပ်ငန်းကို ထည့်ပြောနေရတာလဲ၊ ခင်ဗျားအထက်လူကြီးတွေက ဒီမြို့က အုတ်တွေကြောင့် ဆောက်လုပ်ရေးအတွက် အဆင်ပြေနေတာကိုသိတယ်” ဟုလည်းကောင်း၊ ယင်း Comment အောက်တွင် Myo Min Min အကောင့်မှ “တိုက်ကြီးသားတွေကိုများ အမြင်ကတ်နေတာလား မသိပါဘူးကွာ၊ မျှတရင်တော့ မကပ်လောက်ဘူး၊ သူ့ဘေးနားက သစ်မှောင်ခိုသမားတွေကို မသိသလို နေပေးတယ်လို့ တစ်ဖက်က သတင်းပေးထားတာလည်းရှိတယ်။ မျှတဖို့ပဲလိုတာပါ၊ အုတ်လုပ်ငန်းရှင်တိုက်ကြီးသားတွေက ဂျပလွတ်အဆင့်ပဲ ရှိတယ်။ တရုတ်အုတ်လုပ်ငန်းရှင် (ပြည်မကြီး) တွေကို ဘယ်လိုလုပ်နိုင်မလဲ စောင့်ကြည့်ရမှာပါ” ဟုလည်းကောင်း ရေးသားခဲ့သည့်အတွက် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“ဥပဒေချိုးဖောက်ပြီး တရားမဝင် လုပ်ကိုင်နေတဲ့လုပ်ငန်းတွေ အရေးယူ ဆောင်ရွက်ရာမှာ ယခင်ထက် ပိုမိုလုပ်ဆောင်ပေးဖို့ အစိုးရအဖွဲ့ကို တိုက်တွန်းကြောင်း အဆိုတင်တာ။ အဲဒီအဆိုကိုပဲ ပို့စ်မှာတင်လိုက်တာ၊ အဲဒီအောက်မှာ သူတို့အကောင့်နှစ်ခုက ဝေဖန်ပြောကြတာပါ၊ အကောင့်ပိုင်ရှင်တွေကတော့ ဘယ်ကလဲမသိရသေးဘူး” ဟု အမှုဖွင့်တိုင်တန်းချက်အရ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ယင်းအကောင့်နှစ်ခုမှ ဝေဖန်ပြောကြားမှုများသည် တရားဥပဒေစိုးမိုးရေးအတွက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် တင်သွင်းခဲ့သည့်အဆိုကို ပျက်ပြားစေရန်၊ ပြည်သူများ အထင်အမြင်လွဲမှားစေရန်နှင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ဂုဏ်သိက္ခာကို ထိခိုက်စေရန် ရည်ရွယ်ပြောဆိုရေးသားသည်ဟုဆိုကာ အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

J-16