News

POST TYPE

EDITORIAL

အရှုံးကို ကြိုသိသော်လည်း ၂၀၁၅ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ဟုဦးစိုးသိန်းပြော


ရန်ကုန်၊ ဇွန် ၂ 

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနှင့် ရွေးကောက်ပွဲရှုံးမည်ကို ကြိုသိလျက်နှင့် ကျင်းပပေးခဲ့ခြင်းဖြစ်ကြောင်း ယခင်သမ္မတဦးသိန်းစိန် အစိုးရလက်ထက် သမ္မတရုံးဝန်ကြီးဌာန (၃) ပြည်ထောင်စုဝန်ကြီး တာဝန်ယူခဲ့သူ ဦးစိုးသိန်းက ပြောကြားသည်။

ဦးစိုးသိန်းက ယခင်အစိုးရလုပ်ဆောင်ချက်များနှင့် ပတ်သက်သည့် “ဒီမိုကရေစီ နိုင်ငံတော်သစ်နှင့် သမ္မတဦးသိန်းစိန်” အမည်ရှိ စာအုပ်ကို ထုတ်ဝေခဲ့ပြီး ယင်းစာအုပ်မိတ်ဆက်ပွဲပြုလုပ်သည့် ဇွန်လ ၂ ရက်က Pan Pacific ဟိုတယ်တွင် ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူများအနေနှင့် အပြောင်းအလဲကို မျှော်လင့်နေသည့် အခြေအနေအရ ရွေးကောက်ပွဲရှုံးမည်ကို သိလျက်နှင့် အဆိုပါအထွေထွေရွေးကောက်ပွဲကို ကျင်းပပေးခဲ့ခြင်းဖြစ်ပြီး အဆက်ဆက်သော ဆိုးမွေများအတွက် ကျေနပ်လက်ခံခဲ့ရသည်ဟု ၎င်းက ပြောဆိုသည်။

ထို့ပြင် ရွေးကောက်ပွဲမတိုင်မီ တစ်လအလိုက သမ္မတ၊ ပါတီဥက္ကဋ္ဌအား ရွေးကောက်ပွဲ အောင်နိုင်မည့်အခြေအနေ သုံးသပ်ချက်ကို ပါတီဌာနချုပ်က တင်ပြအစီရင်ခဲ့ရာတွင် တစ်ပြည်လုံးတွင် လွှတ်တော်နှစ်ရပ် ၂၆၀ ကျော် အနိုင်ရမည်ဟု သုံးသပ်တင်ပြခဲ့ပြီး ဦးစိုးသိန်းအနေနှင့် သမ္မတဦးသိန်းစိန်အား အဆိုပါတင်ပြချက် မဖြစ်နိုင်ကြောင်းနှင့် နေရာ ၈၀ ခန့် အနိုင်ရရှိလျှင်ပင် ကျေနပ်ပါမည်ဟု တင်ပြခဲ့ကြောင်း ၎င်း၏စာအုပ်တွင် ထုတ်ဖော်ရေးသားထားသည်။

“ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ရသဖြင့် သမ္မတဦးသိန်းစိန်အနေနှင့် စိတ်ထိခိုက်ပုံရသည်ကို တွေ့ခဲ့ရပါသည်။ ကျွန်တော်တို့လည်း နှစ်သိမ့်အားပေးခဲ့ရပါသည်။ ဒီမိုကရေစီစနစ်၏ သဘောသဘာဝဖြစ်ကြောင်းနှင့် ပြည်သူအများက ယခုထက်ပို၍ အပြောင်းအလဲကို လိုချင်ကြခြင်းဖြစ်ကြောင်း အဆက်ဆက်သော ကောင်းမွေဆိုးမွေများအတွက် ကျွန်တော်တို့အားလုံး ကျေနပ်စွာလက်ခံရမည်”ဟု ဦးစိုးသိန်းက အဆိုပါစာအုပ်တွင် ရေးသားထားသည်။

ထို့ပြင် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ အောင်နိုင်မည့်ပုံမပေါ်သည့်အတွက် ပါတီမှ အလံရှူးများအဖြစ်သာ ဟန်ဆောင်ကြပြီး NLD ပါတီ အလံအောက်သို့ လက်နက်ချသွားသူများရှိကြပြီး တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များနှင့် ကြံ့ခိုင်ရေး ထိပ်တန်းခေါင်းဆောင်များအဖြစ် တာဝန်အမျိုးမျိုး ခံစား၊ စံစားပြီးမှ သစ္စာဖောက်သွားသည့် သာကူးများ မြေခွေးများဟု ဦးစိုးသိန်းက ၎င်းစာအုပ်၏ နောက်ဆုံးပိုင်းတွင် ပြင်းပြင်းထန်ထန် ဝေဖန်ထားသည်။

အဆိုပါ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ပြတ်ပြတ်သားသား အနိုင်ရရှိကာ အစိုးရဖွဲ့နိုင်ခဲ့ပြီး ကြံ့ခိုင်ရေးပါတီက မဲဆန္ဒနယ် ၄၀ တွင်သာ အနိုင်ရရှိခဲ့သည်။

ဦးစိုးသိန်းသည် တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီးရာထူးအထိ တာဝန်ထမ်းခဲ့သူဖြစ်ပြီး တပ်မတော်ကာကွယ် ရေးဦးစီးချုပ် (ရေ) ၊ အမှတ် (၂) စက်မှုဝန်ကြီးဌာန၊ သမ္မတရုံးဝန်ကြီးဌာနတို့တွင်လည်း ပြည်ထောင်စုဝန်ကြီး တာဝန်များကို ယူခဲ့သူဖြစ်သည်။

၎င်းသည် နောက်ထပ် စာအုပ်နှစ်အုပ် ထပ်မံထုတ်ဝေရန် ကျန်ရှိနေသေးပြီး လက်ရှိထွက်ထားသည့် စာအုပ်၏ နောက်ဆက်တွဲ စာအုပ်တစ်အုပ်နှင့် စီးပွားရေး ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်သင့်သည့်အချက်များ ပါဝင်သည့် စာအုပ်တစ်အုပ်ကိုလည်း ထုတ်ဝေရန် ကျန်ရှိနေသေးကြောင်း ၎င်းက ပြောဆိုသည်။

J-09