News

POST TYPE

EDITORIAL

တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များကြား လုံခြုံရေးကဏ္ဍ မပြေလည်သေး
ရန်ကုန်၊ မေ ၃၁

တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြားတွင် ၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ်အစည်းအဝေးကျင်းပရန် လုံခြုံရေးကဏ္ဍအတွက် အလွတ်သဘောဆွေးနွေးမှုတွင် ပြေလည်မှု မရရှိသေးကြောင်း အဆိုပါဆွေးနွေးပွဲတွင် ပါဝင်သူများထံမှ သိရသည်။

တပ်မတော်အစိုးရနှင့်အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့တို့ အကြား ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေးနှင့် ပတ်သက်သည့် ညှိနှိုင်းမရဖြစ်နေသည့်အခက်အခဲများကို ကျော်လွန်ရေးအတွက် အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို မေလ ၃၀ ရက်မှ ၃၁ ရက်ထိ နှစ်ရက်ကြာ နေပြည်တော်တွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

မေလ ၃၀ ရက်က နိုင်ငံရေးကဏ္ဍ အလွတ်သဘောဆွေးနွေးမှုတွင်မူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ဆို့နေမှုများကို ကျော်လွှားနိုင်ခဲ့ကြောင်း နှစ်ဖက်ကိုယ်စားလှယ်များက ပြောကြားခဲ့ကြပြီး မေလ ၃၁ ရက်က ပြုလုပ်သည့် လုံခြုံရေးဆိုင်ရာ အလွတ်သဘော ဆွေးနွေးမှုတွင်မူ ပြေလည်မှု မရရှိသေးဘဲ ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေသေးခြင်းဖြစ်သည်။

လုံခြုံရေးကဏ္ဍ၏တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးမှုတွင် နှစ်ဖက်သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ဆွေးနွေးမှု အဆင်မပြေကြောင်း အမည်မဖော်လိုသည့် အဆိုပါအလွတ်သဘော ဆွေးနွေးပွဲတွင် ပါဝင်သူတစ်ဦးက ပြောကြားသည်။

“ဘာတွေဆွေးနွေးလဲတော့ မပြောချင်ဘူး။ အဆင်မပြေသေးဘူး။ တပ်ပိုင်းဆိုင်ရာတွေက ဆက်ညှိရဦးမယ်” ဟု ၎င်းက ဆိုသည်။

ယင်းအလွတ်သဘော ဆွေးနွေးပွဲနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးကော်မရှင် တာဝန်ရှိသူတစ်ဦးကို မေးမြန်းရာတွင် ၎င်းအနေနှင့် မဖြေချင်ကြောင်း ငြင်းဆန်ခဲ့သည်။

ထို့အပြင် နှစ်ဖက်ဆွေးနွေးပွဲအခြေ အနေကို သတင်းမီဒီယာများကို အသိမပေးရန် သဘောတူထားပြီး ဆက်လက်ဆွေးနွေးသွားရန် လိုအပ်နေဆဲဖြစ်ကြောင်း အဆိုပါဆွေးနွေးမှုတွင် ပါဝင်သည့်မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမို ကရက်တစ်တပ်ဦး (ABSDF) မှ ရဲဘော် မျိုးဝင်းက ပြောကြားသည်။

“အခြေအနေကတော့ ဆွေးနွေးနေဆဲ ဆက်လက်ဆွေးနွေးရမယ်လို့ပဲ ပြောလို့ရမယ်။ ဒါတွေက ဆက်ဆွေးနွေးရမယ့်ကိစ္စတွေပဲလေ ဒီလောက်ပဲ ကျွန်တော်ပြောလို့ရမယ်” ဟု ၎င်းက ဆိုသည်။

NCA သဘောတူစာချုပ်အရ ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံအစည်းအဝေး နှစ်ကြိမ်ကျင်းပပြီးစီးခဲ့သော်လည်း လက်ရှိအချိန်ထိ လုံခြုံရေးကဏ္ဍတွင် အချက်တစ်ချက်မှ သဘောတူနိုင်ခြင်း မရှိသေးပေ။

လုံခြုံရေးကဏ္ဍတွင် တစ်ခုတည်းသော တပ်မတော်ဖွဲ့စည်းရေး၊ ဖက်ဒရယ် တပ်မတော်ဖွဲ့စည်းရေးတို့တွင် အငြင်းပွားမှုများရှိနေပြီး DDR/SSR လုပ်ငန်းစဉ်များဖြစ်သော တပ်များ နေရာချထားရေး ဖြုတ်သိမ်းရေးလုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးနိုင်ခြင်း မရှိသေးပေ။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေးကို ၂၀၁၇ နှစ်ကုန်ပိုင်းက တည်းက ကျင်းပရန် စီစဉ်ထားခဲ့သော်လည်း အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များကြား ညှိနှိုင်းမှု အဆင်မပြေသေးသည့်အတွက် ညီလာခံကျင်းပမည့်အချိန်ကို ယခုနှစ်ဇွန်လအထိ ရွှေ့ဆိုင်းထားရခြင်း ဖြစ်သည်။

လက်ရှိတွင် NCA သဘောတူစာချုပ်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး  (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်း အရုံး (KNU)၊ ကရင်အမျိုးသားအစည်း အရုံး - (ငြိမ်းချမ်းရေးကောင်စီ) (KNU/ KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ (RCSS/SSA) မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ လက်မှတ်ထိုးထားသည်။

J-08