News

POST TYPE

EDITORIAL

တပ်မတော်ပြောခွင့်ရသူများ စာရင်းသစ် မကြာမီထုတ်ပြန်ရန်ရှိ
01-Jun-2018

ရန်ကုန်၊ မေ ၃၁ 

တပ်မတော်နှင့်ပတ်သက်သည့် သတင်းများမေးမြန်းနိုင်ရန် ပြောခွင့်ရသူများစာရင်းသစ်ကို သတင်းမီဒီယာများအတွက် မကြာမီထုတ်ပြန်ပေးမည်ဖြစ်ဟု တပ်မတော်ဘက်က ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ အဖွဲ့ဝင် ဦးမြင့်ကျော်က ပြောကြားသည်။

“အရင်တုန်းကပေးထားတဲ့ ဖုန်းနံပါတ်တွေက ဆက်သွယ်လို့လည်း မရဘူး။ အခု Update ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ရဲဝင်းတို့ပေါ့။ တပ်နဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေကို မီဒီယာသမားတွေ မေးမြန်းဖို့ Update တွေပေးဖို့တောင်းတယ်။ မကြာမီ တပ်ဘက်က ထုတ်ပြန်ပေးမယ်ပြောတယ်” ဟု ၎င်းကဆိုသည်။

သတင်းရယူခွင့်ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန် ထုတ်ပြန်ရေးဦးစီးကော်မတီမှ တာဝန်ရှိသူများ၊ ကက (ပြည်) မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်များပါဝင်သည့် အဋ္ဌမအကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို မေလ ၃၀ ရက်၊ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့၊ ဘောက်ထော် မြဝတီစာပေတိုက်တွင် ပြုလုပ်ခဲ့သည်။

တပ်မတော်သတင်းမှန်ထုတ်ပြန် ရေးဦးစီးကော်မတီမှ တာဝန်ရှိသူများ၏ဖုန်းနံပါတ်များကို မည်သည့်အချိန်တွင် အတိအကျထုတ်ပြန်ပေးမည်ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိဟုလည်း ဦးမြင့်ကျော်က ပြောကြားသည်။

လက်ရှိတွင် သတင်းမီဒီယာသမားများအနေနှင့် တပ်မတော်နှင့်ပတ်သက်သည့်သတင်းများကို ရယူရန် ကာကွယ်ရေးဦးစီးချုပ်ရုံး လူမှုကွန်ရက်စာမျက်နှာ၊ မြဝတီသတင်းစာတို့ကိုသာ ရည်ညွှန်းနေရပြီး သတင်းသဘောသဘာဝအရ အသေးစိတ်သိလိုလျှင် မေးမြန်းရန် အခက်အခဲရှိနေကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။

အဆိုပါဆွေးနွေးပွဲသို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးဦးစီးကော်မတီမှ ဗိုလ်ချုပ်စိုးနိုင်ဦးနှင့် အဖွဲ့ဝင် ၇ ယောက်၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ ဒုတိယဥက္ကဋ္ဌ (၁) ဦးအုန်းကြိုင်၊ ဒုတိယ ဥက္ကဋ္ဌ (၂) ဒေါက်တာ မျိုးသန့်တင်နှင့် အဖွဲ့ဝင် ၁၂ ဦး တက်ရောက်ဆွေးနွေးခဲ့သည်။

J-18