News

POST TYPE

EDITORIAL

အမျိုးသမီး ကျောက်ထုတ်စခန်းများပိတ်ရန် လူ့အခွင့်အရေးကော်မရှင် တိုက်တွန်း
31-May-2018
ရန်ကုန်၊ မေ ၃၀

မန္တလေးတိုင်း ထုံးဘိုနှင့် မွန်ပြည်နယ် မုပ္ပလင်ရှိ အမျိုးသမီးကျောက်ထုတ် စခန်းများကို ပိတ်သိမ်းရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ နှစ်ပတ်လည်အစီရင်ခံစာတွင် အကြံပြု တိုက်တွန်းလိုက်သည်။

အကြံပြုချက်ကို မေလ ၁၈ ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်၌ တင်ပြခဲ့ရာ မေလ ၂၅ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ဝန်ကြီးဌာနအသီးသီးက ဝေဖန်သုံးသပ်ခဲ့ပြီး မေလ ၂၈ ရက်တွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်များက ပြည်ထောင်စုလွှတ်တော်၌ ပြန်လည်ရှင်းပြခဲ့ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောကြားသည်။

“အဓိကက ကာလတာရှည် ကျောက်ထုတ်စခန်းမှာ လုပ်ရတာ၊ ခဏတစ်ဖြုတ်ဆို ကိစ္စမရှိဘူး။ ရေရှည်ကျတော့ အမျိုးသမီးတွေ သားအိမ်ရောဂါတွေ ရလာတယ်။ ကိုယ်ဝန်ဆောင်တွေဆိုလည်း အန္တရာယ်ရှိတဲ့အတွက် တိုက်တွန်းခဲ့တာ”ဟု ၎င်းက မေလ ၃၀ ရက်က ဆိုသည်။

၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် မန္တလေး ထုံးဘိုကျောက်ထုတ်စခန်း၌ အမျိုးသမီးအကျဉ်းသား ၄၆၆ ဦးနှင့် မွန်ပြည်နယ် မုပ္ပလင်ကုန်ထုတ်စခန်း၌ အမျိုးသမီးအကျဉ်းသား ၂၈၂ ဦးရှိကြောင်း ၎င်းက ပြောကြားသည်။ 

ထို့အပြင် အကျဉ်းထောင်တွင် အကျဉ်းသားအမျိုးသမီးများ ကိုယ်ဝန်နှင့်ရောက်ရှိလာပြီး အကျဉ်းထောင်အတွင်း မွေးဖွားလာသည့် ကလေးငယ်များသည် အခြေခံလူ့အခွင့်အရေးဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် ၂၀၁၇ ခုနှစ် တစ်နှစ်တာလုံးတွင် အကျဉ်းထောင် ၂၆ ခုကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။

J-18



  • VIA