POST TYPE

EDITORIAL

သမိုင်းမှတ်ကျောက် အတင်ခံနိုင်သော ကော်မရှင်ဖြစ်စေလို (Daily, Vol-6/No-43)
30-May-2018

ယခုရက်ပိုင်းအတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အငြင်းပွားဖွယ် ရပ်တည်ချက်များနှင့်ပတ်သက်၍ အတိုက်အခံ ပါတီအချို့နှင့် မှတ်ပုံတင်ပြီးစ ပါတီအချို့အကြား ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်လျက်ရှိသည်။

ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားထားသော အမှုကိစ္စများကို ကော်မရှင်တွင် အချိန်ယူမှု၊ ကော်မရှင်၏ ဆုံးဖြတ်ချက်၊ မှတ်ပုံတင် အသစ်တင်သော ပါတီအချို့အပေါ် ကော်မရှင်၏ စည်းကမ်းသတ်မှတ်ချက်၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပါ ပုဒ်မအချို့အပေါ် အဓိပ္ပာယ် ကောက်ယူမှုများက ကော်မရှင်၏ သမာသမတ်ကျကျ ရပ်တည်ချက်အပေါ် မေးခွန်းထုတ်စရာ ရှိနေကြောင်း ဝေဖန်မှုများဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲ စတင်ကျင်းပမည့်ရက် မကြေညာမီ ရက်ပိုင်းအလိုနှင့် ကြေညာအပြီးတို့တွင် ပြောရေးဆိုခွင့်ရှိသူ အပြောင်းအလဲနှင့် နိုင်ငံရေးပါတီတို့အပေါ် ကော်မရှင်၏ သဘောထား ရပ်တည်ချက်တို့မှာ အငြင်းပွားဖွယ်ရာ အချက်များ ရှိနေခြင်းသည် ကော်မရှင်အပေါ် လက်ရှိအာဏာရပါတီ၏ ဩဇာလွှမ်းမိုးမှု ရှိနေသလောဟု နိုင်ငံရေးပါတီများအကြား စောကြောဖွယ် ဖြစ်နေပေသည်။

စင်စစ်အားဖြင့် ရွေးကောက်ပွဲကော်မရှင်သည် သမာသမတ်ကျကျ အလယ်တွင်ရပ်တည်၍ ဒိုင်လူကြီးတာဝန်ကို ထမ်းဆောင်ရမည့် အဓိကနေရာတွင် ရှိနေရမည်ဖြစ်သော်လည်း ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများထံမှ အမျိုးမျိုးသော အထင်လွဲမှု၊ သံသယထားမှု၊ စွပ်စွဲမှု၊ တိုက်ခိုက်မှုများ ရှိလာခြင်းမှာ ထုံးစံလိုဖြစ်ပေသည်။

သို့သော် လက်ရှိ ရွေးကောက်ပွဲကော်မရှင်သည် တပ်မတော် အစိုးရလက်ထက် ၁၉၉၀ ပြည့်နှစ်နှင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရလက်ထက် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၃ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများနှင့်မတူ ပြည်သူလူထုနှင့် နိုင်ငံရေးပါတီများက ပို၍မျှော်လင့်အထင်ကြီးထားကြသည်။

အကြောင်းမှာ ယခင်အစိုးရများမှာ ပြည်သူလူထု၏ အစစ်အမှန် ထောက်ခံလိုလားမှု မရရှိထားသည့်အတွက် မူလကပင် သံသယနှင့် အမုန်းဓာတ်ခံရှိသော ပြည်သူလူထုက ဖြောင့်မတ်မှန်ကန်သော ဒိုင်လူကြီးအဖြစ် များစွာ မျှော်လင့်မထားဘဲ ပြည်သူလူထု အများစု၏ အစစ်အမှန် မဲဆန္ဒများဖြင့် တက်လာသော လက်ရှိအစိုးရလက်ထက်မှသာ သမာသမတ်ကျသော၊ လူထုဆန္ဒ၊ လိုအင်ကို လေးစားသော ဒိုင်လူကြီးအဖြစ် ပို၍ မျှော်လင့်နေကြခြင်းကို ဆိုလိုသည်။

လက်တွေ့တွင်မူ ကြားဖြတ်ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ ကော်မရှင်၏ လုပ်ကိုင်ဆောင်ရွက်မှုများအပေါ် ဝေဖန်သံများ တဖြည်းဖြည်း ကျယ်လောင်လာပြီး ယခင် ရွေးကောက်ပွဲကော်မရှင်များနှင့်ပါ နှိုင်းယှဉ် သုံးသပ်မှုများ ရှိလာသည်။ အထူးသဖြင့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို ကြီးကြပ်ကျင်းပပေးခဲ့သော ရွေးကောက်ပွဲ ကော်မရှင်ကို သမာသမတ် အရှိဆုံးအဖြစ် အများက တညီတညွတ်တည်း မှတ်ချက်ပေးခဲ့ကြပြီး အငြင်းပွားဖွယ်ရာ အဖြစ်ဆုံး ကော်မရှင်အဖြစ်ကိုမူ ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ ကော်မရှင်ကို အများစုက ညွှန်ပြကြသည်။

သို့သော် ယင်းကော်မရှင် အသီးသီး၏ တရားမျှတမှု၊ သမာသမတ်ရှိမှု၊ ရိုးသားဖြောင့်မတ်မှု၊ လွတ်လပ်၍ အမှီအခိုကင်းမှုတို့ကို ရွေးကောက်ပွဲ ကျင်းပသည့်အခါ မည်မျှပွင့်လင်းမြင်သာမှုရှိသည်၊ရွေးကောက်ပွဲရလဒ်က မည်မျှ ကျယ်ကျယ်ပြန့်ပြန့် လက်ခံနိုင်ဖွယ်ရှိသည်၊ ပြည်တွင်း၊ ပြည်ပ၏ အသိအမှတ်ပြုမှု မည်မျှရရှိသည်ဆိုသော အချက်ကို ရွေးကောက်ပွဲ အသီးသီးက ပြသခဲ့ပြီးဖြစ်သည်။

ထိုအခြေအနေများကို မူတည်ကာ လက်ရှိအာဏာရ NLD အစိုးရ အကြီးအကဲ နိုင်ငံတော်သမ္မတက ရွေးချယ်ခန့်အပ်သော ဥက္ကဋ္ဌ ဦးဆောင်သည့် ရွေးကောက်ပွဲ ကော်မရှင်အနေနှင့် ပြည်သူများမျှော်လင့်ချက်၊ နိုင်ငံရေးပါတီများ၏ လေးစားယုံကြည်မှု၊ ကြားဖြတ်ရွေးကောက်ပွဲ၏ အရှိန်အဝါ၊ အာဏာရပါတီ၏ ဂုဏ်သိက္ခာတို့ကို ထောက်ချင့်သောအားဖြင့် သမိုင်းဝင် မှတ်ကျောက် အတင်ခံနိုင်သော ကော်မရှင်အဖြစ် သက်သေပြပါမည့်အကြောင်း တိုက်တွန်းအကြံပြုအပ်ပေသည်။

အယ်ဒီတာ (၃၀-၅-၂၀၁၈)