News

POST TYPE

EDITORIAL

အဂတိရောဂါနှင့် ဆေးခါးကြီးကုထုံး
ပြောင်းလဲချိန်တန်ပြီဆိုသည့် ကြွေးကြော်သံဆောင်ပုဒ်နှင့်အတူ ၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် လက်သန်းပိုင်ရှင် ပြည်သူအများစုမှာ မောင်ဖြူလား မောင်နီလား လူကိုမကြည့် မဲပြားပေါ်တွင် NLD ဆိုသည့် ပါတီအမှတ်တံဆိပ်ကို မင်တို့ထားသောလက်သန်းများ ပုံအောနှိပ်ခဲ့ကြသည်။ ဒါတင်မကသေးပါ အနိုင်ရပါတီ၏ အစိုးရအဖွဲ့ဝင်ထဲတွင်ပါဝင်မည့် ပြည်ထောင်စု ဝန်ကြီးများကိုလည်း ဦးဖြူ၊ ဦးနီ ကြိုက်တဲ့သူ ဖြစ်နေပါစေ လက်သန်းပိုင်ရှင်များ စိတ်တိုင်းမကျတာမရှိခဲ့။ ထိုစဉ်ကတည်းက ဘွဲ့လက်မှတ်အတုကိစ္စများ၊ ဘယ်ပုဂ္ဂိုလ်က ဘယ်အစိုးရခေတ်ကလူ စသည့်အသံများကို အတိုက်အခံပါတီအား ထောက်ခံသူများဘက်မှ ပြောဆိုမှုများ ရှိခဲ့သည့်တိုင် ဦးဖြူ၊ ဦးနီ အနှီ ပုဂ္ဂိုလ်တို့ကို NLD က ရွေးချယ်တာပဲဆိုပြီး NLD ၏ အမာခံလက်သန်း ပိုင်ရှင်များ Online နှုတ်ဆိတ်နေလာပေးခဲ့ကြသည်။ 

၂၀၁၅ ရွေးကောက်ပွဲရလဒ်ဖြင့် တောင်ပြိုကမ်းပြို အနိုင်ရခဲ့သည့် အစိုးရ၊ လူထုမျှော်လင့်ချက်များစွာဖြင့် အားကိုးတကြီးရှိခဲ့သည့် NLD အစိုးရသည် ယခုဆိုလျှင် သက်တမ်းကာလ ၂ နှစ်ကျော်လွန်လာပြီဖြစ်သည်။ အစိုးရ ဒုတိယတစ်နှစ်တာအတွင်း ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ခဲ့ပုံများကိုလည်း သတင်းစာ၊ ရုပ်သံမီဒီယာတို့တွင် ရက်ဆက်ဆိုသလို ထုတ်ပြန်ပြောဆိုနေ၏။

ပြည်သူများကတော့ ဝန်ကြီးဌာနတွေဘာတွေလုပ်နေလဲ၊ ဘာတွေ ဆောင်ရွက်ထားပါတယ်ဆိုတဲ့ သတင်းထက် လတ်တလော သတင်းမီဒီယာနှင့် Online ပေါ်တွင် အများဆုံးဝေဖန်ပြောဆိုနေသည့် အစိုးရပိုင်းမှ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တစ်ဦး အဂတိလိုက်စားမှုနှင့်ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခံရမှု၊ FDA မှ ညွှန်ကြားရေးမှူးချုပ်အဆင့်ရှိသူတစ်ဦး အဂတိလိုက်စားမှုဖြင့် စစ်ဆေးခံနေရမှု ဒါ့အပြင် ဆင်စာ၊ ဆိတ်စာ၊ ပုရွက်ဆိတ်စာအစာများကို အကောင်ကြီးလျှင် ကြီးသလို လိုက်လျောညီထွေစွာ စားတတ်ကြဖို့မှာကြားခဲ့တဲ့ အရာရှိကြီးတို့ကို အစိုးရပိုင်းမှ ဘယ်လိုစစ်ဆေးမှုတွေပြုလုပ်ပြီး ဘယ်လို အရေးယူမှုတွေ ပြုလုပ်မလဲဆိုတာ စိတ်ဝင်တစားဖြစ်နေကြသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူကလည်း ပြည်ထောင်စုဝန်ကြီးကို တိုင်ကြားထားသည့်စာ ရောက်ရှိသည်မှာ မှန်ကန်ကြောင်း၊ ဒါနဲ့ပတ်သက်ပြီး စစ်ဆေးနေပြီး သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မီဒီယာများကို ဖြေကြားသွားသည့် ဗီဒီယိုဖိုင်ကို တွေ့လိုက်ရသည်။ မရှေးမနှောင်းမှာပင် ဆင်၊ ဆိတ်၊ ပုရွက်ဆိတ် အစာစားနည်းသင်တန်းပို့ချခဲ့တဲ့ အရာရှိကြီးကိုလည်း သက်ဆိုင်ရာဌာနမှ စုံစမ်းစစ်ဆေးနေကြောင်း သမ္မတရုံးဝန်ကြီးဌာန တာဝန်ရှိသူက ပြောကြားထားသည်လည်း ရှိ၏။ ဒီမတိုင်ခင်က အသံထွက်လာသော ညွှန်ကြားရေးမှူးချုပ်ဆိုသူနှင့် ပတ်သက်သော စစ်ဆေးမှုသတင်းမှာမူ ဘာမှထပ်ပြီး မကြားရတော့။ တိုင်ကြားခံရသူဘက်မှ မဟုတ်မှန်ကြောင်းဆိုတဲ့ သတင်းအချို့တော့ ထွက်လာသည်။ 

ထိုသူတို့ တိုင်ကြားခံရမှုအပေါ် ဘာအဖြေထွက်လာမလဲ စိတ်ဝင်စားမှု ရေချိန်မြင့်နေချိန်မှာပင် အသံဗလံများ ထွက်ပေါ်နေသည့် ပြည်ထောင်စု ဝန်ကြီးကို နိုင်ငံတော်သမ္မတရုံးမှ ၂၅-၅-၂၀၁၈ ရက်စွဲပါ အမိန့်အမှတ် (၂၄/၂၀၁၈) ဖြင့် ၎င်း၏သဘောဆန္ဒအရ ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်ဟူသည့် အမိန့်စာထွက်လာသည်။ ယင်းအမိန့်စာသည် ပြည်သူလူထု အမှန်စိတ်ဝင်စားသည့်သတင်း မဟုတ်တာတော့ သေချာသည်။ ပြည်သူများစိတ်ဝင်စားသည်မှာ တိုင်ကြားခံရသူကို စစ်ဆေးသူများက စွပ်စွဲချက်များအတိုင်း ဟုတ်မှန်သည် မဟုတ်မမှန်သည် ရှင်းရှင်းလင်းလင်း သတင်းထုတ်ပြန်မှုကို သိလိုကြမည်။ ဟုတ်မှန်ခဲ့သည်ရှိသော် ဥပဒေအတိုင်း မည်သို့ အရေးယူအပြစ်ပေးမည်ကို သိချင်ကြပေမည်။ ဒီနေရာမှာ မိမိလေ့လာမိသလောက်ဆိုရင် ဌာနဆိုင်ရာတွေမှာ ဝန်ထမ်းတစ်ဦးတိုင်ကြားခံရ၍ ၎င်းဝန်ထမ်းကို Preliminary Enquiry-PE ခေါ် ရှေးဦးစုံစမ်းစစ်ဆေးမှု၊ Departmental Enquiry-DE ခေါ် ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှုပြုလုပ်နေပါလျှင် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အစီရင် ခံစာမထွက်မချင်း ယင်းဝန်ထမ်းကို တာဝန်မှ နုတ်ထွက်ခွင့်မပြုကြပေ။ လိုအပ်လျှင် တာဝန်မှ ယာယီရပ်ဆိုင်းထားလေ့ရှိကြ၏။

အထက်ပါပုဂ္ဂိုလ်များ၏ဖြစ်စဉ်ကိုကြည့်လျှင် လာဘ်ပေးလာဘ်ယူပြုခြင်းနှင့် အများဆုံးဆက်စပ်နေသည်။ ဒီနေရာမှာ ဝန်ထမ်းအဖွဲ့အစည်းအတွင်း လာဘ်ပေးလာဘါယူမှုပြုရခြင်းအကြောင်းရင်းများကို စေ့ငုကြည့်လျှင် အောက်ပါအခြေအနေနှစ်ရပ်ကြောင့်ဟု သုံးသပ်နိုင်သည်။ 

(၁) အောက်ခြေဝန်ထမ်းများ အခြေခံလစာနည်းပါးခြင်းနှင့် လုံလောက်မှုမရှိ၍ စားဝတ်နေရေးအတွက် ထွက်ပေါက်ရှာမိရာမှ ပြုမူခြင်း၊ 

(၂) အဆင့်မြင့်အရာရှိကြီးများတွင် လစာနှင့်စရိတ် လုံလောက်မှုရှိသော်လည်း လုပ်ပိုင်ခွင့် အခွင့်အာဏာ အလွန်အမင်းအပ်နှင်းထားမှုကြောင့် အကျိုးလို၍ ညောင်ရေလောင်းမှုများအပေါ် တပ်မက်လွန်းပြီး ရလေလိုလေဖြစ်ကာ လောဘ၊ မောဟ ရမ္မက် အတောမသတ်နိုင်ခြင်း၊

အထက်ပါအခြေအနေနှစ်မျိုးအနက် ပထမအခြေအနေကြောင့် လာဘ်ပေးလာဘ်ယူမှုပြုရခြင်းသည် ပေါက်ပင်ဘာကြောင့်ကိုင်း ဗျိုင်းနား၍ကိုင်းဆိုပြီး ထမင်းရည်ပူ လျှာလွဲ လျှောက်လဲပြောဆိုလာလျင် လက်ခံနိုင်ဖွယ်ရှိဦးမည်။ (မှတ်ချက်- အားပေးအားမြှောက်ပြုခြင်းမဟုတ်) ဒီအခြေအနေမျိုးကို ရှောင်ရှားနိုင်စေရန်နှင့် မဖြစ်ပေါ်စေရန် အစိုးရက နိုင်ငံ့ဝန်ထမ်းများအားလုံးအား လက်ရှိလစာ၏ အရာထမ်းများ ၁၀ ရာခိုင်နှုန်း၊ အမှုထမ်းများ ၂၀ ရာခိုင်နှုန်းကို ၂၀၁၈ ခုနှစ် ဧပြီလမှစ၍ တိုးပေးခဲ့ပါသည်။ သို့သော်လည်း အောက်ခြေဝန်ထမ်းအများစုမှာ လစာနှင့်အတူ ဖွားဖက်တော်ကဲ့သို့ ဒွန်တွဲလိုက်ပါနေတဲ့ ကုန်ဈေးနှုန်းဒဏ်ကြောင့် ဒုံရင်း ဒုံရင်း အကျပ်အတည်းမှ မလွတ်မြောက်နိုင်သေးပေ။

ဒုတိယအခြေအနေမျိုးကြောင့် ဖြစ်ပေါ်လာသည့် လာဘ်ပေးလာဘ်ယူမှုသည် ရာထူးအခွင့်အာဏာအပေါ် မလျော်ဩဇာသုံးပြီး ရလိုမှုလောဘကို အခြေတည်၍ ဖြစ်ပေါ်ခြင်းကြောင့် အဂတိလိုက်စားမှု သက်သက်သာသည်။

လာဘ်ပေးလာဘ်ယူမှု ပြုတာချင်းအတူတူ ဒုတိယအခြေအနေကို လက်မခံနိုင်ရသည့်အကြောင်းကို ရှင်းလင်းရသော် ပြည်ထောင်စုဝန်ကြီး အဆင့်ပုဂ္ဂိုလ် လစာ၊ စရိတ် အဆောင်အယောင်များကို ဖော်ပြမှ ဖြစ်ပေမည်။ ဝန်ကြီးဌာနများတွင် ပြည်ထောင်စုဝန်ကြီး၏ လစာနှင့်အဆောင်အယောင်များကို န.အ.ဖ လက်ထက်က ၁၀-၁-၂၀၁၁ ရက်စွဲပါ ဥပဒေအမှတ် (၂/၂၀၁၁) ဖြင့် အောက်ပါအဆောင်အယောင်တို့ကို ခံစားခွင့်ပြုထားသည်-

လစာ တစ်လလျှင် ကျပ်သိန်းသုံးဆယ်၊ အစိုးရနေအိမ် အခမဲ့နေထိုင်ခွင့်၊ နေအိမ်တွင်လိုအပ်သည့် ပရိဘောဂစရိတ်အခမဲ့၊ လုံခြုံရေး အစောင့်အရှောက်၊ ပြည်တွင်း၊ ပြည်ပအခမဲ့ဆေးကုသခွင့်၊ ရေ၊ မီး၊ ဖုန်း၊ အခမဲ့သုံးစွဲခွင့်၊ ကိုယ်ရေးအရာရှိတစ်ဦး၊ အိမ်အကူနှစ်ဦး၊ ထမင်းချက်နှစ်ဦး၊ ဥယျာဉ်ထိန်းသိမ်းစရိတ်အခမဲ့၊ မော်တော်ယာဉ်လေးစီး၊ တစ်စီးလျှင် တစ်လ စက်သုံးဆီ ၆၀ ဂါလန်၊ ယာဉ်မောင်းလေးဦး၊ မော်တော်ယာဉ်လေးစီးအတွက် အမှန်ကုန်ကျသည့် စက်ဆီချောဆီ စသည့်အဆောင်အယောင်များဖြစ်သည်။ လစာအပေါ် ဝင်ငွေခွန်ကင်းလွတ်ခွင့်ကို ပြည်ထောင်စုလွှတ်တော်၏ ၉-၁၂-၂၀၁၄ ရက်စွဲပါဥပဒေအမှတ် (၅၆/၂၀၁၁) ဖြင့် ပြင်ဆင်ပေးထားသည်။

ဝန်ကြီးတစ်ဦး၏ အထက်ဖော်ပြပါလစာနှင့် အဆောင်အယောင်ခံစားခွင့်များသည် မြန်မာနိုင်ငံအတွင်းမှာ လုံလောက်မှုရှိသည့်အပြင် ပိုလျှံမှုပင်ရှိနိုင်ပါသည်။ မိသားစုပညာရေး၊ ကျန်းမားရေး၊ လူမှုရေး၊ သွားရေးလာရေး ပူပင်ကြောင့်ကြစရာ စိုးစဉ်းမျှရှိမည်မဟုတ်ပေ။ ထိုကဲ့သို့ မိသားစု စားဝတ်နေရေး အပူပင်မရှိ၊ လာဘ်ပေးလာဘ်ယူမှုများမရှိဘဲ နိုင်ငံ၏ ကြီးလေးတဲ့တာဝန်များကို ထမ်းဆောင်နိုင်ရန် နိုင်ငံတော်မှ စီမံပေးထားခြင်းဖြစ်သည်။

ဒါက တရားဝင်ခွင့်ပြုထားသည့် ရပိုင်ခွင့်များဖြစ်သည်။ ဝန်ကြီးဌာန၏ အမြင့်ဆုံးသောပုဂ္ဂိုလ်ဖြစ်သည့်အတွက် ဌာနတွင်း ဘတ်ဂျက်ငွေသုံးစွဲမှု၊ စီမံကိန်းများတင်ဒါခေါ်ယူမှု၊ ဝန်ထမ်းအပြောင်းအရွှေ့၊ ရာထူးတိုးစသည့် ကိစ္စရပ်များတွင်လည်း လုပ်ပိုင်ခွင့်အခွင့်အာဏာများသည် ဗီတိုအာဏာ အဖြစ်ရှိပြီးဖြစ်၏။

ဝန်ကြီးများသည် ထိုကဲ့သို့ လစာစရိတ်အဆောင်အယောင်များ အပြည့်အဝခံစားနေသည့်အလျောက် ဝန်ကြီးဆိုသည့် ရာထူးအတိုင်း ကြီးမားသောတာဝန်ထမ်းဆောင်နိုင်ခြင်း၊ တိကျသောလမ်းညွှန်မှုများနှင့် ထိရောက်သောမူဝါဒများချမှတ်နိုင်ခြင်း၊ မူဝါဒများအတိုင်း အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းရှိမှသာ ဝန်ကြီးရာထူးနှင် ထိုက်တန်မည်ဖြစ်သည်။ ဝန်ကြီးအဖြစ် စတင်တာဝန် ထမ်းဆောင်ချိန်မှာတော့ မည်သူမဆို အစကာလဖြစ်၍ အစိမ်းသက်သက်ဖြစ်နေတာ သဘာဝကျပါသည်။ သို့သော် တစ်နှစ်ကျော် နှစ်နှစ်၊ သုံးနှစ်လွန်လာလျှင်ဖြင့် မိမိဝန်ကြီးဌာနအကြောင်း ကကြီးအစ “အ” အဆုံး နောကျေနေသင့်ပြီ။ ဌာန၏ အရေးကြီးအချက်အလက်များကို မိမိကိုယ်တိုင် သိမှတ်ထားသင့်သည်။ ယနေ့ဝန်ကြီးအချို့ကို လေ့လာကြည့်လျင် ယခင်အစိုးရခေတ်များက ပြောလေ့ရှိသည့် Spoon Feed အဆင့်မှ မလွတ်မြောက်သေး။ Spoon Feed ဆိုသည်မှာ ကလေးငယ်များအစာစားလျှင် ကိုယ့်ဘာသာ မလုပ်တတ် မကိုင်တတ် မစားတတ်၍ တစ်ယောက်ယောက်က ပါးစပ်ထဲ ရောက်အောင်ခွံ့ကျွေးရခြင်းကို ခိုင်းနှိုင်းခြင်းဖြစ်သည်။ ဝန်ကြီးနှင့် ဧည့်သည်တွေ့လိုလျှင်၊ ဝန်ကြီး ကတ်ဘိနက်သွားလျှင်၊ ဝန်ကြီးဌာနဆိုင်ရာ အစည်းအဝေးသွားလိုလျှင်၊ ဝန်ကြီးခရီးထွက်လျှင် ခြေဖျားအဆ ခေါင်းအဆုံး အရာအားလုံးကို အောက်ခြေကနေ အရန်သင့် ဇွန်းနှင့်ခွံ့ပေးနေရဆဲ ရှိနေသေးသည်။

ဝန်ကြီးတော်တော်များများက မိမိတို့တွင် တာဝန်များပြားလွန်း၍ ဆိုသည့်အကြောင်းပြချက်ဖြင့် ချေပလေ့ရှိသည်။ တာဝန်များပြားခြင်းကိုလည်း လက်ခံပါသည်။ ထိုများပြားလှသည့်တာဝန်များကို လျော့နည်းစေသည့်နည်းလမ်းမှာ လုပ်ပိုင်ခွင့်အာဏာများကို အဆင့်လိုက်ခွဲဝေပေးရန် လိုအပ်သည်။ ဦးစီးအရာရှိအဆင့် အရွှေ့အပြောင်း၊ ရာထူးတိုးကိစ္စရပ်မျိုးလောက်ထိ ဗဟိုချုပ်ကိုင်မှုများကို ဖြေလျှော့ပေးရပါမည်။ အလားတူ ဗဟိုကနေ တိုင်းဒေသကြီး၊ ပြည်နယ်၊ ထိုမှတစ်ဆင့် ခရိုင်၊ မြို့နယ်အထိ တာဝန်ယူမှု တာဝန်ခံမှုတို့ဖြင့် အာဏာများ ခွဲဝေအပ်နှင်းပေးရပါမည်။ ထိုသို့မဟုတ်ပါက ဝန်ကြီးများ၊ အရာရှိကြီးများသည် အစည်းအဝေးတက်လိုက်၊ အစည်းအဝေးကပြန်လာ ရုံးထိုင်ပြီးသကာလ နေ့စဉ်အများအပြား ဝင်ရောက်လာသော ရုံးစာများအပေါ် “လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ် ဆောင်ရွက်ပါ” ဟူသော မှတ်ချက်တွေ ဒိုင်ခံရေးနေရုံနှင့်တော့ မဖြစ်သေးပေ။ ထို့ပြင် အချို့ဝန်ကြီးများ လိုအပ်သည်ထက်ပိုပြီး နယ်လှည့်ခရီးထွက်၊ လုပ်ငန်းစစ်ဆေးခြင်းဆိုသည့် ခေါင်းစဉ်တပ်ကာ အကြိမ်ကြိမ် ခရီးထွက်နေခြင်းမျိုးကို ရှောင်ကြဉ်ရပါမည်။ ဒီနေရာမှာ ဟိုယခင်က ဝန်ကြီးများနှင့် မတူသည့်အချက်ကို ထောက်ပြချင်သည်။ ဟိုတုန်းက ဝန်ကြီးများသည် ရောက်သည့်မြို့နယ်များရှိ လုပ်ငန်းအခြေအနေများကိုလည်း ကြည့်ရှုစစ်ဆေးသည်။ စစ်ဆေးခံရသည့် ဌာန၏လိုအပ်ချက်များကိုလည်း ဘာလိုအပ်သလဲမေးမြန်းပြီး ဝန်ကြီး၏အခွင့်အာဏာအတွင်းမှ ဖြည့်ဆည်းပေးခဲ့ကြသည်။ ဒီခေတ်ဝန်ကြီးများမှာ အဲဒီလိုမဟုတ် လိုအပ်သည်များမှာကြား၊ စားသောက်၊ တည်းခို ပြန်လည်ထွက်ခွာပြီး အကြိမ်ကြိမ် နယ်မြို့များ ခရီးထွက်နေခြင်းမျိုးသည် ဝန်ကြီးဖြစ်တုန်း စရိတ်ငြိမ်းမြန်မာပြည်အနှံ့သွားလာလည်ပတ်ခြင်းမျိုးနှင့် တူနေပေသည်။ တစ်ခါတစ်ရံ မဟေသီနှင့် မိသားစုများပါ အဆစ်ခေါ်သွားကြသည်လည်းရှိ၏။

ထိုကဲ့သို့ ခရီးခဏခဏထွက်ခြင်းမျိုးကို လျှော့ချပြီး မိမိတာဝန်ယူရသည့်ဝန်ကြီးဌာနရှိ ဦးစီးဌာနများ၊ လုပ်ငန်းဌာနများအကြောင်း အချိန်ပေးပြီး လေ့လာဖတ်မှတ်နေသင့်သည်။ လွှတ်တော်ကမေးခွန်းမေးလျှင်ပါလာသည့် စာရွက်ထဲကအဖြေသာ ကြည့်ဖြေတတ်ပြီး ဝန်ကြီးဌာနထဲက အခြားအကြောင်းအရာမေးလျှင် ဘာမျှမပြောနိုင် မဖြေနိုင် မဖြစ်ရလေအောင် ကိုယ်ကိုယ်တိုင် ဝါယမစိုက်လေ့လာဖို့လိုသည်။ 

ဝန်ကြီးများကို အခွင့်အာဏာနှင့်အတူ လစာစရိတ်အဆောင်အယောင်များ လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးထားပါလျက်နဲ့ အဂတိလိုက်စားသည်ဆိုခြင်းကိုတော့ ဘယ်လိုအကြောင်းပြချက်မျိုးနှင့်မှ လက်ခံနိုင်စရာမရှိပေ။ တိုင်ကြားခံရမှု မှန်သည် မမှန်သည်ကို စစ်ဆေးသူများကိုယ်တိုင်မှလည်း (ဆန္ဒာ၊ ဒေါသ၊ ဘယာ၊ မောဟ) ဆိုသည့် အဂတိလေးပါးကင်းရှင်းစွာဖြင့် အမှုမှန်ကို ရဲဝံ့ပြတ်သားစွာ ဖော်ထုတ်ပြီး ပြည်သူကို ပွင့်လင်းမြင်သာစွာ အသိပေးဖို့လိုပါသည်။

တကယ်တော့ အစိုးရအဖွဲ့ဝင် ဝန်ကြီးဌာနတာဝန်ယူနေတဲ့ ဝန်ကြီးတွေတော်တော်များများ စွမ်းဆောင်ရည် အားနည်းကြကြောင်း ဝေဖန်မှုတွေမြင့်တက်နေတာက ကြာပါပြီ။ ပြည်သူများမှာ ဘာနဲ့ပြန်ဖြေပေးနေရလဲဆိုရင် လာဘ်လာဘကိစ္စမျိုး အရှုပ်အရှင်းမရှိ ဆိုတာလေးနဲ့ပင် ကျေနပ်နှစ်သိမ့်ပေးနေရသည်။ ဒါကို ဘယ်လောက်ထိ ထိန်းထားနိုင်မလဲစောင့် ကြည့်နေသည့် ၂ နှစ်တာကာမှာပင် ပြည်ထောင်စုဝန်ကြီးတစ်ဦး အသံထွက်လာသည်။ ထိုသို့အသံထွက်လာပြီး မကြာပါ ဝန်ကြီးအား မိမိသဘော ဆန္ဒအလျောက် တာဝန်မှ နုတ်ထွက်ခွင့်ပြုလိုက်သည်။ ထိုအမှုကိစ္စရပ်အပေါ် ဟုတ်ရင်ဟုတ်သည် မဟုတ်ရင်မဟုတ်ဘူးဆိုတဲ့ ပွင့်လင်းမြင်သာစွာ ရှင်းလင်းမှုမရှိဘဲ ဒီလိုနဲ့သာ ပြီးဆုံးသွားပါက အဂတိလိုက်စားမှု တိုက်ဖျက်ဖို့ စစ်ဆေးရေးအဖွဲ့တွေ ရှိလင့်ကစား၊ ဥပဒေ နည်းဥပဒေတွေ ထုတ်ပြန်လင့်ကစား၊ အဂတိတရားကင်းစင်ရန် မဟာဗျူဟာများ ချက်မှတ်နေလင့်ကစား ရေပေါ်အရုပ်ရေးသလို ဖြစ်နေပါမည်။

မိမိတို့နိုင်ငံတွင် လာဘ်ပေးလာဘ်ယူမှုသည် အစိုးရအဆက်ဆက်မှသည် ယနေ့အရပ်သားအစိုးရစစ်စစ်လက်ထက်အချိန်ထိ ကင်ဆာသဖွယ် နာတာရှည်အမြစ်တွယ်လျက်ရှိသည်။ အချို့ဌာနတွေက အရင်အတိုင်း မျက်ကန်းတစ္ဆေမကြောက် ရဲတင်းစွာ လုပ်ဆောင်နေသေးသည်။ အချို့က ကျည်ကွယ် မျက်ကွယ်ကနေ မသိမသာ ခေါက်ရိုးကျိုး ပုံမပျက် လုပ်ဆောင်နေတာလည်းရှိသည်။ အချို့ဌာနတွေကတော့ တွန်းလှန်တိုက်ဖျက်ဖို့ စတင်ပြောင်းလဲနေကြသည်ကိုလည်း တွေ့ရသည်။ အစိုးရတစ်ရပ်အတွက် ဌာနပေါင်းစုံကို ကိုင်တွယ်နေရသည့်အတွက် ရုတ်ခြည်းပြောင်းလဲပစ်ဖို့ ခက်ခဲကောင်းခက်ခဲလိမ့်မည်။ အနာသိက ဆေးရှိပါသည်။ သို့သော် အချိန်ဆွဲပြီး ကုသနေပါက ဆေးယဉ်ပါးလာပြီး အနာနှင့်ဆေးမတိုးတော့ဘဲ နောက်ဆုံး မရှူသာမရှိုက်သာ လက်လွတ်လိုက်ရပြီး ဒီတိုင်းထိုင်ကြည့်နေရသည့် အခြေအနေမျိုး ဆိုက်ရောက်သွားနိုင်သည်။ ထို့ထက်ဆိုးသည်မှာ ထိုရောဂါမှာ ဗိုင်းရပ်စ်သဖွယ်ပျံ့နှံ့သွားပြီး ကူးစက်မြန်သွားပါက ထိန်းချုပ်ရန် ခက်ခဲသွားနိုင်ဖွယ်ရှိသည်။ ဒီအခြေအနေမျိုးမဖြစ်ရလေအောင် ရောဂါစဖြစ်ပြီဆိုကတည်းက တတ်ကျွမ်းသည့်သမားတော်များက ရောဂါဆိုးကို နည်းလမ်းမှန်စွာ စနစ်တကျကိုင်တွယ်ကုသတတ်ရန် လိုအပ်ပါသည်။

ထိုသို့ ရောဂါဆိုးကို အမြစ်ပြတ်ဖို့ကုသရန်မှာ ယခင်ကုထုံးများလို ရာထူးငယ်သူတွေကို ဆေးကုသအခန်းတွင်းမှာပင် ဆေးခါးကြီးအတင်းတိုက်ပြီး ရာထူးကြီးသူတွေကိုတော့ ဆေးခန်းကနေ ဆေးပေးလိုက်ပြီး အိမ်ရောက်မှ ဆေးညွှန်းအတိုင်းသောက်ဆိုပြီး ပြန်လွှတ်သည့်ကုသပုံမျိုး မဖြစ်သင့်တော့ပါ။ သမ္မတမှအစ သန့်ရှင်းရေးဝန်ထမ်းအဆုံး ပြည်သူများ၏အခွန်အခဖြင့် လစာစရိတ်ရယူနေသော မင်းမှုထမ်းအားလုံး ရောဂါဖြစ်ပေါ်ပါက ရောဂါအမြစ်ပြတ်စေရန် ဆေးခါးကြီး တိုက်ကျွေးသည့်ကုထုံးဖြင့် တန်းတူကုသရပါမည်။ 

ထိုသို့မဟုတ်ပါက ဟိုအစဉ်အဆက် ပြောစမှတ်ဖြစ်နေသည့် ငွေများ တရားနိုင်ဆိုသည့် စကားတစ်ရပ်အပြင် ရာထူးကြီး အမှုလွတ်နိုင်ဆိုသည့် စကား ထပ်တိုးလာပြီး လွတ်တဲ့ငါးကြီးဆိုသည့်အစား ကြီးတဲ့ငါးလွတ်ဆိုသည့် ထိုစကားများ အသုံးတွင်ကျယ်လာမည်ကို စိုးရိမ်မိပါကြောင်း။

ကိုစကားဝါ