News

POST TYPE

EDITORIAL

မူးယစ်ဆေး ကိစ္စအတွက် လူစွမ်းကောင်းများလိုသည် (Daily, Vol-6/No-42)
29-May-2018 tagged as

ရန်ကုန်မြို့မှ သင်္ဘောဖြင့် တင်ပို့လိုက်သော ကွန်တိန်နာ(ကုန်သေတ္တာ)တစ်ခုထဲတွင် လက်ဖက်ခြောက်ထုပ်များတွင်း ဝှက်ထားသည့် မီသာအဖက်တမင်း စိတ်ကြွရူးသွပ်ဆေးများကို မလေးရှား အကောက်ခွန်ဌာနက ဖမ်းဆီးရမိလိုက်သည့် သတင်းတစ်ရပ် ယမန်နေ့က ထွက်ပေါ်လာပါသည်။ ဆူးလေ၊ အလုံ သို့မဟုတ် သီလဝါ စသည့် မည်သည့်ဆိပ်ကမ်းမှ အကောက်ခွန်ဌာနနှင့် ဆိပ်ကမ်းအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ထွက်သွားသော ကွန်တိန်နာ ဖြစ်သည်ကို မသိရသော်လည်း ၁၁၈၇ ကီလိုဂရမ် အလေးချိန်ရှိပြီး ကာလ ပေါက်ဈေး အမေရိကန်ဒေါ်လာ ၁၈ သန်းခန့်တန်ဖိုးရှိရာ မလေးရှားနိုင်ငံအတွက် ငွေကြေးတန်ဖိုးအရရော အလေးချိန်အရပါ ပမာဏအများဆုံးအတိုင်းအတာ ဖြင့် ဖမ်းမိခြင်းဖြစ်သည်ဟု သိရပေသည်။ 

အဆိုပါကိစ္စနှင့်ဆက်စပ်၍ သင်္ကာမကင်းသူ ခြောက်ဦးကို မလေးရှား အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ရာတွင် ခြောက်ဦးအနက် သုံးဦးမှာ မြန်မာနိုင်ငံသားများ ဖြစ်နေသည်။ ဤမျှလောက် များပြားလှသည့် စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းမိသည့်ကိစ္စတွင် နောက်ထပ် ဆက်စပ်ပတ်သက်သူ မြန်မာနိုင်ငံသား ဘယ်နှဦးကို မလေးအာဏာပိုင်များ ဖမ်းဆီးနိုင်မည်၊ အမှုနှင့်ပတ်သက်သည့် ကွင်းဆက်များကို မည်မျှဖော်ထုတ်နိုင်မည်ကို မသိနိုင်သေးသော်လည်း မလေးရှား ဥပဒေအောက်တွင် မူးယစ်မှောင်ခိုမှု ကျူးလွန်သူများအနေနှင့် ကြီးမားသည့် ပြစ်ဒဏ်များ မလွဲမသွေ ချမှတ်ခံရမည့် သဘောတွင် ရှိပါသည်။ တစ်ဖက်တွင် မလေးရှားလမ်းကြောင်းသို့ ရန်ကုန်မြို့မှတင်ပို့လိုက်ပြီး မလေးရှားအာဏာပိုင်များ ဖမ်းမမိလိုက်သည့် မီသာအဖက်တမင်းဆေးပြား ပမာဏ မည်မျှရှိခဲ့ပြီနည်း၊ မလေးရှားကဲ့သို့ပင် အခြားမည်သည့်နိုင်ငံများသို့ အလားတူ ကွန်တိန်နာ အလုံးလိုက် ရန်ကုန်ဆိပ်ကမ်းမှ တင်ပို့မှုကြီးများ ဘယ်လောက်ရှိခဲ့ပြီနည်း စသည်တို့မှာ သိချင်စရာ ကောင်းလှပေသည်။ 

မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် ပတ်သက်လာလျှင် သက်ဆိုင်ရာက ပျင်းစရာကောင်းလောက်အောင် ထုတ်ပြန်ပြသည့် ကိန်းဂဏန်း အတက်၊ အကျများ မည်သို့ပင်ရှိနေစေကာမူ “မပြေးပေမယ့် ကန်ရာရှိ”၊ “ရွှေသမင် ဘယ်ကထွက်”စသည့် စကားပုံနှင့်တူသော ဖြစ်ရပ်များကား အစဉ်အမြဲပေါ် ပေါက်နေဆဲပင်ဖြစ်သလို မူးယစ်မှောင်ခိုလမ်းကြောင်းကြီးမှာလည်း ဆင်သေကို ဆိတ်သရေနှင့် ဖုံး၍မရသကဲ့သို့ ပေါ်လွင်နေပေသည်။ ရန်ကုန်မြို့လို နေရာမျိုး၌ ကွန်တိန်နာအပြည့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိခဲ့သော်လည်း ယနေ့အချိန်အထိ ပျားရည်ဖြင့် ဝမ်းချနိုင်သည့် အဆင့်မျှရှိသော ဖော်ထုတ်မှုမျိုးကိုပင် လုပ်ဆောင်နိုင်စွမ်း မရှိသေးသည်မှာ မူးယစ်နှိမ်နင်းရေးစစ်ပွဲ ဆင်နွှဲနေပါသည်ဟု ပြည်တွင်းသာမက အိမ်နီးချင်းအာဆီယံနှင့် အခြားကမ္ဘာ့နိုင်ငံကြီးများ ကြားကောင်းအောင် အသံကောင်း ဟစ်နေစေကာမူ မည်သူကမျှ ယုံကြည်ဦးမည် မဟုတ်ပေ။ သေချာသည်မှာ မြန်မာ့လူသား အရင်းအမြစ်ကောင်းများ သာမက ကမ္ဘာ့လူသား အရင်းအမြစ်များ ထွက်ပေါ်မလာနိုင်အောင် စွမ်းဆောင်နိုင်သည့် မူးယစ်ဆေးနှင့် စိတ်ကြွရူးသွပ်ဆေးများ နှိမ်နင်းရာတွင် တုန်လှုပ် ချောက်ချားစရာ ကောင်းလောက်သည့် ဥပဒေများ လိုအပ်သလို ယင်းဥပဒေများဖြင့် ကျောသား၊ ရင်သားမခွဲခြားဘဲ ပြတ်ပြတ်သားသား ဖော်ထုတ်ရဲသည့် လူစွမ်းကောင်းများလည်း လိုအပ်နေပြီဖြစ်ကြောင်း ဖော်ပြလိုရင်း ဖြစ်ပေသည်။ 

အယ်ဒီတာ(၂၉-၅-၂၀၁၈)

  • TAGS