News

POST TYPE

EDITORIAL

လူ့အခွင့်အရေးချိုးဖောက်မှုများရှိပါက ကော်မရှင်ကို အားမနာတမ်းအသိပေးရန် ပြောကြား
နေပြည်တော်၊ မေ ၂၈

အကျဉ်းထောင်နှင့် အကျဉ်းစခန်းများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများရှိပါက အားမနာတမ်းအသိပေးရန် မေတ္တာရပ်ခံလိုကြောင်း မြန်မာနိုင်ငံအမျိုးသား လူအခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမရက ပြောကြားလိုက်သည်။

“လူ့အခွင့်အရေးထိခိုက်စေမည့် အကြောင်းအရာများသိရှိသည့် အခါတိုင်း ကျွန်တော်တို့ကော်မရှင်ကို အားမနာတမ်း အသိပေးခြင်းဖြင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု လုပ်ငန်းကို ဝိုင်းဝန်းကူညီပေးကြပါလို့ မေတ္တာရပ်ခံလိုပါတယ်”ဟု ၎င်းက ဆိုသည်။

မေလ ၂၄ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လူ့အခွင့်အရေးကော်မရှင်၏အစီရင်ခံစာကို ကိုယ်စားလှယ် ၁၅ ဦး၏ ဆွေးနွေးမှုအပေါ် ယနေ့ (မေ ၂၈) ကျင်းပသည့် အစည်းအဝေးတွင် ဦးဝင်းမရက လာရောက်ရှင်းလင်းရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ကော်မရှင်အနေနှင့် ကျောက်ထုတ်စခန်း ၁၈ ခုအနက် အမျိုးသားကျောက် ထုတ်စခန်း ၁၃ ခုနှင့် အမျိုးသမီးကျောက်ထုတ် စခန်း ၂ ခုကို သွားရောက်စစ်ဆေးခဲ့ပြီး တွေ့ရှိချက်များကို ပြည်ထဲရေးဝန်ကြီးဌာနသို့ အကြောင်းကြားခဲ့ရာ ဝန်ကြီးဌာနမှ လိုအပ်သောပြင်ဆင်မှုများ ပြုလုပ်ပြီးဖြစ်သည်ဟု ပြန်လည်အကြောင်း ကြားခဲ့ကြောင်း ဦးဝင်းမရက ဆိုသည်။ 

ယင်းအပြင် ကျောက်ထုတ်စခန်း ၁ ခုမှ ထိခိုက်ဒဏ်ရာရသည့် အကျဉ်းသားနှစ်ဦးကို ဆေးကုသမှုမပေးကြောင်း တိုင်ကြားစာ ရရှိသောကြောင့် ကော်မရှင်မှ သွားရောက်စစ်ဆေးကာ လိုအပ်သောအရေးယူမှုများ ဆောင်ရွက်နိုင်ရန် အကြံပြုခဲ့သဖြင့် ပြည်ထဲရေးဝန်ကြီးဌာနက အကျဉ်းစခန်းအရာရှိကို အရေးယူမှုပြုလုပ်ခဲ့ပြီး ဒဏ်ရာရအကျဉ်းသားတို့ကို ဆေးရုံသို့ ပို့ဆောင်ကုသပြီး ဖြစ်သည်ဟု ပြန်ကြားလာကြောင်း ၎င်းက ဆိုသည်။

ကျောက်ထုတ်စခန်းများ ပယ်ဖျက်နိုင်ရေးတွင် အမျိုးသမီး ကျောက်ထုတ်စခန်းကို ပယ်ဖျက်နိုင်ရန် ၂၀၁၇ ခုနှစ်က အစီရင်ခံစာ တင်ပြခဲ့ပြီး ဝန်ကြီးဌာနအနေနှင့် လတ်တလော အခြေအနေများအရ သုံးသပ်ဆောင်ရွက်နေပြီး အကျဉ်းထောင်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှု တိုင်ကြားလာပါက ချက်ချင်းကွင်းဆင်း စစ်ဆေးဆောင်ရွက်မှုများပြုလုပ်နေပြီး ကလေးသူငယ်၊ အိမ်ရှင်-အိမ်ဖော် လူ့အခွင့်အရေးချိုးဖောက်သည့် ကိစ္စများကိုလည်း ပြည်သူလူထုအနေနှင့် တိုင်ကြားရန်နှင့် တွေ့ရှိပါက မိမိနှင့်မဆိုင်သကဲ့သို့မနေရန် အသိပညာပေးသွားဦးမည်ဖြစ်ကြောင်း လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌက ပြောကြားသည်။ 

S-01