News

POST TYPE

EDITORIAL

စပါးပင်တွေကို ဖျက်တတ်တဲ့ ပေါင်းပင်တွေ (Daily, Vol-6/No-39)
26-May-2018

ပြီးခဲ့သည့် သောကြာနေ့ကထွက်ရှိတဲ့ The Voice Daily သတင်းစာထဲမှာ “ဘုန်းကြီးကျောင်း ငရဲခန်းမှာ လပေါင်းများစွာ”ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းဆောင်းပါးတစ်ပုဒ်ကို စာဖတ်သူတွေ၊ အထူးသဖြင့် ဗုဒ္ဓဘာသာ မြန်မာနိုင်ငံသားတွေ မှတ်မှတ်ရရရှိနေရုံသာမက ကြိတ်မနိုင် ခဲမရ ခံစားချက်တွေလည်း ဖြစ်ခဲ့ကြလိမ့်မယ်လို့ ထင်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ထဲက ပရဟိတအမည်ခံ ဘုန်းတော်ကြီးကျောင်းတစ်ခုမှ သင်္ကန်းဝတ်တစ်ဦးက ပညာရေးစရိတ် မတတ်နိုင်လို့ အဲဒီဘုန်းကြီးကျောင်းမှာ လာနေကြတဲ့ မိန်းကလေးငယ်တွေကို သူ့စိတ်တိုင်းကျ လိင်ဆက်ဆံခဲ့တဲ့အကြောင်း အဲဒီမိန်းကလေးငယ်လေးတွေက ပြန်ပြောပြတာကို တွေ့ရတာဟာ အင်မတန် စိတ်မကောင်းဖြစ်စရာပါပဲ။

လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ မိန်းကလေးငယ်တွေ ပြန်ပြောပြနိုင်၍သာ သင်္ကန်းဝတ်တစ်ဦးရဲ့ ဒုစရိုက်မှုတွေ ဘူးပေါ်သလို ပေါ်ထွက်ခဲ့ရခြင်း ဖြစ်ပါတယ်။ တကယ်လို့ အဲဒီမိန်းကလေးငယ်ကသာ မပြောရဲမဆိုရဲဘဲ မျိုသိပ်ထားခဲ့မယ်ဆိုရင် နောက်ထပ် မိန်းကလေးငယ် ဘယ်နှယောက်လောက် လိင်ပိုင်းဆိုင်ရာ စော်ကားတာခံရဦးမလဲ ဆိုတာဟာ မတွေးဝံ့စရာပါ။

နောက်ပြီးတော့ အဲဒီလို ဘုန်းတော်ကြီးယောင်၊ တစ်နည်းအားဖြင့် သံဃာယောင်ဆောင်ပြီး အကျင့်သီလ လုံးဝမရှိတဲ့ သင်္ကန်းဝတ်တွေ ဘယ်လောက်များများရှိနေသလဲဆိုတာလဲ စဉ်းစားကြည့်သင့်တဲ့အချက်ပါ။ သေချာတာ တစ်ခုကတော့ ဗုဒ္ဓသာသနာတော်ထဲမှာ အခွင့်အရေးသမားတွေ၊ အချောင်နေ၊ အချောင်စားလိုတဲ့စိတ်နဲ့ ဝင်ရောက်လိုသူတွေ၊ သီလမဲ့သူတွေကြောင့် ဗုဒ္ဓ သာသနာတော်ရဲ့ ဂုဏ်သတင်းဟာ သည်ဘက်ခေတ်မှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပြီဆိုတာပါပဲ။ 

တစ်ချိန်က မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ အနာဂတဘယသုတ်တော်မှာ သတိပေးထားသလိုပါပဲ။ ရဟန်းတော်တွေရဲ့ အသက်ဆိုတာ သီလပင်ဖြစ်တဲ့အတွက် ဗုဒ္ဓသာသနာတော်ထဲမှာ သီလစင်ကြယ်တဲ့ ပုဂ္ဂိုလ်ဦးရေ တိုးပွားလာတာဟာ သာသနာတော် စင်ကြယ်မှုအဆင့် တိုးတက်တာပဲလို့ မှတ်ယူမိပါတယ်။ ပိုပြီးကြောက်စရာ ကောင်းတာဟာ သင်္ကန်းခြုံပြီး ဗုဒ္ဓဘာသာယုံကြည် သက်ဝင်တဲ့သူတွေအပေါ် နိုင်ထက်စီးနင်းပြုတဲ့သူတွေ မတိုးပွားလာဖို့ဆိုတာပါပဲ။ 

ဘယ်လိုပဲဖြစ်ဖြစ် ဧရာဝတီတိုင်းက ဘုန်းတော်ကြီးကျောင်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီနေရာမှာ ရှင်းရှင်းလင်းလင်း ပြောလိုတာက တောဘက်၊ နယ်ဘက်တွေမှာ ငွေကြေးသာမက အသိဉာဏ်ဗဟုသုတ ဆင်းရဲနွမ်းပါးကြတာ မှန်ပေမယ့် မဟုတ်မဟတ် လုပ်တာမျိုးတွေကို တိုင်တန်းရဲတဲ့ သတ္တိရှိလာစေရေးအတွက် ဝိုင်းဝန်းကြရမှာဖြစ်သလို အကျင့်သီလမဲ့တဲ့ သင်္ကန်းဝတ်တွေကြောင့် ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားတဲ့ ရတနာသုံးပါးထဲက တစ်ပါး အပါအဝင်ဖြစ်တဲ့ သံဃာတော်တွေ ဂုဏ်သိက္ခာ မညှိုးနွမ်းရေးအတွက်လည်း သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ သံဃာ့အဖွဲ့အစည်းတွေက ထိထိရောက်ရောက် အရေးယူဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ စပါးပင်တွေကြားထဲမှာ ပေါင်းပင်တွေ ပေါက်တာဟာ ဓမ္မတာပါ၊ အခွင့်အရေးသမား၊ အချောင်သမားဆိုတာ မြတ်ဗုဒ္ဓ သက်ရှိထင်ရှားရှိစဉ်ကာလကတည်းက သူ့ရဲ့သာသနာတော်ထဲမှာ ရှိခဲ့တယ်မဟုတ်ပါလော။ ဘယ်လိုပဲဖြစ်ဖြစ် မည်သည့်အပင်သည် စပါးပင်၊ မည်သည့်အပင်သည် ပေါင်းပင်ဆိုတဲ့အချက်ကို ခွဲခွဲခြားခြား သိနိုင်ရေးနဲ့ ပေါင်းပင်တွေ နည်းသည်ထက် နည်းသွားရေးအတွက်ဆိုပါက အသိဉာဏ်နဲ့ ဗဟုသုတ ပြည့်စုံနေရုံ သာမက ဓမ္မစက်၊ အာဏာစက်တို့ဖြင့် ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းရဲတဲ့ အဖွဲ့အစည်းတွေလည်း အထူးလိုအပ်နေပြီဖြစ်တယ်လို့ ပြောလိုတာပဲ ဖြစ်ပါတယ်။ 

အယ်ဒီတာ (၂၆-၅-၂၀၁၈)