News

POST TYPE

EDITORIAL

တပ်မတော်သားအချို့ မန်တုံဒေသခံအချို့ အပေါ် နှိပ်စက်မှုကို ဆွေးနွေးချက် ကန့်ကွက်ခံရ
25-May-2018

နေပြည်တော်၊ မေ ၂၄

ရှမ်းပြည်နယ် (မြောက်ပိုင်း) မန်တုံမြို့နယ်တွင် တပ်မတော်သားအချို့က ဒေသခံများအပေါ် နှိပ်စက်မှုကို တိုင်ကြားခဲ့သော်လည်း ပြန်လည်ဖြေရှင်းခြင်းမရှိခဲ့ဟု မန်တုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုးက မေလ ၂၄ ရက်ကကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးမှုကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက ကန့်ကွက်ခဲ့သည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်၏ အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးက အကြံပြုခြင်း၊ ထောက်ခံခြင်းနှင့် ဆွေးနွေးခြင်းများပြုလုပ်ခဲ့ပြီး ဒေါ်နန်းမိုးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းကြောင့် ကန့်ကွက်ခံရခြင်းဖြစ်သည်။

မန်တုံဒေသတွင် ဒေသခံအချို့ကို တပ်မတော်သားအချို့က ညှဉ်းပန်းနှိပ်စက်ခဲ့သည့်ကိစ္စကို တိုင်ကြားခဲ့သော်လည်း တပ်မတော်၏ အကြောင်းပြန်ကြားစာမရခဲ့ဟု ထည့်သွင်းပြောကြားခဲ့ခြင်းကြောင့် ယင်းကိစ္စကို လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ပေးရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းနှင့် ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက ကန့်ကွက်ပြောကြားသည်။

ယင်းကိစ္စသည် လူ့အခွင့်အရေး ကော်မရှင်၏ အစီရင်ခံစာတွင် အရေးယူမှုများပြုလုပ်ထားပြီဟု ထည့်သွင်းရေးသားထားပြီးဖြစ်သောကြောင့် ဒေါ်နန်းမိုး၏ ဆွေးနွေးတင်ပြချက်ကို ပယ်ဖျက်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။

လူ့အခွင့်အရေးကော်မရှင်၏ အစီရင်ခံစာသည် ပြီးခဲ့သည့်နှစ်အတွင်း တင်ပြခဲ့သည့် အစီရင်ခံစာနှင့် နှိုင်းယှဉ်ပါက များစွာတိုးတက်ကောင်းမွန်လာကြောင်း ဆွေးနွေးသည့် လွှတ်တော်ကိုယ်စားလှယ်များက ပြောဆိုကြသည်။

S-01