News

POST TYPE

EDITORIAL

AI အဖွဲ့၏အစီရင်ခံစာ တပ်မတော်ကြိုဆို
25-May-2018

ရန်ကုန်၊ မေ ၂၄

ARSA အကြမ်းဖက်အဖွဲ့၏ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ဖော်ထုတ်ခဲ့သည့် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ၏ အစီရင်ခံစာကို ကြိုဆိုကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက မေလ ၂၄ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

ARSA အဖွဲ့၏ ရခိုင်ပြည်နယ်အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်ကို တပ်မတော်က သတင်းထုတ်ပြန်ခဲ့သော်လည်း ပြည်ပနိုင်ငံများနှင့် နိုင်ငံတကာသတင်းဌာနများက အသိအမှတ်ပြု လက်ခံခြင်းမရှိဘဲ တပ်မတော်အပေါ် ဖိအားပေးဆက်ဆံပြောဆိုခဲ့ပြီး လက်ရှိ AI အဖွဲ့၏ နောက်ဆုံးထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် ARSA အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများကို အထောက်အထား ခိုင်ခိုင်လုံလုံ သမာသမတ်ကျကျ ဖော်ပြခဲ့ခြင်းအပေါ် တပ်မတော်အနေနှင့် ကြိုဆိုပါကြောင်း တပ်ချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဘူးသီးတောင် - မောင်တောဒေသ ပဋိပက္ခဖြစ်စဉ်အမှန်ကို နိုင်ငံပိုင်မီဒီယာများ၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအပါအဝင် တပ်မတော်နှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် တွေ့ဆုံခြင်းတို့တွင် အထောက်အထား ခိုင်လုံစွာဖြင့် ရှင်းလင်းပြောဆိုခြင်း အထောက်အထားများ ပေးအပ်ခြင်းတို့ကို ပြုလုပ်လျက်ရှိရာ နိုင်ငံတကာသတင်းမီဒီယာများကလည်း AI အဖွဲ့သို့ပင် အမှန်တရားကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်သွားရန် တိုက်တွန်းကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတကာ သတင်းစာမျက်နှာများတွင် အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုကို ကိုးကားဖော်ပြမှု မရှိသလောက် နည်းပါးခဲ့ပြီး အနောက်နိုင်ငံများက မြန်မာအစိုးရနှင့် တပ်မတော်အပေါ် ဖိအားကြီးကြီးမားမားသက်ရောက်နေစဉ် အဆိုပါ အစီရင်ခံစာ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားသည့်အဖွဲ့ဖြစ်သည့် Amnesty International က ARSA အကြမ်းဖက်အဖွဲ့က ၂၀၁၇ ခုနှစ်က မောင်တောမြို့ကနယ်ရှိ ခမောင်းဆိပ်ကျေးရွာမှ ဟိန္ဒူအများအပြားကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ကို ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

ခမောင်းဆိပ်ကျေးရွာတွင် ဟိန္ဒူ အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၁၀ ဦး၊ ကလေး ၂၃ ဦးနှင့် အသက်ရှစ်နှစ်အောက် ကလေးငယ် ၁၄ ဦးတို့ကို ARSA အဖွဲ့က ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း အစီရင်ခံစာတွင် အဆိုပါ တိုက်ခိုက်မှုများမှ လွတ်မြောက်လာသူများ၏ ထွက်ဆိုချက်များကို ကိုးကား၍ ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်နေပြီး အခင်းဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများသို့ သွားရောက်ကာ မြေပြင်အထောက်အထားများ ဆက်လက်ရယူခွင့်ပြုရန် လိုအပ်ကြောင်းကိုလည်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က တိုက်တွန်းထားသည်။

J-08