News

POST TYPE

EDITORIAL

ကိုယ့်အကြောင်း သူတို့ကို ပေးသိပါ (Daily, Vol-6/No-37)
23-May-2018

ရခိုင်ပြည်နယ်တွင်း နေထိုင်သော ဟိန္ဒူဘာသာဝင်များကို ARSA ဘင်္ဂါလီ အကြမ်းဖက်အုပ်စုက အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည်ဟူသောကိစ္စကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က သက်သေ အထောက်အထားနှင့်တကွ အစီရင်ခံချက်တစ်စောင် ထုတ်ပြန်ခဲ့သည်ကို တွေ့ရပါသည်။ ရခိုင်အရေးကိစ္စတွင် ARSA အကြမ်းဖက်အုပ်စုကို ဘင်္ဂါလီအခွင့်အရေးအတွက် တိုက်ပွဲဝင်နေသည့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုသဖွယ် သတ်မှတ်ပြောဆိုနေသည့် အနောက်မီဒီယာအချို့နှင့် ပြည်ပ အဖွဲ့အစည်းအချို့အတွက် ပါးစပ်ဟောင်းလောင်း ဖြစ်သွားစေသည့် အစီရင်ခံစာဟု ဆိုလျှင်မှားမည် မဟုတ်ပေ။ 

အမှန်တွင် ဟိန္ဒူဘာသာဝင်များ အစုလိုက် အပြုံလိုက် ကွပ်မျက်ခံရသည့်ကိစ္စမှာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း သက်ဆိုင်ရာ အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သော်လည်း နိုင်ငံတကာ အသိုင်းအဝိုင်း၊ အထူးသဖြင့် အနောက် မီဒီယာများက အလေးပေးရေးသားခြင်း မရှိခဲ့ပေ။ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှ မီဒီယာများနှင့် သတင်းစာဆရာများက ရခိုင်ပြည်နယ်မှ ယင်းဟိန္ဒူဘာသာဝင်များအတွက် စိုးရိမ်မိကြောင်း ရေးသားဖော်ပြခဲ့ကြသည်ကိုတော့ သတိပြုမိပေသည်။

အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဟိန္ဒူဘာသာဝင် မြောက်မြားစွာ သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ သက်သေ အထောက်အထားသစ်များ ထပ်မံ ရရှိခဲ့ခြင်းကြောင့် ယင်းအစီရင်ခံစာကို အရေးတကြီး ရေးသားထုတ်ပြန်ခြင်းလည်း ဖြစ်ဟန်ရှိပါသည်။ ယမန်နှစ်က ဟိန္ဒူဘာသာဝင်များ သတင်းထွက်ပေါ်လာစဉ်က ယင်းကိစ္စနှင့်ပတ်သက်၍ အရေးတယူပြုမှု မလုပ်ခဲ့သော နိုင်ငံတကာ လူ့အခွင့်အရေး အုပ်စုများကို လူမှုကွန်ရက်သုံးသူ မြန်မာများက ဝေဖန်ခဲ့ကြပေသည်။

ယင်းလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အဆိုအရ ARSA အကြမ်းဖက်အုပ်စုသည် ဟိန္ဒူဘာသာဝင်များ နေထိုင်သည့် ကျေးရွာများ သာမက အခြားလူမျိုးစု ကျေးရွာများကိုလည်း တိုက်ခိုက်ခဲ့ရာ နောက်ထပ် သက်သေ အထောက်အထားများနှင့် စုံစမ်းဖော်ထုတ်မှုများစွာ လုပ်ဆောင်ရမည်ဖြစ်သည်ဟု သိရပေသည်။ မည်သို့သော သက်သေ အထောက်အထားများ ပေါ်ထွက်လာမည်ကို မသိနိုင်သော်လည်း သေချာသည်မှာ ယခုထုတ်ပြန်သည့် အစီရင်ခံစာကြောင့် ယင်းဘင်္ဂါလီ အကြမ်းဖက်အုပ်စုနှင့်ပတ်သက်၍ ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများ၏ အမြင်များ ပြောင်းလဲသွားမည်ဖြစ်ပေသည်။ ထို့အတူ ARSA အုပ်စု အပါအဝင် အခြားနိုင်ငံတကာမှ အစွန်းရောက် အကြမ်းဖက် အုပ်စုများ ဒုက္ခပေးလာမည်ကို စိုးရိမ်သည့် မြန်မာပြည်သူများ၏ သဘောထားကိုလည်း တစ်နည်းတစ်ဖုံ နားလည်လာလိမ့်မည်ဟု ယူဆရပေသည်။

မည်သို့ပင်ဆိုစေ ရခိုင်အရေးကိစ္စ တစ်ခုတည်းသာမက လက်ရှိ မြန်မာနိုင်ငံ၏ ပြဿနာကြီးများကို ကြည့်မည်ဆိုလျှင် (မြန်မာ) ပြည်တွင်းနှင့် ပြည်ပ အချိတ်အဆက် ပြတ်နေသည်ဟူသောအချက်ကို တွေ့မြင်နိုင်သည်။ ပို၍ပွင့်ပွင့်လင်းလင်း ပြောရလျှင် မြန်မာအစိုးရနှင့် တပ်မတော် အပါအဝင် ပြည်တွင်းမှ အာဏာပိုင် အဖွဲ့အစည်းများအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ယုံကြည်မှု လျော့ကျနေခြင်းပင်ဖြစ်သည်။ ဤသို့သော အခြေအနေတွင် နိုင်ငံတကာက လူ့အခွင့်အရေးနှင့် လူသားချင်း စာနာထောက်ထားမှု ကိစ္စကို အလေးပေးသည်မှာ မှန်သော်လည်း မြန်မာနိုင်ငံ၏ ပြည်တွင်း သမိုင်းကြောင်း၊ ဒေသခံများ၏ စိတ်နေသဘောထားနှင့် ရှုပ်ထွေးနက်နဲမှုများကိုလည်း နိုင်ငံတကာ အသိုင်းအဝိုင်းအနေနှင့် ပိုမိုသိရှိခွင့် ရရှိအောင် မည်သို့ကြိုးပမ်းကြမည် ဟူသောအချက်ကို အလေးအနက်ထား စဉ်းစားကြရမည်ဖြစ်ကြောင်း ဖော်ပြလိုရင်းဖြစ်ပေသည်။

အယ်ဒီတာ (၂၃-၅-၂၀၁၈)