News

POST TYPE

EDITORIAL

ဓနသဟာယအဖွဲ့သို့ ပြန်လည်ဝင်ရောက်ရန် ဇင်ဘာဘွေနိုင်ငံလျှောက်ထား
23-May-2018

ဟာရာရီ၊ မေ ၂၂

ဇင်ဘာဘွေနိုင်ငံသည် ဓနသဟာယအဖွဲ့သို့ ပြန်လည်ဝင်ရောက်ရန် လျှောက်ထားလိုက်ပြီးအထွေထွေ ရွေးကောက်ပွဲများသို့ နိုင်ငံတကာလေ့လာစောင့်ကြည့်သူများလာရောက်ရန် ဖိတ်ကြားခဲ့ကြောင်း DW သတင်းဌာနက ဖော်ပြသည်။ 

ယင်းမှာ သမ္မတရောဘတ်မူဂါဘီ ဖြုတ်ချခံရလိုက်ပြီးနောက်ပိုင်း နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပြန်လည်ထိတွေ့ဆက်ဆံရေးအတွက် အကြီးစားခြေလှမ်းတစ်ရပ် ဖြစ်သည်။

ဓနသဟာယအဖွဲ့မှ နုတ်ထွက်ခဲ့အပြီး ၁၅ နှစ်နီးပါးအကြာတွင်လက်ရှိသမ္မတ အမ်မာဆင် အမ်နန်ဂါဂွါအဖွဲ့သို့ ပြန်လည်ဝင်ရောက်ရန် လျှောက်ထားလိုက်ခြင်းဖြစ်သည်ဟု ဓနသဟာယအဖွဲ့က ထုတ်ပြန်ခဲ့သည်။ မေလ ၁၅ ရက်နေ့ ရက်စွဲတပ်လျှောက်လွှာကို လက်ခံရှရှိကြောင်း ၂၁ ရက်နေ့တွင် အဖွဲ့က ထုတ်ပြန်ခဲ့သည်။

“အခြေအနေများသင့်လျော်ချိန်တွင် ဇင်ဘာဘွေနိုင်ငံအဖွဲ့တွင်းသို့ ပြန်လည်ဝင်ရောက်လာမည်ကို အခြားအဖွဲ့ဝင်နိုင်ငံများက မျှော်လင့်နေကြကြောင်း” ဓနသဟာယအဖွဲ့ အတွင်းရေးမှူးချုပ်ပက်ထရစ် ရှာစကော့တလန်ကပြောကြားသည်။

“အဖွဲ့ဝင်အဖြစ် လျှောက်ထားမှု အောင်မြင်မယ်ဆိုရင် ဇင်ဘာဘွေရဲ့ ဓနသဟာယအဖွဲ့ကို ပြန်လည်ဝင်ရောက်လာမှုဟာ ကျွန်မတို့ရဲ့ မျှဝေလက်ခံထားတဲ့ ကျယ်ပြောတဲ့ သမိုင်းကြောင်းအတွက် အမှတ်ရစရာအခါသမယဖြစ်လာမှာပါ” ဟု စကော့တလန်ကပြောကြားခဲ့သည်။

ရောဘတ်မူဂါဘီလက်ထက် ၂၀၀၃ ခုနှစ်တွင် ဇင်ဘာဘွေနိုင်ငံမှာ ဓနသဟာယအဖွဲ့မှ နုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။

၁၉၈၀ ပြည့်နှစ်လွတ်လပ်ရေးရကတည်းက ဇင်ဘာဘွေကိုအုပ်ချုပ်ခဲ့သော မူဂါဘီကို ပြီးခဲ့သည့်နှစ်နိုဝင်ဘာလတွင် အဖွဲ့တွင်းမှ အခြားခေါင်းဆောင်များက စစ်တပ်အကူအညီဖြင့် အာဏာပြန်သိမ်းခဲ့ခြင်းဖြစ်သည်။ 

လာမည့်ဇူလိုင်လတွင် ကျင်းပရန် ရည်ရွယ်ထားသော ဇင်ဘာဘွေအထွေထွေ ရွေးကောက်ပွဲသို့ နိုင်ငံတကာမှ လေ့လာစောင့်ကြည့်သူများ လာရောက်ရန်လည်း သမ္မတအမ်နန်ဂါဂွါက ဖိတ်ကြားခဲ့သည်။

ဓနသဟာယအဖွဲ့သို့ ပြန်လည်ဝင်ရောက်နိုင်ရန် ဇင်ဘာဘွေအနေနှင့် ဒီမိုကရေစီ အပါအဝင်အဖွဲ့၏စံနှုန်းများကို လိုက်နာရမည်ဖြစ်သလို တရားဥပဒေ စိုးမိုးရေးနှင့် လူ့အခွင့်အရေးအကာ ကွယ်ပေးရေးအတွက်ပါ ဆောင်ရွက်နေကြောင်း သက်သေပြရန်လိုအပ်သည်ဟု ဓနသဟာယအဖွဲ့က ထုတ်ပြန်ထားသည်။

F-03