News

POST TYPE

EDITORIAL

ထိုင်းစစ်အစိုးရဆန့်ကျင်ရေးနှင့် ရွေးကောက်ပွဲကျင်းပပေးရေးအတွက် အတိုက်အခံများဘန်ကောက်တွင်စုဝေး၊ အာဏာပိုင်များပိတ်ဆို့ဟန့်တား
23-May-2018



ဘန်ကောက်၊ မေ ၂၂

ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်တွင် စစ်အစိုးရဆန့်ကျင်ရေးအင်အားစုများက အစိုးရရုံးရှိရာသို့ ချီတက်ဆန္ဒပြပြီးလာမည့် နိုဝင်ဘာလ၌ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးရေးတောင်းဆိုရန် စီစဉ်ခဲ့ကြရာ ရဲတပ်ဖွဲ့နှင့် လုံခြုံရေးအာဏာပိုင်များက အဟန့်အတားများချကာ ပိတ်ဆို့ခဲ့ကြကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဆန္ဒပြအင်အားစုများချီတက်မည့်သတင်းကြောင့် ရဲတပ်ဖွဲ့ကအစိုးရရုံးနှင့် ပတ်ပတ်လည်လမ်းများကို ဖြတ်သန်းသွားလာခွင့်မရှိသောဇုန်အဖြစ် သတ်မှတ်လိုက်သည်။ ထို့ပြင် ဆန္ဒပြသူများအနေနှင့် လူစုလူဝေးမပြုလုပ်ရဟူသည့် စစ်အစိုးရ၏ ကန့်သတ်ပိတ်ပင်မှုကို အာမခံကြရန် သတိပေးချက်ထုတ်ပြန်သည်။ 

ဆန္ဒပြအင်အားစုများက ဘန်ကောက်ရှိတက္ကသိုလ်တစ်ခုအနီးတွင် စုဝေးပြီး ယင်းနေရာမှ ထိုင်းအစိုးရရုံးရှိရာသို့ ချီတက်ရန် အင်္ဂါနေ့က ပြင်ဆင်ခဲ့ကြသည်။ 

ရဲတပ်ဖွဲ့က ယင်းတက္ကသိုလ်အနီးတွင်လည်း အပိတ်အဆို့၊ အဟန့်အတားများ ပြုလုပ်ထားကြသည်။ သို့အတွက်ကြောင့် ဆန္ဒပြသူများကလည်း စုဝေးခွင့်မရအောင် ဟန့်တားခံရမှုအပေါ် မကျေမနပ်အော်ဟစ်ခဲ့ကြသည်။ 

အဆိုပါဆန္ဒပြပွဲဖြစ်မြောက်အောင် ဦးဆောင်ခဲ့သူများအနက် တစ်ဦးအပါအဝင်ဖြစ်သော ဆီရာဝတ်ဆာသီဝတ်က ချီတက်ဆန္ဒပြပွဲကို ငြိမ်းချမ်းစွာပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်သည်ဟု ပြောကြားသည်။ 

“ကျွန်တော်တို့ကို ချီတက်ခွင့်ပြုစေချင်တယ်၊ ကျွန်တော်တို့ကလည်း ဒီနေ့ လုပ်ရမယ့်ကိစ္စတွေကို အချိန်ကြာအောင်ဆွဲမထားချင်ဘူး”ဟု ၎င်းက ပြောကြားသွားသည်။ 

ရဲတပ်ဖွဲ့အဆိုအရ ဆန္ဒပြသူ ၁၀၀ ခန့် ဦးစွာလာရောက်စုဝေးခဲ့ကြပြီးနောက် အခြားသူများလည်း တဖွဲဖွဲနှင့်ရောက်ရှိလာကြသည်။

ဆန္ဒပြသူများသည် ထိုင်းနိုင်ငံရေး တက်ကြွလှုပ်ရှားသူများအားအာဏာပိုင်များက ဖိနှိပ်နေမှုနှင့်ပတ်သက်၍လည်း ထုတ်ဖော်ပြောဆိုထားကြသည်။ ဆီရာဝတ် ဆာသီဝတ်၏အဆိုအရ ထိုင်းနိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၂ ဦးမှာ လျှို့ဝှက်သည့် နေရာတစ်ခုတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည်။

ထိုင်းနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှစတင်ကာ အာဏာသိမ်းယူခဲ့သည့် စစ်အစိုးရ (ထိုင်းအမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကောင်စီ-NCPO) သည် ယခုအခါပြည်သူများ၏ မျက်မုန်းကျိုးမှုနှင့်ရင်ဆိုင်နေရသည်။ စစ်အစိုးရက အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲကျင်းပကာ ဒီမိုကရေစီပြန်လည်ဖော်ဆောင်ပေးမည်ဟုဆိုခဲ့သော်လည်း ယနေ့အချိန်အထိ ရွေးကောက်ပွဲ မကျင်းပနိုင်ခြင်းကြောင့် ထိုင်းစစ်အစိုးရမှာဖိအားပေးမှုများနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။ 

စစ်အစိုးရကရွေးကောက်ပွဲကျင်းပပေးမည်ဟု ထပ်ခါတလဲလဲပြောဆိုခဲ့သော်လည်း ယနေ့အထိ ကျင်းပပေးနိုင်ခြင်းမရှိမှုအပေါ် ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများက ပြင်းထန်စွာဝေဖန်ခဲ့ကြသည်။ 

လတ်တလောအနေအထားတွင် ထိုင်းစစ်အစိုးရကရွေးကောက်ပွဲကို လာမည့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ၌ ကျင်းပရန် စီစဉ်ထားသည်ဟုဆိုသည်။

F-01