News

POST TYPE

EDITORIAL

နာဂျစ်၏ ရွေးကောက်ပွဲအလွန် ကံဆိုးမိုးမှောင်ကျမှုများ


ယခင်မလေးရှားနိုင်ငံ ဝန်ကြီးချုပ် နာဂျစ်ရာဇက်၏ နေအိမ်ကို မေလ ၁၆ ရက်နေ့ ညက ရဲတပ်ဝင်များ ဝင်ရောက်စီးနင်းပြီး ရှာဖွေသိမ်းဆည်းမှုများ ဖြစ်ပွားခဲ့သည်။ တစ်ညလုံးနီးပါးရှာဖွေမှုသည် နာဂျစ်နှင့် ဆက်စပ်နေသည့်နေရာ ငါးနေရာဖြစ်ပြီး မိုးလင်းမှ ရှာဖွေမှု ပြီးဆုံးသွားခဲ့သည်။ မလေးရှားရဲတပ်ဖွဲ့က လက်ဆွဲအိတ်ကြီးများနှင့် အခြားထုပ်ပိုးထားသည့် ပစ္စည်းသေတ္တာကြီးများကို သိမ်းဆည်းပြီး ယူဆောင်သွားကြသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်ခန့်က ရွေးကောက်ပွဲတွင် အဖြုတ်ခံလိုက်ရသော နာဂျစ်၏ ရှေ့နေကလည်း ရဲတပ်ဖွဲ့သည် ငွေမည်းခဝါချမှုနှင့် ပတ်သက်ပြီး စစ်ဆေးရန် အတွက် ဝန်ကြီးချုပ်ဟောင်း၏ ပိုင်ဆိုင်သော ပစ္စည်းများကို သိမ်းဆည်းသွားခြင်းဖြစ်ကြောင်း အတည်ပြုပြောကြားသည်။

မေလ ၁၆ ရက်နေ့ညကတည်းက လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်များသည် မစ္စတာနာဂျစ်၏ အိမ်ကို ဝင်စီးခြင်းဖြစ်သည်။ နာဂျစ်သည် ဗလီတွင် ဝတ်ပြုဆုတောင်းပြီး ပြန်လာချိန်မှာ မကြာသေး ဒေသစံတော်ချိန် ည ၁၀ နာရီ ခန့်သာရှိဦးမည်။ ရဲတပ်ဖွဲ့ဝင်များသည် ၁၂ နာရီခန့် ရှာဖွေကြသည်မှာ ၁၇ရက်နေ့ မိုးသောက်တိုင်ဖြစ်သည်။ ကြီးမားသော အိတ်ကြီးများ၊ သေတ္တာကြီးများကို ထရပ်ကားကြီးများဖြင့် နောက်တစ်နေ့တွင် တိုက်ထုတ်သွားကြသည်။ နာဂျစ်၏ ရှေ့နေ ဟာပယ်ဆင်း ဂရူးဝေါလ်က သတင်းထောက်များကို အိမ်တော်ရှေ့တွင် -

“ငွေမည်းခဝါချမှုနဲ့ ပတ်သက်ပြီး စစ်ဆေးတာပါ။ ဒါပေမဲ့ ပြစ်မှုကျူးလွန်ထားတဲ့ အထောက်အထားတွေ မတွေ့ပါဘူး”ဟု ပြောကြားသည်။

ရဲတပ်ဖွဲ့က နာဂျစ်မိသားစုပိုင်ဆိုင်သည့် ပစ္စည်းများကို သိမ်းသွားခြင်းဖြစ်ပြီး ထိုအထဲတွင် ဝန်ကြီးချုပ်ကတော် ကိုင်ဆောင်ခဲ့သော လက်ကိုင်အိတ်အများ အပြားလည်း ပါဝင်နေသည်။ နာဂျစ်အဖမ်းခံရနိုင်သလားဟု သတင်းထောက်များက ရှေ့နေကို မေးသည့် အခါတွင် ရဲတွေက ဖမ်းမယ့်အနေအထား မရှိပါဘူးဟု ထိုနေ့က ပြောကြားခဲ့သည်။ 

နာဂျစ်နှင့် ပတ်သက်သည့် နေရာငါးနေရာကို ရဲတပ်ဖွဲ့က ရှာဖွေခဲ့သော်လည်း ယနေ့အထိ သတင်းအတိအကျကို ထုတ်ပြန်ခြင်းမရှိသေးပေ။ ရှာဖွေသည့်အထဲတွင် နာဂျစ်ပိုင်ဆိုင်သည့် ကွန်ဒိုတိုက်ခန်းကြီး နှစ်ခန်းလည်းပါသည်။ ထိုအဆောက်အအုံများကို ရဲတွေက ဝိုင်းထားပြီး ရှာဖွေခဲ့ကြခြင်းဖြစ်သည်။ 

နာဂျစ်၏ အိမ်များကို ဝင်ရောက်ရှာဖွေနေကြခြင်းမှာ 1MDB ဆိုသည့် ရန်ပုံငွေများအရှုပ်တော်ပုံနှင့် ဆက်စပ်နေမှန်း အားလုံးသိထားကြသည်။ ထို့ပြင် နာဂျစ်လက်ထက်က ဖုံးကွယ်ထားသည့် အရေးမယူနိုင်ခဲ့သော အကြောင်းအရာပေါင်းများစွာကလည်း အရိပ်မည်းကြီးလို ရှိနေသေးသည်။

မလေးရှားဝန်ကြီးချုပ်အသစ် မဟာသီယာတက်လာသည်မှ မကြာသေး မွန်ဂိုးလီးယားနိုင်ငံ သမ္မတက ၂၀၀၆ ခုနှစ်တွင် မွန်ဂိုးလီးယန်း မော်ဒယ်လ်တစ်ယောက် အသတ်ခံရမှုကို ပြန်လည်စစ်ဆေးပေးရန် မေတ္တာရပ်ခံထားသည်။ အသက် ၂၈ နှစ်အရွယ်ရှိ မွန်ဂိုးလီးယား မော်ဒယ်လ် ရှာရီဘူး အယ်တန်တူယာသည် ကွာလာလမ်ပူမြို့ ပြင်၌ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ ထိုမော်ဒယ်ကို သတ်မှုဖြင့် ရဲအရာရှိဟောင်းနှစ်ဦးကို ၂၀၁၅ ခုနှစ်မှ သေဒဏ်ချနိုင်ခဲ့သည်။

အကယ်၍သာ ထိုအမှုကို ပြန်ပြီးဖွင့်ကာ စစ်ဆေးခွင့်ရလျှင် နာဂျစ်နှင့် ပတ်သက်နေလိမ့်မည်ဟု ယူဆသူတွေက ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် ထိုမော်ဒယ်လ်သည် နာဂျစ်ဘေးတွင် ရှိနေသူတွေနှင့် ပတ်သက်နေသောကြောင့်ဖြစ်သည်။ သို့သော် နာဂျစ်က ထိုမော်ဒယ်လ်ကို တစ်ကြိမ်မှ မမြင်ဖူးကြောင်း ငြင်းဆိုရင်း ရဲအရာရှိနှစ်ဦး သေဒဏ်ပေးခံလိုက်ရခြင်းဖြစ်သည်။ 

1MDB ရန်ပုံငွေကိစ္စတွင် ဘီလီယံနှင့်ချီသော ဒေါ်လာများသည် စာရင်းပျောက်နေဆဲဖြစ်သည်။ နာဂျစ်သည် ၂၀၁၅ ခုနှစ်က သူ့အိတ်ထဲသို့ ဒေါ်လာ သန်း ၇၀၀ ခန့်ထည့်ထားပြီးဖြစ်ကြောင်း စွပ်စွဲခဲ့ သော်လည်း သူကငြင်းဆိုခဲ့သလိုအမှုလည်း ဖော်နိုင်ခြင်းမရှိခဲ့ပေ။ အသစ်တက်လာသည့် ဝန်ကြီးချုပ်မဟာသီယာကလည်း ပျောက်ဆုံးနေသောငွေများကို ပြန်လည်ရရှိအောင် လုပ်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်နေသည်။ ထို့ကြောင့်လည်း သူကနာဂျစ်နှင့် သူ့ဇနီး ရို့စ်မာ မန်ဆာကို နိုင်ငံအတွင်းက မထွက်ခွာရန် ပိတ်ပင်လိုက်သည်။ မလေးရှားနိုင်ငံ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ကော်မရှင်ကလည်း မေလ ၂၂ ရက်နေ့တွင် နာဂျစ်အမှုကို စတင်ကြားနာစစ်ဆေးမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

၂၀၁၆ ခုနှစ်တွင် အမေရိကန်အစိုးရ ရှေ့နေအဖွဲ့က တစ်စုံတစ်ယောက်သည် 1MDB ရန်ပုံငွေ ထဲမှငွေများကို လွှဲပြောင်းထုတ်ယူနေကြောင်း သတိပေးခဲ့သည်။ ထိုသို့ ငွေများကို ကဲ့ထုတ်နေသူမှာ မလေးရှားနိုင်ငံ၏ နံပါတ်တစ်ခေါင်းဆောင်ပိုင်းက ဖြစ်သည်ဆိုသော်လည်း နာဂျစ်က ထိုကိစ္စကို သူမသိကြောင်း၊ သူလည်း မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။

နာဂျစ်အိမ်တော်ကို ရဲတပ်ဖွဲ့ဝင်ရောက်မစီးနင်းမီတစ်ရက်က ဝန်ကြီးချုပ် မဟာသီယာအား ယခင်ရှေ့နေချုပ်ဟောင်းဖြစ်သူ အဘဒူဂါနီက အကယ်၍ နာဂျစ်သည် ဤနိုင်ငံမှ ထွက်သွားလျှင် သူ့ကိုဘာမှ အရေးမယူနိုင်တော့ကြောင်း သတိပေးခဲ့ပြီး ညမှာပင် နာဂျစ်အိမ်ကို ဝင်ရောက်စီးနင်းခြင်းဖြစ်သည်။ မဟာသီယာကလည်း ဥပဒေကို ချိုးဖောက်ထားသည်မှန်လျှင် အရေးယူမည်သာဖြစ်ကြောင်း ကတိပေးထားသည်။ 

နာဂျစ်သည် 1MDB ဆိုသည့် ရန်ပုံငွေ အရှုပ်တော်ပုံထဲတွင် ၂၀၀၉ ခုနှစ်ကတည်းက ပါဝင် ပတ်သက်နေခဲ့သူဖြစ်သည်။ အမေရိကန်ပြည်ထောင်စုမှ လေ့လာထောက်လှမ်းနေသူများက နာဂျစ်နှင့် အပေါင်းအပါများ ထိုရန်ပုံငွေထဲက ခိုးထုတ်ထားသော ငွေများမှ ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံခန့်ပင် ရှိလိမ့်မည်ဟု ခန့်မှန်းထားသည်။ 

1MDB ဆိုသည်မှာ 1Malaysia Development Berhad (1MDB) ကို အတိုကောက်ခေါ်ဆိုခြင်းဖြစ်ပြီး မလေးရှားနိုင်ငံ၏ ဝန်ကြီးဌာန Minister of Finance Incorporated Malaysia (MOFI) က ပိုင်ဆိုင်ထူထောင်ထားသော ကုမ္ပဏီအဖွဲ့အစည်းကြီး တစ်ခုလည်းဖြစ်သည်။ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများဖြင့် မလေးရှားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ထူထောင်ထားသော အဖွဲ့အစည်းကြီးတစ်ခုလည်းဖြစ်သည်။ စွမ်းအင်၊ လူနေအဆောက်အအုံ တည်ဆောက်ရေး၊ နိုင်ငံခြားခရီးသွားလုပ်ငန်းများနှင့် လယ်ယာစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုများ လုပ်ဆောင်နိုင်ရန် ငွေလုံးငွေရင်းများဖြင့် ထူထောင်ဖွဲ့စည်းထားသည့် အစိုးရပိုင် ကုမ္ပဏီလုပ်ငန်းကြီးတစ်ခု ဖြစ်သည်။ သို့သော် 1MDB မှ ၂၀၁၅ ခုနှစ်တွင် ငွေကဲ့ထုတ်မှုများရှိနေကြောင်း အမေရိကန်တရားရေးဌာန United States Department of Justice (DOJ) ၏ ထုတ်ပြန်ချက်မှာ လူတိုင်းစိတ်ဝင်စားစရာ ဖြစ်သွားသည်။ နာဂျစ်လက်ထက်တွင် 1MDB က ကဲ့ထုတ်သွားသော ငွေပမာဏမှာ ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံဖြစ်သည်။ ထိုငွေတွေ မည်သူ၏ အိတ်ထဲကို ရောက်သွားသနည်း။ ယခုအစပြန်ဖော်နေကြရပြီဖြစ်သည်။ 

မဟာသီယာထံက အသံတွေထွက်လာသည်။ အကယ်၍ နာဂျစ်သာ ဤငွေများကို ယူထားသည်မှန်လျှင် ဘာမှစေ့စပ်ညှိနှိုင်းဆွေးနွေးစရာ အကြောင်းမရှိ။ အရေးယူမည်ဟု ယတိပြတ်ပြောသည်။ ထို့ပြင် သူထင်ထားသည်ထက် နာဂျစ်သည် အမှားတွေ ကျူးလွန်ခဲ့သောကြောင့် စိတ်ပျက်မိကြောင်းလည်း မဟာသီယာက ဆိုသည်။

နာဂျစ်ကို အမေရိကန်ကစွပ်စွဲသောကြောင့် စစ်ဆေးခဲ့စဉ်က ဦးဆောင်ခဲ့သူမှာ ယခင်တရား သူကြီးချုပ်ဟောင်း ဂါနီဖြစ်သည်။ သို့သော် သူကိုယ်တိုင် က နာဂျစ်ကို အပြစ်ကျူးလွန်ထားခြင်း မရှိဟုဆိုကာ အမှုကိုပိတ်ပြီးခဲ့ပြီးဖြစ်သည်။ မဟာသီယာက ထိုငွေများကို မိမိတို့အနေနှင့် ပြန်ရရန် အရေးကြီးကြောင်း ပြောကြားသည်။ 

ထိုငွေများသည် ယခုအခါ ဆွစ်ဇာလန်၊ အမေရိကန်ပြည်ထောင်စု၊ စင်ကာပူနှင့် လူဇင်းဘတ်တို့တွင် ရှိကောင်းရှိနိုင်သည်။ ထိုနိုင်ငံများက အစိုးရများနှင့် ပူးပေါင်းပြီး ထုတ်သွားသည့်ငွေများကို ပြန်ရအောင်လုပ်မည်ဟု မဟာသီယာက ပြောဆိုခဲ့သည်။ 

“အဲဒီငွေတွေက မလေးရှားကပိုင်တာပါ။ 1MDB ကနေလာတာပါ။ ကျွန်တော်တို့အနေနဲ့ အဲဒီငွေတွေ ကို မလေးရှားနိုင်ငံကို ပြန်ပေးအောင် တောင်းပန်မှာပါ” ဟုလည်း ဝန်ကြီးချုပ်အသစ် မဟာသီယာက ဆိုသည်။

မဟာသီယာက 1MDB နှင့်ပတ်သက်နေသည့် ကြွေးမြီများ အားလုံးကိုလည်း ပြန်လည်ပေးအပ်မည် ဖြစ်ကြောင်းသဘောတူထားသည်။ ထိုအမှုကို စစ်ဆေးနိုင်ရန်အတွက် နာဂျစ်နှင့် ဇနီးကိုလည်း ပြည်ပသို့ ထွက်ခွာခွင့် တားမြစ်ပိတ်ပင်ထားသည်။ ဝန်ကြီးချုပ်တာဝန်ကို ၂၂ နှစ်တိုင် တာဝန်ထမ်းဆောင်ခဲ့သည့် မဟာသီယာသည် အသက် ၉၀ ကျော်မှ တိုင်းပြည်၏ တစ်ကျော့ပြန်ဝန်ကြီးချုပ်တာဝန်ကို ယူထားရသည်။ သူတာဝန်ယူလိုက်သည်နှင့် စတင်ကိုင်တွယ်လိုက်ရသည့် ပြဿနာမှာ 1MDB ဖြစ်နေပြီး နာဂျစ်ကိုပါ အပိုင်ကိုင်ပြီး စစ်ဆေးရတော့မည်ဖြစ်သည်။

မဟာသီယာက သူ့အစိုးရအနေနှင့် ငွေကြေးဖြုန်းတီးမှုများကိုပါ လျှော့ချရန် ပြင်ဆင်နေကြောင်း ပြောကြားသည်။ ဖြစ်နိုင်လျှင် အစိုးရအဖွဲ့အတွင်း တာဝန်ယူမည့်သူများနှင့် အုပ်ချုပ်ရေးတာဝန်များကို ယူမည့်သူအားလုံးကိုပါ လျှော့ချနိုင်ရန် စီစဉ်နေသည်။ ၂၀၁၆ ခုနှစ်က နာဂျစ်အစိုးရသည် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအခွန်ကို ၆ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံခဲ့သည်။ ထိုအခွန်များက လူနေမှုစရိတ်ကို ပိုပြီး တိုးမြင့်သွားစေသောကြောင့် မလေးရှားပြည်သူများ ဒေါသထွက်ခဲ့ကြရသည်။ 

မလေးရှား ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် မဟာသီယာက ဘဏ္ဍာရေး၊ ပြည်ထဲရေးနှင့် ကာကွယ်ရေးဝန်ကြီးများကို ဖြည်းဖြည်းချင်း ပြုပြင်ပြောင်းလဲသွားရန် စတင်စီစဉ်တော့သည်။ သို့သော်သူက -

“အလွန်ခက်ခဲပါတယ်။ အချိန်တွေငွေတွေ အများကြီးကုန်ခဲ့တာပဲ။ ကျွန်တော် အိပ်လို့တောင် မပျော်ပါဘူး။ ဘာဖြစ်ဖြစ်ပါ ကျွန်တော်ဒါတွေကို ကိုင်တွယ်ရမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒါတွေကို ကိုင်တွယ်ဖို့ ကျွန်တော့်ကို ဝန်ကြီးချုပ်ခန့်ထားလို့ပဲ။ ကျွန်တော့်မှာ ငြင်းခွင့်မရှိဘူးလေ”ဟု မဟာသီယာက ပြောကြားသည်။ 

မေလ ၂၀ ရက်နေ့က နာဂျစ်သည် မိမိအနေနှင့် ထိုငွေများကို ခိုးယူထားခြင်းမရှိကြောင်း ဆက်ပြီး ငြင်းဆိုခဲ့သည်။ သူ့ကို ရွေးကောက်ပွဲရှုံးခြင်းကြောင့် အာဏာဆုံးရှုံးရခြင်းအပေါ် အခွင့်ကောင်းယူပြီး ယခုကဲ့သို့ မတရားစွပ်စွဲကာ လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း ပြောကြားသည်။

နာဂျစ်ကို ဆန့်ကျင်သည့် ပြည်သူတွေ၏ အသံတွေကပိုပြီး ကျယ်လောင်လာသော်လည်း နာဂျစ်က သူ့ပါတီကို “ဆက်တိုက်” ဟု အားပေးစကားပြောကြားသွားသည်။ 

“ကျုပ် ပြည်သူ့ငွေတွေကိုမခိုးဘူး။ ကျုပ်က အာဏာကို ဂုဏ်သိက္ခာရှိရှိ လွှဲပေးခဲ့တယ်။ ဒါပေမဲ့ကျုပ်ကို သိက္ခာရှိရှိ ပြန်ဆက်ဆံတာမခံရဘူး” ဟု နာဂျစ်က နားကြည်းစွာဖြင့် ပြောကြားခဲ့သည်။ 

အသက် ၆၄ နှစ်အရွယ် နာဂျစ်သည် တိုင်းပြည်က ထွက်ခွင့်မရတော့သည့်အပြင်၊ စောင့်ကြည့်ခံနေရပြီး မကြာမီ အစစ်ဆေးပါခံရတော့မည်ဖြစ်သည်။ သူ့ကို 1MDB အမှုတွင် တာဝန်အရှိဆုံး ပုဂ္ဂိုလ်အပြင်၊ ငွေမည်းခဝါချမှုများ၊ တရားမဝင်ငွေများ ပိုင်ဆိုင်ထားမှုများဖြင့် အရေးယူနိုင်ရန် ပြင်ဆင်နေကြပြီဖြစ်သည်။ သူ့အိမ်တော်အတွင်း ထိန်းသိမ်းသွားသော ပစ္စည်းစာရင်းကို တရားဝင်ကြေညာခြင်း မရှိသေး။ သေတ္တာလိုက်၊ အထုပ်လိုက် သယ်ဆောင်သွားသည့် ထရပ်ကားတွေကိုတော့ ပြည်သူတွေက စိတ်ဝင်စားစွာဖြင့် ဝိုင်းကြည့်ဝေဖန်နေကြပြီဖြစ်သည်။

နာဂျစ်ဖမ်းဆီးထောင်ချထားသည့် အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် အန္နဝါ အီဘရာဟင်ကို မေလ ၁၆ ရက်နေ့က မဟာသီယာသည် ထောင်မှလွှတ်ပေးလိုက်သည်။ သူ့ကို ၂၀၁၅ ခုနှစ်ကတည်းက နိုင်ငံရေးချောင်ထိုးရန် ထောင်ထဲပို့ထားလိုက်ခြင်းဖြစ်သည်။ အန္နဝါက 1MDB ကိစ္စနှင့် ပတ်သက်ပြီးငွေများ ပျောက်ဆုံးနေမှု၌ နာဂျစ်တွင် လုံးဝတာဝန်ရှိကြောင်း ပြောကြားသည်။ သူက နာဂျစ်သည် ယခု တစ်ကြိမ်တွင်တော့ ထောင်ကိုရှောင်လွှဲရန်မှာမဖြစ် နိုင်တော့ကြောင်း ပြောကြားသည်။ 

လက်ရှိမလေးရှားနိုင်ငံရေးက စိတ်ဝင်စားစရာဖြစ်သည်။ အသက် ၉၂ နှစ်အရွယ် မဟာသီယာကလည်း သူသည် ဝန်ကြီးချုပ်တာဝန်က နှစ်ပိုင်းလောက်သာ တာဝန်ယူမည်ဟု ပြောထားသည်။ ထိုအချိန်တွင် အတိုက်အခံ ခေါင်းဆောင် အန္နဝါကို လွှတ်ပေးလိုက်သည်။ သူ့နေရာကို ဆက်ခံမည့်သူမှာ အန္နဝါဖြစ်လာမည်လား ပြည်သူတွေကသာမက ကမ္ဘာကပါ စိတ်ဝင်စားကြသည်။ သို့သော် အန္နဝါက လက်ရှိ အစိုးရအဖွဲ့တွင် သူတာဝန်မထမ်းဆောင်နိုင်ကြောင်း ငြင်းဆိုထားသည်။

(Ref: AFP, First Post, South China Morning Post, BBC, ABC)

ကျော်ဗလ