News

POST TYPE

EDITORIAL

တနင်္သာရီဂျာနယ်ကို တရားစွဲထားမှု တရားလိုပြသက်သေနှင့် စွပ်စွဲခံသူဘက်က ရှေ့နေမလာ၍ မစစ်ဖြစ်
21-May-2018
ထားဝယ်၊ မေ ၂၁ 

မဲဆွယ်အပြုံးသရော်စာ ဖော်ပြသည့်အတွက် တနင်္သာရီအပတ်စဉ်ဂျာနယ် တာဝန်ခံ အယ်ဒီတာကို တနင်္သာရီတိုင်းအစိုးရက တရားစွဲဆိုထားသည့်အမှု မေလ ၂၁ ရက်နေ့ရုံးချိန်းတွင် တရားလိုပြ သက်သေနှင့် စွပ်စွဲခံရသူဘက်က ရှေ့နေ မလာသည့်အတွက် မစစ်ဆေးဖြစ်ကြောင်း ထားဝယ်မြို့နယ် တရားသူကြီး ဦးကျော်မြင့်က ပြောကြားသည်။

အဆိုပါရုံးချိန်းတွင် တရားလိုပြသက်သေတစ်ဦးဖြစ်သည့် ဦးအောင်ကျော်စိုး မလာရောက်ခြင်းနှင့် စွပ်စွဲခံရသူဘက်က ရှေ့နေမလာသဖြင့် ယင်းနေ့တွင် မစစ်ဆေးဖြစ်ဘဲ မေလ ၂၈ ရက်ကို ပြန်ချိန်းလိုက်ကြောင်း ဦးကျော်မြင့်က ဆိုသည်။

စတင်တရားစွဲဆိုသည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှ ယခုအချိန်ထိ ရုံးချိန်းပေါင်း ၁၄ ကြိမ်ချိန်းဆိုစစ်ဆေးခဲ့ပြီး လက်ရှိအချိန်ထိ တရားလိုနှင့် တရားလိုပြသက်သေတစ်ဦးကို စစ်ဆေးခဲ့ပြီးဖြစ်သည်။

တိုင်းအစိုးရဘက်က တရားလိုပြသက်သေ ၂ ဦးကို တင်သွင်းထားပြီး လက်ရှိအချိန်အထိ တရားလိုပြ သက်သေတစ်ဦးကိုသာ စစ်ဆေးပြီးစီးခဲ့သည်။

တနင်္သာရီအပတ်စဉ်တွင် ဖော်ပြခဲ့သည့် ကလောင်ရှင် မူးဆေးအိုး၏ မဲဆွယ်အပြုံး ခေါင်းစဉ်ဖြင့် ရေးသားသည့် သရော်စာသည် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ အရေးယူပေးရန်အတွက် နိုဝင်ဘာလ ၂၃ ရက်တွင် တိုင်းအစိုးရအဖွဲ့ရုံးမှ ဒုတိယညွှန်ကြားရေးမှူးက ထားဝယ်မြို့နယ် တရားရုံးကို ဦးတိုက် လျှောက်ထားခဲ့သည်။

အမှုစစ်ဆေးမှု ပိုမြန်လာစေရန် လာမည့်အပတ်ရုံးချိန်းမှစတင်ကာ အပတ်စဉ်စစ်ဆေးမည်ဖြစ်ပြီး တရားလိုနှင့် စွပ်စွဲခံရသူတို့ ရုံးချိန်းကို မပျက်မကွက် တက်ရောက်ရန် သတိပေးခဲ့ကြောင်း ဦးကျော်မြင့်က ဆိုသည်။

“ရုံးချိန်းတိုင်းကို မပျက်မကွက် စစ်မယ်လို့ သတိပေးတာ။ အမှုက ကြန့်ကြာနေလို့”ဟု မြို့နယ် တရားသူကြီး ဦးကျော်မြင့်က ပြောကြားသည်။

ပြီးခဲ့သည့် ရုံးချိန်းများတွင် ၂ ပတ်လျှင် ရုံးချိန်း တစ်ကြိမ်နှုန်းဖြင့် ချိန်းဆိုစစ်ဆေးခဲ့သည်။

မဲဆွယ်အပြုံးသရော်စာ ဖော်ပြမှုနှင့်ပတ်သက်၍ သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၅ (ခ) ဖြင့် တရားစွဲဆိုသွားရန် ဒီဇင်ဘာလ ၂၁ ရက်က မြို့နယ် တရားရုံးက ဆုံးဖြတ်ခဲ့သည်။

အမှုလိုက်ပါ ဆောင်ရွက်နေသည့် ရှေ့နေ ခရီးလွန်နေသည့်အတွက် ယခုအပတ် ရုံးချိန်းတွင် ခွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲခံရသူဖြစ်သည့် တနင်္သာရီ အပတ်စဉ် ဂျာနယ်၏ တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင်က ဆိုသည်။

“အမှု မြန်မြန်ဆန်ဆန်ဖြစ်အောင် နောက်ရုံးချိန်းတွေမှာ မပျက်ကွက်အောင် ကြိုးစားသွားမယ်”ဟု ဦးမျိုးအောင်က ပြောကြားသည်။

အမှုရုံးချိန်းများတွင် တရားလိုနှင့် စွပ်စွဲခံရသူ နှစ်ဦးနှစ်ဖက် တရားခွင် ခွင့်တိုင်ကြားခြင်းများရှိသည်။

သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၅ (ခ) အရ အများပြည်သူ၏ အကျိုးစီးပွားနှင့် စပ်ဆိုင်သည့် သတင်းရေးသားခြင်း မဟုတ်လျှင် ပုဂ္ဂိုလ်တစ်ဦး အဖွဲ့အစည်းတစ်ခု၏ ဂုဏ်သိက္ခာကို တမင်ထိခိုက်စေသော အရေးအသားနှင့် လူ့အခွင့်အရေးကို ထိခိုက်စေသော အရေးအသားမျိုး ဖော်ပြခြင်းမှ ရှောင်ကြဉ်ရမည်ဖြစ်ပြီး ထိုပြစ်မှုကျူးလွန်ပါက ဒဏ်ငွေ အနည်းဆုံး ကျပ်သုံးသိန်းမှ ကျပ်ဆယ်သိန်းအထိ ချမှတ်ခံရမည်ဖြစ်သည်။

တနင်္သာရီ အပတ်စဉ် သတင်းစာသည် တနင်္သာရီတိုင်း အခြေစိုက် ဖြန့်ဝေသည့် တစ်ခုတည်းသော အပတ်စဉ်ထုတ် သတင်းစာဖြစ်ပြီး တနင်္သာရီတိုင်းတွင် အစိုးရသစ် လက်ထက်အတွင်း မီဒီယာကို ပထမဆုံး တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ယမန်နှစ်က တနင်္သာရီ အပတ်စဉ်ပါ အောင်လွင် (ကံပေါက်သား) ရေးသားထားသည့် ငါးရံ့တစ်ကောင်၏ ရင်ဖွင့်သံ ဆောင်းပါးကိုလည်း ဒယ်လ်ကို သတ္တုတွင်း ကုမ္ပဏီက တရားစွဲဆိုခဲ့ဖူးသည်။

တပ်မတော်ကို ဝေဖန်သော သရော်စာတစ်ပုဒ် ထည့်သွင်းဖော်ပြမှုကြောင့် တပ်မတော်က The Voice Daily သတင်းစာကို ၂၀၁၇ နှစ်အတွင်း တရားစွဲဆိုခဲ့ဖူးပြီး နောက်ပိုင်းတွင် ပြန်လည်ကျေအေးခဲ့သည်။

Dawei Watch