News

POST TYPE

EDITORIAL

ဘုရင့်နောင်ပွဲရုံဝင်းတွင် အမျိုးသားတစ်ဦး ကားကြိတ်မိရာမှ သေဆုံး
17-May-2018

ရန်ကုန်၊ မေ ၁၆

မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ပွဲရုံဝင်းတွင် မေလ ၁၆ ရက် နံနက် ၁၁ နာရီက အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ မော်တော်ယာဉ်တစ်စီးနှင့် ကြိတ်မိရာမှ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူ အမျိုးသားမှာ မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် နေထိုင်သူဖြစ်ကာ ယာဉ်မောင်းတစ်ဦးဖြစ်ကြောင်း၊ ၎င်းမှာယာဉ်အမှတ်/အမျိုးအစားမသိ မော်တော်ယာဉ်တစ်စီး၏ ယာဉ်အောက်တွင် ဝင်အိပ်ပျော်နေစဉ် အဆိုပါ ယာဉ်မောင်းထွက်ရာမှ ၎င်း၏ ဦးခေါင်းခွံကို ဘီးဖြင့်ကြိတ်ခံရပြီး သေဆုံးခဲ့ကြောင်း ယာဉ်ထိန်းရဲအရာရှိက ပြောသည်။

“သေဆုံးသွားသူက ပွဲရုံဝင်းထဲ ကုန်ပစ္စည်းတွေလာပို့တဲ့ ကားသမားတစ်ဦးပါ။ ဟိုင်းဝေးကားမောင်းလာတော့ ပင်ပန်းပြီး ပါကင်ထိုးထားတဲ့ ကားတစ်စီးရဲ့ အောက်ထဲမှာ ဝင်အိပ်နေတာ။ အိပ်ပျော်နေချိန်မှာ ပါကင်ထိုးထားတဲ့ ကားက မောင်းထွက်သွားချိန် သူ့ခေါင်းကို ဘီးနဲ့ကြိတ်မိပြီး ပွဲချင်းပြီး သေဆုံးသွားရှာတယ်။ ဘယ်ကားနဲ့ ကြိတ်မိတာလဲဆိုတာတော့ လက်ရှိ စုံစမ်းနေတုန်းပဲ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ လူသေဆုံးမှုကို မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေ ရဲစခန်းတွင် ယာဉ် (ပ) ၂၀/၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၂၇၉/၂၀၂ ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။  

S-03


  • VIA