News

POST TYPE

EDITORIAL

သီလဝါဆိပ်ကမ်းမြေရှိ လယ်သမား ၁၀ ဦး၏ လယ်မြေအထောက်အထားများကို စစ်ဆေး
ရန်ကုန်၊ မေ ၁၆

မြေယာအငြင်းပွားမှု ဖြစ်ပေါ်နေသော သီလဝါဆိပ်ကမ်းရှိ လယ်ဧက ၁၀၀ နှင့်ပတ်သက်၍ လယ်သမား ၁၀ ဦး၏ လယ်မြေပိုင်ဆိုင်မှု အထောက်အထား လယ်မြေခွန်ပြေစာများကို ကျောက်တန်းမြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေး ကော်မတီက လာရောက်စစ်ဆေးခဲ့ကြောင်း လယ်သမား ဦးသန်းဝင်းက ပြောကြားသည်။

မေလ ၁၄ ရက်က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ရုံးတွင် လယ်သမားများနှင့် တိုင်းခရိုင်မြို့နယ် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီတို့နှင့် တွေ့ဆုံပြီးနောက် လာရောက်စစ်ဆေးခြင်းဖြစ်သည်။

သီလဝါဆိပ်ကမ်းရှိ အငြင်းပွားမြေနှင့်ပတ်သက်၍ မြို့နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည် စိစစ်ရေးကော်မတီက စစ်ဆေးပြီးမှသာ ဖြေရှင်းပေးမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောကြားထားသည်။

လက်ရှိ အဆိုပါ လယ်ဧက ၁၀၀ တွင် တောင်သူ ၁၀ ဦးနှင့် အိမ်ထောင်စု ၃၉ စု နေထိုင်လျက်ရှိသည်။

“မနေ့က (မေလ ၁၅ ရက်) စိစစ်တာက ကျွန်တော်တို့ လယ်မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့ အထောက်အထား ဘာတွေရှိသလဲ လာစစ်တယ်။ သီလဝါမြေ တစ်ဧကကို သိန်း ၂၅၀ ပေါက်ဈေး ရှိတယ်။ ကျွန်တော်တို့ တစ်ဧက သိန်း ၇၀ ပဲ လျော်ကြေးပေးရင် ကျွန်တော်တို့က ထပ်ပြီးဆန့်ကျင်မယ်”ဟု ဦးသန်းဝင်းက ဆိုသည်။

ယမန်နေ့က လာရောက်ခဲ့သည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီ အဖွဲ့ဝင်များအနေနှင့် ယခုကိစ္စကို အမြန်ဆုံးစိစစ်ပေးမည်ဟု ပြောကြားခဲ့ကြောင်း ဒေသခံ လယ်သမားများထံမှ သိရသည်။

လယ်သမားများ မြေယာပိုင်ဆိုင်မှု အထောက်အထားများ စိစစ်မှုအခြေအနေနှင့် ပတ်သက်၍ The Voice က ကျောက်တန်းမြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီမှ ဥက္ကဋ္ဌ ဦးသန်းဌေးထံ ဆက်သွယ်မေးမြန်းရာတွင် “ကျွန်တော်ရုံးလုပ်ငန်း လုပ်တာပါ။ တခြားဘာမှ ပြောစရာမရှိဘူး”ဟု ဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တောင်သူသုံးဦးကို ပြည်သူ့ဝန်ထမ်းအား တာဝန်ဝတ္တရားဆောင်ရွက်ခြင်းမှ ဟန့်တားရန် မိမိအလိုအလျောက် နာကျင်စေမှု ပုဒ်မ ၃၃၂ ဖြင့် သီလဝါရဲစခန်းမှ ရဲစခန်းမှူးက အမှုဖွင့်ကာ မေလ ၁၃ ရက်က အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်။

ကျောက်တန်းမြို့ သီလဝါဆိပ်ကမ်းအနီး မြေဧက ၁၀၀ တွင် ဦးပိုင်ကုမ္ပဏီမှ အင်အားသုံးသိမ်းယူရန် ပြုလုပ်စဉ် ဒေသခံမြေပိုင်ရှင်များနှင့် ကုမ္ပဏီမှ အလုပ်သမားများ ထိပ်တိုက်တွေ့ဆုံ၍ မေလ ၁၂ ရက်က ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။

ယင်းမြေနေရာကို ၁၉၉၆ ဝန်းကျင်ကတည်းက သိမ်းဆည်းခံထားရပြီး မည်သည့်စီမံကိန်းမျှ အကောင်အထည် မဖော်သေး၍ တောင်သူ ၁၀ ဦးနှင့် အိမ်ထောင်စု ၃၉ စု လာရောက်နေထိုင် စိုက်ပျိုးနေခြင်းဖြစ်သည်။

J-18