News

POST TYPE

EDITORIAL

တရုတ် - မြန်မာ ကုန်စည်ပြပွဲတွင် ဘဏ်နှင့်ချိတ်ဆက်၍ ကုန်ပစ္စည်းဝယ်နိုင်မည့်စနစ် စတင်မည်
16-May-2018 tagged as မြန်မာ တရုတ်

ရန်ကုန်၊ မေ ၁၅

ရန်ကုန်မြို့တော် Myanmar Event Park တွင် မေလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပမည့် တရုတ်-မြန်မာ ကုန်စည်ပြပွဲ၌ ဘဏ်နှင့်ချိတ်ဆက်၍ ကုန်ပစ္စည်းဝယ်နိုင်မည့်စနစ်ကို စတင်မိတ်ဆက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၏ စီးပွားရေးကိုယ်စားလှယ် ဒေါက်တာသက်လွင်ဦးက ပြောကြားသည်။

ပြပွဲသို့လာရောက်သည့် စက်ရုံပိုင်ရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များအနေနှင့် ကုန်ပစ္စည်းဝယ်ယူရန် ငွေကြေးအခက်အခဲရှိပါက ဘဏ်နှင့် ချိတ်ဆက်ဝယ်ယူနိုင်ရန် မြန်မာနိုင်ငံသားများဘဏ်ကို ခေါ်ယူထားကြောင်း၊ အတိုးနှုန်းကမူ ဗဟိုဘဏ်က သတ်မှတ်ထားသည့်နှုန်းအတိုင်း ကောက်ခံမည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

“ငွေချေးဖို့အတွက် လိုအပ်တဲ့အာမခံချက်တွေကို တတ်နိုင်သလောက် စီးပွားကူးသန်းဝန်ကြီးဌာနအနေနဲ့ ထောက်ခံပေးသွားမယ်။ ဒီကုမ္ပဏီဟာ ပို့ကုန်လုပ်တာလား၊ ပြပွဲတွေမှာ အမြဲတမ်းလိုက်တဲ့ ကုမ္ပဏီလား စတဲ့ လုပ်ငန်းအမှန်တကယ်လုပ်တဲ့ဟာကို ထောက်ခံပေးမယ်” ဟု ၎င်းကဆိုသည်။

အဆိုပါပြပွဲတွင် ကုမ္ပဏီပေါင်း ၁၀၃ ခု၊ ပြခန်းပေါင်း ၂၀၀ တို့ဖြင့် ပြသမည်ဖြစ်ပြီး အဓိကပြသမည့်ကုမ္ပဏီများမှာ ဂွမ်ဒေါင်း၊ တီယန်ဂျင်၊ ရှန်စီ၊ ဖူဂျီယန်၊ ဂွမ်စီ အစရှိသည့် တရုတ်နိုင်ငံရှိ စီရင်စုနှင့် မြို့ကြီးများမှဖြစ်ကြောင်း၊ ပြသမည့်ပစ္စည်းများမှာ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ မီးအလင်းပေးရန် သုံးသည့်ပစ္စည်းများ၊ ယာဉ်များ၊ မော်တော်ဆိုင်ကယ်နှင့် အစိတ်အပိုင်းများ၊ လယ်ယာလုပ်ငန်းသုံးပစ္စည်းများ၊ စက်မှုလုပ်ငန်းများ၊ လူသုံးကုန်ပစ္စည်းများပါဝင်သည်။

“လက်ရှိမှာ တရုတ်ပစ္စည်းဝယ်မယ်ဆိုရင် ကြားခံပွဲစားတွေနဲ့ ဝယ်ရတယ်။ တရုတ်စကားလည်း အခက်အခဲရှိတော့ အဆင်မပြေဘူး။ ဒီလိုမျိုးပြပွဲမှာ အရစ်ကျချေးငွေနဲ့ ပစ္စည်းဝယ်လို့ရတယ်ဆိုရင် လုပ်ငန်းရှင်တွေအတွက်က တိုက်ရိုက်ဝယ်လို့ရတဲ့အတွက် အဆင်ပြေတယ်” ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ယခုပြပွဲအပြီး တရုတ်နိုင်ငံတွင် ဇွန်လ၊ စက်တင်ဘာလနှင့် နိုဝင်ဘာလ၌ ကျင်းပမည့် နိုင်ငံတကာကုန်စည်ပြပွဲတွင်လည်း မြန်မာစီးပွားရေးလုပ်ငန်းရှင်များ သွားရောက်ပြသရန် စီးပွားရေးနှင့် ကူးသန်ရောင်းဝယ်ရေးဝန်ကြီးဌာနထံတွင် ကြိုတင်စာရင်းပေးရမည်ဖြစ်သည်။

J-13