News

POST TYPE

EDITORIAL

မြန်မာအပေါ် လုံခြုံရေးကောင်စီ အရေးယူ ဆောင်ရွက်မည့်ကိစ္စများတွင် အကာအကွယ်ပေးနေသည့် တရုတ်ကို အမေရိကန် သွယ်ဝိုက်ဝေဖန်
15-May-2018

ကုလသမဂ္ဂ၊ မေ ၁၅

ဘင်္ဂါလီဒုက္ခသည်များ အရေးကိစ္စနှင့်ပတ်သက်၍ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံကို ပြင်းထန်သည့် အရေးယူ ဆောင်ရွက်မှုလုပ်ဆောင်မည့်ကိစ္စတွင် တရုတ်နိုင်ငံက အကာအကွယ်ပေးလျက် ရှိနေသည့်အတွက် အမေရိကန်ပြည်ထောင်စုက တရုတ် အစိုးရကို သွယ်ဝိုက်သည့်သဘောဖြင့် ဝေဖန်လိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စနစ်ကီဟာလေက ဘင်္ဂါလီပြဿနာအပေါ် လုံခြုံရေးကောင်စီ၏ အရေးယူ ဆောင်ရွက်မည့်ကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေး ပြောကြားရာတွင် တရုတ်နိုင်ငံကို အမည်တပ်ကာ ပြောဆိုခြင်းမရှိခဲ့ပေ။ 

သို့သော် ပြီးခဲ့သည့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံအပေါ် လုံခြုံရေးကောင်စီ၏ ကြေညာချက်မူကြမ်း တစ်ရပ်ကို ဗြိတိန်နိုင်ငံက ရေးဆွဲခဲ့ရာ ယင်းမူကြမ်းကို တရုတ်နိုင်ငံက ပြင်ဆင်ဖြည့်စွက်ရန် အဆိုပြုခဲ့သည်။ သို့အတွက်ကြောင့် အဖွဲ့ဝင် ၁၅ နိုင်ငံပါ လုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ကြေညာချက်မှာ အားနည်းသွားခဲ့ရသည်ဟု Reuters သတင်းဌာနက ရေးသားသည်။ 

တနင်္လာနေ့က လုံခြုံရေးကောင်စီ အဖွဲ့ဝင်များ တွေ့ဆုံကာ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကောင်စီဝင်နိုင်ငံများမှ သံတမန်များ သွားရောက်ကာ ဘင်္ဂါလီ ဒုက္ခသည်များ ကိစ္စအား လေ့လာခဲ့သည့် ခရီးစဉ်နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ 

အဆိုပါ ဆွေးနွေးပွဲတွင် အမေရိကန် သံအမတ်ကြီး နစ်ကီဟာလေက “တချို့သော ကောင်စီဝင် (အဖွဲ့ဝင်နိုင်ငံများ) တွေက သံသယဖြစ်တာတို့၊ ကိုယ်ရေးကိစ္စဆိုတဲ့ အကြောင်းပြချက်တွေ ရှိတာတို့ကြောင့် ကျွန်မတို့အနေနဲ့ အရေးယူ လုပ်ဆောင်လို့ရအောင် လုပ်ပေးတယ်။ တချို့ကတော့ ကောင်စီရဲ့ကြေညာချက်ကို အားနည်းသွားစေနိုင်တဲ့ တည်းဖြတ်မှုတွေလုပ်ပြီး ကောင်စီရဲ့ညီညွတ်မှု ကမောက်ကမ ဖြစ်အောင်လုပ်တယ်”ဟု သွယ်ဝိုက်သည့်သဘောဖြင့် ဝေဖန်ပြောကြားသည်။ 

တနင်္လာနေ့ ဆွေးနွေးပွဲအတွင်း၊ မစ္စနစ်ကီဟာလေ၏ဘေးတွင် ဝေဖန်သုံးသပ်ချက်ပေးရာ၌ တရုတ်သံအမတ်ကြီး မာဇောင်ဇူက မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့အနေနှင့် ယင်းပြဿနာကို အပြန်အလှန် ပူးပေါင်း ဖြေရှင်းနိုင်ရန် ဝိုင်းဝန်းအားပေး အားမြှောက်ပြုသင့်ကြောင်း၊ သို့မှသာ ပိုမိုရှုပ်ထွေးနက်နဲသည့် အနေအထားထဲသို့ ရောက်ရှိမသွားအောင် အခိုင်အမာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။ 

F-01