News

POST TYPE

EDITORIAL

မူဆယ်တွင် တိုက်ပွဲထပ်ဖြစ်
လားရှိုး၊ မေ ၁၄ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်း မေလ ၁၄ ရက်နေ့ နံနက်ပိုင်းက TNLA လက်နက်ကိုင်တပ်ဖွဲ့များနှင့် တပ်မတော်တို့ တိုက်ပွဲများထပ်မံဖြစ်ပွားခဲ့ရာ လားရှိုး-မူဆယ်လမ်းတွင် အတက်အဆင်းယာဉ်များ နာရီပိုင်းခန့် အသွားအလာ ရပ်ထားခဲ့ရကြောင်း ယာဉ်မောင်းများထံမှ သိရသည်။ 

မေလ ၁၂ ရက်နေ့က မူဆယ်မြို့တွင်း၌ TNLA လက်နက်ကိုင်တပ်ဖွဲ့များ၏ အကြမ်းဖက်တိုက်ခိုက်မှုအပြီး မေလ ၁၄ ရက်နေ့ နံနက် ၈ နာရီကျော်တွင် မူဆယ်မြို့၊ ခိုမုန်းရွာအနီး၌ တစ်ကြိမ်၊ နံနက် ၁၀ နာရီကျော်တွင် နမ့်အွန်ကျေးရွာမှ မူဆယ်မြို့ဘက်အထွက်ရှိ ထင်းရှူးတောအတွင်း၌တစ်ကြိမ် တပ်မတော်နှင့် TNLA လက်နက်ကိုင်တပ်ဖွဲ့များ တိုက်ပွဲများဖြစ်ပွားခဲ့သဖြင့် ပြည်ထောင်စုလမ်းပိုင်း၌ ယာဉ်အသွားအလာများကို နာရီပိုင်းမျှ တပ်မတော်က ပိတ်ထားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

ယင်းနေ့နံနက် ၈ နာရီခန့်မှစ၍ မူဆယ်ဘက်မှလာသည့် ကားများကို ၁၀၅ မိုင်အထွက်မှစ၍လည်းကောင်း၊ လားရှိုးဘက်မှ လာသည့်ကားများကို ကွတ်ခိုင်အထွက်တွင်လည်းကောင်း လုံခြုံရေးအရ တပ်မတော်က သွားလာခွင့်မပြုဘဲ နာရီပိုင်းခန့် လမ်းပိတ်ထားခြင်းဖြစ်ကြောင်း ၊ ယင်းသို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ထိခိုက်သေဆုံးမရှိခဲ့ကြောင်း၊ မူဆယ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ခိုမုန်းရွာနားက ထင်းရှူးတောမှာ TNLA လက်နက်ကိုင်အဖွဲ့ အင်အား ၅၀၊ ၆၀ လောက် လမ်းဖြတ်ကူးမယ်ဆိုတဲ့ သတင်းကို တပ်ကရတာကြောင့် နှစ်ဖက်ထိတွေ့မှုဖြစ်ရင် အသွားအလာပြည်သူတွေ တိုက်ပွဲကြားပိတ်မိပြီး အန္တရာယ်ဖြစ်မှာစိုးလို့ ယာယီပိတ်ထားတာပါ”ဟု ၎င်းက ဆိုသည်။

ယင်းသို့နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေမှုကြောင့် လမ်းကိုခေတ္တပိတ်ထားရာ အဆိုပါလမ်းတွင် ယာဉ်အသွားအလာများယာယီ ပြတ်တောက်သွားခဲ့ပြီးနောက် နံနက် ၁၁ နာရီခန့်မှစ၍ ပုံမှန်အတိုင်း ပြန်လည်သွားလာနေပြီဖြစ်ကြောင်း ယင်းဒေသခံတစ်ဦးက ပြောကြားသည်။

မူဆယ်ဘက်မှ ထွက်လာသည့် ခရီးသည်တင်ယာဉ် အနည်းငယ်နှင့် ကုန်တင်ယာဉ်စုစုပေါင်း အစီးရေတစ်ရာခန့် စောင့်ဆိုင်းခဲ့ရပြီး ကွတ်ခိုင်ဘက်အခြမ်းတွင်လည်း ကုန်တင်ယာဉ်နှင့် ခရီးသည်ပို့ဆောင်ရေးယာဉ် စုစုပေါင်း တစ်ရာခန့် စောင့်ဆိုင်းနေခဲ့ရကြောင်း ယာဉ်မောင်း ဦးဇော်ဝင်းက ပြောဆိုသည်။

ခရီးသည်များနှင့် ကုန်တင်ယာဉ်မောင်းများအနေဖြင့် လမ်းခရီးအတွက် တိုက်ပွဲသတင်းစုံစမ်းခြင်း၊ စောင့်ဆိုင်းခြင်းဖြင့် သွားလာနေကြကြောင်း ဒေသခံများထံမှသိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်းရှိ လုံခြုံရေးဂိတ်စခန်းများနှင့် မြို့တွင်းရှိနေအိမ်များသို့ မေလ ၁၂ ရက်နေ့ နံနက်အစောပိုင်းတွင် KIA/TNLA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးလက်နက်ငယ်များဖြင့် အကြမ်းဖက်ဝင်ရောက် တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ အပါအဝင် အရပ်သား၂၀ ဦးသေဆုံးခဲ့ပြီး လူ ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ 

R-07