News

POST TYPE

EDITORIAL

တရားဥပဒေ စိုးမိုးရေးအတွက် မွန်ပြည်နယ်တွင် ၃ ရက်ကြာ ဆန္ဒပြ
14-May-2018

မော်လမြိုင်၊ မေ ၁၄
မွန်ပြည်နယ်တွင် တရားဥပဒေ စိုးမိုးမှုရှိစေရေးအတွက် မေလ ၁၄ ရက်မှစတင်ကာ ကျိုက်ထို၊ မော်လမြိုင်၊ ရေးမြို့နယ်ရှိ ဒေသခံများက သုံးရက်ကြာ ဆန္ဒထုတ်ဖော်နေကြောင်း ဆန္ဒဖော်ထုတ်သူများထံမှ သိရသည်။

မွန်ပြည်နယ်တွင် တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး ပျက်ပြားစေနိုင်ခြင်း၊ မတရားဖိနှိပ်ခံရသော ပြည်သူများအတွက် တိုင်ကြားသော်လည်း အရေးယူခြင်းမရှိသဖြင့် အစိုးရအနေနှင့် လုပ်ဆောင်ပေးရန် ဆန္ဒပြရခြင်းဖြစ်ကြောင်း ဆန္ဒပြပွဲဦးဆောင်သူ ဦးထွန်းအေးကပြောသည်။

အဆိုပါ ဆန္ဒပြပွဲကို မေလ ၁၄ ရက်တွင် ကျိုက်ထိုမြို့၌ လူတစ်ရာခန့်ဖြင့်လည်းကောင်း ဆန္ဒပြခဲ့ပြီး မေလ ၁၅ ရက်က မော်လမြိုင်မြို့တွင် လူ ၃၀၀ ဖြင့်လည်းကောင်း၊ မေလ ၁၆ရက်တွင်ရေးမြို့တွင် လူ၁၀၀ ခန့်ဖြင့်လည်းကောင်း ဆက်လက် ဆန္ဒပြမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရေးမြို့နယ်ပင်လယ်ပြင်တွင်အလုပ်လုပ်ကိုင်သော ရေလုပ်သားများ အသတ်ခံရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ အဓမ္မပြုကျင့်ခံရမှုများကိုအရေးယူပေးရန် ယခင်ကတင်ပြခဲ့သော်လည်း အစိုးရက လုပ်ဆောင်ပေးခြင်း မရှိကြောင်း၊ ယင်းအပြင် ပြည်တွင်း လူကုန်ကူးမှုများကို အမြန်ဆုံး ကြပ်မတ်ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သော်လည်း မလုပ်ဆောင်ပေးသဖြင့် တရားဥပဒေ စိုးမိုးစေရန် ဆန္ဒပြကာ တောင်းဆိုရခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ဆန္ဒပြရာတွင် တရားဥပဒေ စိုးမိုးရေး၊ ဥပဒေနှင့် မညီသည့်ချိပ်ပိတ်ကျောင်းကို ဖောက်ထွင်းသူများကို အရေးယူပေးရေး၊ ရေးမြို့ ပင်လယ်ငါးဖမ်းလုပ်ငန်း လူကုန်ကူးပွဲစားများကို ဖမ်းဆီးရေး အပါအဝင် အခြားသော အချက်များကိုလည်း ကြွေးကြော်ကာ တောင်းဆိုခဲ့ကြသည်။

စီတန်း လှည့်လည်ဆန္ဒဖော်ထုတ်ပွဲတွင် ကြွေးကြော်သံ ၂၃ ချက်ကို ရဲတပ်ဖွဲ့ထံ ခွင့်ပြုချက် တင်ထားသော်လည်း မွန်ဝန်ကြီးချုပ် အမြန်ဆုံး နုတ်ထွက်ပေးရေး ကြွေးကြော်သံနှင့် အခြားကြွေးကြော်သံတစ်ခုတို့ကို ခွင့်ပြုချက်မရသဖြင့် ဖြုတ်ပေးခဲ့ရကြောင်း ဦးထွန်းအေးကပြောသည်။