News

POST TYPE

EDITORIAL

နယ်စပ်ဒေသ မူဆယ်တွင် ဖြစ်ပွားသော တိုက်ပွဲများကို တရုတ်အစိုးရ ကန့်ကွက်ရှုတ်ချ
ရန်ကုန် - ဘေဂျင်း၊ မေ ၁၃

မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နယ်စပ်ဒေသအနီး မူဆယ်မြို့တွင်ဖြစ်ပွားသော တိုက်ပွဲနှင့်ပတ်သက်၍ တရုတ်အစိုးရက တနင်္ဂနွေနေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ကာ ကန့်ကွက်ရှုတ်ချလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

အဆိုပါ တိုက်ပွဲကြောင့် လူ ၂၀ ဦး သေဆုံးပြီး ၂၇ ဦးခန့် ဒဏ်ရာရရှိခဲ့ကာ တရုတ်နိုင်ငံထဲသို့ စစ်ရှောင်ဒုက္ခသည်များ ဝင်ရောက်ခိုလှုံခဲ့ကြသည်။ 

မြန်မာနိုင်ငံအခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက ကြေညာချက် ထုတ်ပြန်ရာတွင် ယင်းတိုက်ပွဲများကြောင့် တရုတ်နိုင်ငံဘက်သို့ ကျည်ဆန်များ ကျရောက်ခဲ့သလို လူအမြောက်အမြားလည်း ခိုလှုံရန် ဝင်ရောက်လာခဲ့ကြောင်း ဖော်ပြသည်။

“ယခုလို အကြမ်းဖက် တိုက်ခိုက်သည့်ဖြစ်ရပ်မျိုးကို တရုတ်သံရုံးအနေနှင့် ကန့်ကွက်ရှုတ်ချပါသည်။ အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိသွားသည့်အတွက်လည်း စိတ်ထိခိုက်ဝမ်းနည်းရပါသည်”ဟု တရုတ်သံရုံး၏ ကြေညာချက်တွင် ဖော်ပြထားသည်။ 

ထို့ပြင် ယခုဖြစ်ရပ်တွင် ပါဝင်ပတ်သက်နေသော သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးအနေနှင့် ထိန်းထိန်းသိမ်းသိမ်း နေထိုင်သွားကြပြီး အပစ်အခတ် ရပ်စဲရေး အကောင်အထည်ဖော်ကြရန်နှင့် တရုတ်-မြန်မာ နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းမှု ပြန်လည်ထိန်းသိမ်းကြရန် တိုက်တွန်းထားသည်ကို တွေ့ရသည်။ 

မြန်မာနှင့် တရုတ်နယ်စပ်ဒေသတွင် လတ်တလော နှစ်များအတွင်း ဖြစ်ပွားသော တိုက်ပွဲများကြောင့် စစ်ရှောင်ဒုက္ခသည် ထောင်နှင့်ချီ၍ အိမ်နီးချင်း တရုတ်နိုင်ငံထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ 

တရုတ်အစိုးရက ယင်းသို့သော အခြေအနေမျိုး ဖြစ်လာတိုင်း ဒုက္ခသည်များအတွက် ယာယီစခန်းများ ဖွင့်လှစ်ပေးခဲ့သည်။ 

၂၀၁၇ ခုနှစ်အတွင်း တရုတ်အာဏာပိုင်များ၏ ခန့်မှန်းချက်အရ KIA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများနှင့် မြန်မာ့တပ်မတော်အကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ဒုက္ခသည် စုစုပေါင်း ၂၀,၀၀၀ ခန့် နယ်စပ်ဒေသကိုဖြတ်ကျော်ကာ တရုတ်ပြည်ထဲသို့ တိမ်းရှောင်ဝင်ရောက်ခဲ့ကြသည်။ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တွင် ဖြစ်ပွားသော တိုက်ပွဲများကြောင့် ယင်းဒေသတွင် နေထိုင်သော တိုင်းရင်းသား ပြည်သူထောင်ပေါင်း များစွာ ရွှေ့ပြောင်းနေထိုင်ခဲ့ကြရသည်။

F-01