News

POST TYPE

EDITORIAL

မေတ္တာကိုအခြေခံပါ (Weekly, Vol-12/No-26)
23-Jul-2016
မြန်မာနိုင်ငံတွင် ကုန်ခဲ့သည့် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း အွန်လိုင်းလူမှုရေးကွန်ရက်မှ တစ်ဆင့် Hate Speech ခေါ် အမုန်းစကား ဖြန့်ချိသူများ ပေါ်ပေါက်လာပြီးနောက် အုပ်စုဖြင့် အပြန်အလှန် ဆဲဆိုတိုက်ခိုက်လာသည်အထိ ပြင်းထန်လာခြင်းမှာ များစွာစဉ်းစားသုံးသပ်ဖွယ် ဖြစ်သည်။

ယခင်အတိတ်က နိုင်ငံရေးခံယူချက်၊ မူဝါဒ ရပ်တည်ချက်တို့ ကွဲပြားခြားနားမှုကြောင့် အချင်းချင်းအကြား စိတ်ဝမ်းကွဲကာ ရိုက်ပွဲနှက်ပွဲများ၊ လက်နက်ကိုင် ဆန့်ကျင်ပုန်ကန်မှုများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သော်လည်း ယနေ့ကာလတွင်မူ ကိုးကွယ်ယုံကြည်မှုနှင့် လူမျိုးကွဲပြားမှုကို ဗန်းတင်ကာ အမုန်းစကားအဆင့်သာမက အကြမ်းဖက် မီးရှို့၊ သတ်ဖြတ်မှုများ အထိပါ ဖြစ်ပေါ်ခဲ့သည်။

၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ယင်းနောက်ပိုင်း မိတ္ထီလာ၊ လားရှိုး၊ ဥက္ကံ၊ ထန်းကုန်း၊ မန္တလေး စသည့် မြို့များသို့ ဆက်တိုက်ဆိုသလို အကြမ်းဖက်မှုများ၏ နောက်ကွယ်တွင် စနစ်တကျ ဖွဲ့စည်းထားသော အုပ်စုတစ်စု ရှိနေသည်ဟု ခိုင်မာစွာ ယူဆခဲ့ကြသည်။

အကြမ်းဖက်မှု အများစုကို ပြန်လည်လေ့လာကြည့်လျှင် အွန်လိုင်းလူမှုရေးကွန်ရက်ပေါ်မှ တစ်ဆင့် သတင်းစကား ဖြန့်ချိ၊ ချိတ်ဆက်၊ အချက်ပြ၊ လူစု၊ လှုံ့ဆော်၊ သွေးထိုး၊ ကောလာဟလ ဖြန့်ချိသည့် သဘောမျိုး တွေ့ရပြီး အကြမ်းဖက်မှုများကို အချိန်တိုအတွင်း စနစ်တကျ အကွက်ချ လုပ်ကိုင်သွားသည့် အထောက်အထားများနှင့် လုံခြုံရေး တာဝန်ရှိသူများကိုလည်း သတိပြုမိစရာ ဖြစ်ခဲ့သည်။

ထို့နောက်ပိုင်းတွင်လည်း မြန်မာနိုင်ငံ အနှံ့အပြားရှိ ကျေးလက်ဒေသများ အထိပါ ဘာသာရေး ခေါင်းစဉ်အောက်တွင် ကျင်းပသော တရားပွဲများတွင် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခကို လှုံ့ဆော်၊ သွေးထိုး၊ ဟောပြောကာ ကြွေးကြော်သံများ၊ သီချင်းများဖြင့် အဆုံးသတ်ခဲ့သည့် အထောက်အထား များစွာလည်း ရှိခဲ့ပြီး ဘာသာရေး ပဋိပက္ခကို ဦးတည်သော လှုပ်ရှားမှုများ၊ အမုန်းစကားဖြန့်ချိမှုများ ကျယ်ပြန့်စွာ တွေ့မြင်ခဲ့ရသည်။

၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီအထိ အွန်လိုင်းလူမှုရေးကွန်ရက် များပေါ်တွင် NLD ပါတီကို မဲမပေးရန်နှင့် ကြံ့ခိုင်ရေးပါတီကို မဲပေးရန် အသွင်မျိုး ထင်ရှားသိသာစေသည်အထိ ကန့်ကွက်စည်းရုံးမှုများ၊ မဲဆွယ်တိုက်တွန်းမှုများကို ဘာသာရေး ခေါင်းစဉ်တပ်ထားသော အဖွဲ့အစည်းတစ်ခုက ဦးဆောင်လှုပ်ရှားခဲ့သည်ကိုလည်း မြန်မာပြည်သူလူထု တစ်ရပ်လုံးနီးပါး သတိပြုမိခဲ့ကြသည်။

တမင်ဖန်တီးသော ဘာသာရေးဗန်းပြ ပဋိပက္ခများကြောင့် နှစ်ပေါင်းများစွာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လာခဲ့ကြသော ဘာသာကွဲ၊ လူမျိုးကွဲ နိုင်ငံသားများအကြား သံသယ ဝင်လာခြင်း၊ လူနည်းစုများ အကြားတွင်လည်း အစွန်းရောက်သော အတွေးအခေါ်၊ အယူအဆများ တင်သွင်းလာကာ ဩဇာသက်ရောက်မှု ရှိလာခြင်း၊ အများနည်းတူ မဟုတ်တော့ဘဲ ဘာသာတစ်ခုကို ယုံကြည်သက်ဝင်သူမှန်း ပို၍သိသာထင်ရှားစေသည့် ဝတ်စားဆင်ယင်မှုများ လွန်ကဲလာခြင်းကဲ့သို့ ဆိုးကျိုးသက်ရောက်မှုများ ရှိလာစေခဲ့သည်။

စင်စစ်အားဖြင့် အာဏာနှင့် ငွေကြေးကို အခြေပြုကာ အစွန်းရောက်ဝါဒဖြင့် မိမိတို့ကိုယ်ကို ကာကွယ်ရန်၊ မိမိတို့ဩဇာ တည်ဆောက်ရန် ကြိုးစားသူများ တစ်နည်းဆိုရသော် ကြိုးဆွဲသူများကြောင့် မေတ္တာဖြင့် အေးချမ်းတည်ငြိမ်ခဲ့သော မြန်မာလူ့အဖွဲ့အစည်းမှာ ညစ်ထေးစွန်းထင်းခဲ့ခြင်း ဖြစ်သည်။

ယင်းကို ကာကွယ်ရန်မှာ ရေတိုအားဖြင့် တရားဥပဒေစိုးမိုးရေးကို တရားမျှတသော ဥပဒေများ၊ ယင်းတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်သော ပြည်သူ့ဝန်ထမ်းများဖြင့် ဖြေရှင်းနိုင်ပြီး ရေရှည်အားဖြင့်မူ မေတ္တာကို အခြေခံသော၊ လူသားဆန်သော၊ လူပီသသော၊ နိုင်ငံကြီးသားစိတ် ရှိသော နိုင်ငံသားအားလုံးက ဝိုင်းဝန်းကူညီကြရန်သာ ဖြစ်ကြောင်း သိစေအပ်ပေသည်။ 

အယ်ဒီတာ (၂၀-၇-၂၀၁၆)