News

POST TYPE

EDITORIAL

မလေးရှား သင်ခန်းစာ (Daily, Vol-6/No-26)
10-May-2018

မလေးရှားတွင် ရွေးကောက်ပွဲမတိုင်မီ လူထုသဘောထား စစ်တမ်းကောက်ယူမှုများအရ နာမည်ကျော် အတိုက်အခံခေါင်းဆောင် မဟာသီယာမိုဟာမက်က လက်ရှိဝန်ကြီးချုပ် နာဂျစ်ရာဇတ် ဦးဆောင်သော အာဏာရ ညွန့်ပေါင်းပါတီထက် လူကြိုက်ပိုများလျက်ရှိရာ အသက် ၉၂ အရွယ်ရှိ မဟာသီယာက မလေးရှားနိုင်ငံကို တစ်ကျော့ပြန် ခေါင်းဆောင်လာနိုင်ဖွယ် ရှိမည်ဟု အကဲခတ်များ၏ ခန့်မှန်းချက် မှန်ကန်ခဲ့ပေပြီ။

ထူးခြားချက်မှာ မဟာသီယာသည် လက်ရှိ အာဏာရပါတီကို ဆယ်စုနှစ် များစွာ ခေါင်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး ယင်းပါတီကိုယ်စားပြု၍ပင် မလေးရှားနိုင်ငံ၏ သက်တမ်း အရှည်ကြာဆုံး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်နေခြင်းပင်။

နောက်ထပ် ထူးခြားချက်မှာ မဟာသီယာဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့စဉ်က ပုံမှန်မဟုတ်သော လိင်အလွဲပြုမှုဖြင့် ၎င်းက စွပ်စွဲဖမ်းဆီးခဲ့သူ၊ ၎င်း၏ ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသူ အတိုက်အခံခေါင်းဆောင် အန်နဝါ အီဘရာဟင်၏ ပါတီနှင့်ပူးပေါင်းကာ ၎င်း၏ပါတီဟောင်းကို ပြန်လည် ရင်ဆိုင်ယှဉ်ပြိုင် အနိုင်ရခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ် နာဂျစ်သည် နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီထံမှ အမေရိကန် ဒေါ်လာသန်း ၇၀၀ ကျော် အလွဲသုံးစားပြုထားကြောင်း သံသယဖြစ်ဖွယ် အခြေအနေများအပြင် အခြားသော အဂတိ လိုက်စားမှုများ၊ အာဏာအလွဲသုံးစားပြုမှုများကြောင့် နှစ်ပေါင်းများစွာ မလေးရှားနိုင်ငံ၏အာဏာကို ချုပ်ကိုင်ထားခဲ့သော လက်ရှိ အာဏာရ ညွန့်ပေါင်းပါတီအပေါ် မလေးရှားပြည်သူများ၏ ထောက်ခံမှု စံချိန်တင် ကျဆင်းနေခြင်းမှာ မဟာသီယာကို အာဏာ ပြန်လည်ရရှိစေရန် အဓိက ပံ့ပိုးပေးသော အချက်ဖြစ်သည်။

၎င်း၏ပါတီ လူကြိုက်များမှု ကျဆင်းနေခြင်းကို ရိပ်စားမိသော ဝန်ကြီးချုပ် နာဂျစ်နှင့် ညွန့်ပေါင်းပါတီသည် မြန်မာနိုင်ငံမှ ရခိုင်ဒေသ ပြဿနာကိုမူတည်ကာ ကမ္ဘာ့မွတ်ဆလင်နိုင်ငံများနှင့်အတူ ဘင်္ဂါလီများကို ထောက်ခံကာ မြန်မာအစိုးရကို စွပ်စွဲဖိအားပေခြင်းဖြင့် မလေးမွတ်ဆလင် အများစု၏ ထောက်ခံမှု ပြန်လည်ရရှိရန် ကြိုးစားခဲ့နေသည့်ကြားက ၎င်းတို့အပေါ် မလေးပြည်သူများ၏ ယုံကြည်အားပေးမှု သိသာစွာ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။

လက်ရှိ လူထုဆန္ဒ သဘောထားများအရ လက်ရှိ အာဏာရ ညွှန့်ပေါင်းပါတီအနေနှင့် ကျန်ရှိနေသော အတိုက်အခံပါတီနှစ်ခုနှင့် ပူးပေါင်းလျှင်ပင် မဟာသီယာ ဦးဆောင်သောပါတီကို အနိုင်ရရှိရန် မလွယ်ကူပေ။သို့သော် နာဂျစ်အစိုးရက များမကြာသေးမီက ရွေးကောက်ပွဲသတ်မှတ်ချက် မူဘောင် များ ပြင်ဆင်လိုက်သောကြောင့် ရွေးကောက်ပွဲသည် တရားမျှတမှုရှိရန် မလွယ်ကူကြောင်း ခန့်မှန်းသုံးသပ်မှုများလည်း ထွက်ပေါ်ခဲ့သည်။

မလေးရှားနိုင်ငံသည် အာဆီယံနိုင်ငံများအနက် ဖွံ့ဖြိုးမှု အရှိဆုံးနိုင်ငံ စာရင်းဝင်ဖြစ်သော်လည်း နိုင်ငံရေး လောကတွင် ဘာသာရေး၏ လွှမ်းမိုးစွက်ဖက်မှုများကြောင့် နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး၊ လူမှုရေး လွတ်လပ်ခွင့်များ ထိန်းချုပ်ခံနေရသော နိုင်ငံတစ်ခုဖြစ်သည်။ စီးပွားရေး ဖွံ့ဖြိုးနေသည်ဟု ဆိုသော်လည်း လူမျိုးရေးခွဲခြားမှုများကြောင့် နိုင်ငံ၏ ဓနဥစ္စာ အများစုကို ပိုင်ဆိုင်ထားသည့် လူနည်းစု တရုတ်လူမျိုးများ တဖြည်းဖြည်းနှင့် တတိယနိုင်ငံများသို့ ရွှေ့ပြောင်း ထွက်ခွာလျက်ရှိသည်။

မည်သို့ပင်ဖြစ်စေ မလေးရှားနိုင်ငံ၏ လက်ရှိ အပြောင်းအလဲသည် မလေးတို့၏ အစဉ်အလာ နိုင်ငံရေးမှ သိသာစွာ ခွဲထွက်လာပြီး အဂတိ လိုက်စားသော အစိုးရ၊ အာဏာအလွဲသုံးစားလုပ်သော အစိုးရ၊ အတိုက်အခံကို ဖိနှိပ်သော အစိုးရတို့ကို အစဉ်အလာပုံစံဖြင့် အသားကျနေသော မလေးပြည်သူများ ကိုယ်တိုင်ပင် လက်သင့်မခံတော့ကြောင်း လက်တွေ့ ပြသလိုက်ခြင်းဖြစ်၍ မလေးရှားနှင့် ဆင်ဆင်တူသော ဒေသတွင်းမှ နိုင်ငံများအတွက် မလေးရှားထံမှ ကောင်းစွာ သင်ခန်းစာယူသင့်ကြောင်း မီးမောင်းထိုး ဖော်ပြလိုရင်းဖြစ်သည်။

အယ်ဒီတာ (၁၀-၅-၂၀၁၈)