News

POST TYPE

EDITORIAL

သတင်းစာ ရှင်းလင်းပွဲများကို ကြိုဆို (Daily, Vol-6/No-24 )
08-May-2018 tagged as

အစိုးရ၏ ဒုတိယ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲများကို မေလ ၁၁ ရက်နေ့မှစတင်ပြီး မေလ ၃၁ ရက်နေ့အထိ ဝန်ကြီးဌာန အသီးသီးက သတ်မှတ်ရက်အတိုင်း ကျင်းပမည့် အစီအစဉ်အား အထူးပင် ကြိုဆိုအပ်ပေသည်။

သတင်းစာ ရှင်းလင်းပွဲများသည် စင်စစ်အားဖြင့် သတင်းမီဒီယာများကို အသိပေးခြင်းထက် ပြည်သူလူထုကို အစီရင်ခံ တင်ပြခြင်းဖြစ်သည့်အတွက် အစိုးရ၏ လုပ်ဆောင်ချက်များကို ရှင်းလင်းခြင်းအပြင် ပြည်သူလူထု၏ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းရန်အလို့ငှာ ဝန်ကြီးဌာနအလိုက် အပတ်စဉ်၊ လစဉ် သို့မဟုတ် အခါအားလျော်စွာ ကျင်းပသွားသင့်ပေသည်။

မြန်မာနိုင်ငံသည် နှစ်များစွာကပင် အစိုးရက လုပ်ကိုင်ဆောင်ရွက်နေသော ကိစ္စရပ်များကို အစိုးရရှုထောင့်မှ ရှင်းလင်း အသိပေးခြင်းနှင့် အာဏာရှင် ခေါင်းဆောင် သို့မဟုတ် အစိုးရအဖွဲ့ အကြီးအကဲကို သက်ဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ မည်သို့ အလုပ်လုပ်နေကြောင်း အသိပေး အစီရင်ခံသည့် သဘောမျိုးသာ နိုင်ငံပိုင်ခေါင်းစဉ်အောက်ရှိ အစိုးရအာဘော် သတင်းမီဒီယာများကို အသုံးချခဲ့သည်။

ထို့ကြောင့် ယင်းနိုင်ငံပိုင် သတင်းမီဒီယာများကို ဦးစီးကွပ်ကဲ၊ တာဝန်ယူ ဆောင်ရွက်ခဲ့သူများထံတွင် ခေါင်းဆောင်ကြီးများ စိတ်သက်သာရ၊ သဘောကျ နှစ်သက်စေရန် ဖျော်ဖြေပေးရန်၊ အပေါင်း လက္ခဏာဆောင်သော သတင်းများ၊ အကြောင်းအရာများကိုသာ ဖော်ပြပေးရန်ဟု စွဲမှတ်သွားခဲ့သည်။

အကျိုးဆက်မှာ နိုင်ငံတွင် အမှန်တကယ် ဖြစ်ပျက်နေသော အကြောင်းအရာများ၊ သတိပြုရမည့် ဖြစ်ရပ်များ၊ သတိပေးရမည့် အခြေအနေများကို ပြည်သူလူထုအား အစီရင်ခံရန်၊ တာဝန်ရှိသူ ဆုံးဖြတ်ချက်ပေးသူများကို အသိပေးရန်၊ မဏ္ဍိုင်သုံးရပ်ကို စောင့်ကြည့်ထိန်းမတ်ပေးရန်၊ အပြုသဘော ဝေဖန်ထောက်ပြပေးရန်ဟူသော စတုတ္ထမဏ္ဍိုင်၏ အဓိကတာဝန်ကို ထမ်းဆောင်ရန် ပျက်ကွက်သွားတော့သည်။

 ပြည်သူလူထုက အစစ်အမှန် ရွေးကောက်တင်မြှောက်ထားသော အရပ်သားအများစုပါဝင်သော အစိုးရလက်ထက် ကနဦးကာလများတွင် သတင်း မီဒီယာများကို အလေးမထားခြင်း၊ သတင်းလွတ်လပ်ခွင့် နိမ့်ကျသွားခြင်း၊ နိုင်ငံပိုင် အစိုးရအာဘော် သတင်းမီဒီယာ အခန်းကဏ္ဍကို ပို၍မြှင့်တင်မြှောက်စားလာခြင်းတို့ကြောင့် စိတ်ပျက်အားလျော့ဖွယ် ဖြစ်နေချိန်တွင် ယခုကဲ့သို့ သတင်းစာ ရှင်းလင်းပွဲများ ကျင်းပရန် စီစဉ်လာခြင်းကို အသိအမှတ်ပြုရမည် ဖြစ်သည်။

သတင်းထုတ်ပြန်မှု အားနည်းချက်၊ ပြဿနာများ ဖြစ်လျှင်ဖြစ်ခြင်း လျင်လျင်မြန်မြန် တုံ့ပြန်ဆောင်ရွက်နိုင်မှု မရှိခြင်း၊ မြန်မာနိုင်ငံ၏ အခြေအနေမှန်ကို အချိန်နှင့်တစ်ပြေးညီ နိုင်ငံတကာအား အသိမပေးနိုင်ခဲ့ခြင်း၊ နယ်ပယ် တစ်ခုချင်းစီအလိုက် သို့မဟုတ် အစိုးရအဖွဲ့ကိုယ်စား အချိန်မီ တာဝန်ခံ သတင်းထုတ်ပြန်၊ ဖြေကြား၊ ရှင်းလင်းပေးနိုင်မည့် လူပုဂ္ဂိုလ်၊ အဖွဲ့သတ်မှတ် တာဝန်ပေးမထားခြင်း၊ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများကို လိမ္မာပါးနပ် ထက်မြက်၊ ချက်ချာ၊ ကျွမ်းကျင်စွာ ကိုင်တွယ်ပြန်ကြားပေးနိုင်သူ သီးသန့် လေ့ကျင့်တာဝန်ပေးမထားနိုင်ခြင်း စသည့်အချက်များကြောင့် မြန်မာနိုင်ငံနှင့် လက်ရှိ အစိုးရ၏ပုံရိပ် မလိုအပ်ဘဲ ကျဆင်းသွားနိုင်ပေသည်။

ယင်းအချက်ကို လာမည့် သတင်းစာ ရှင်းလင်းပွဲများ စတင်ကျင်းပပြီးသည့်အချိန်မှစကာ ထည့်သွင်းစဉ်းစား၊ ကြိုတင်ပြင်ဆင်ထားခြင်းအားဖြင့် ပြည်သူကို ကိုယ်စားပြုသော အစိုးရတစ်ရပ်အဖြစ် ပုဂ္ဂလိက သတင်းမီဒီယာများ၏အားကို အသုံးချနိုင်သော၊ ပြည်သူကို အလေးထား ပြန်ကြားပေးသော၊ တာဝန်သိ၊ တာဝန်ယူ၊ တာဝန်ခံသော၊ ပြည်သူကို အမှန်တကယ် ကိုယ်စားပြုသော အစိုးရတစ်ရပ်အဖြစ် ပြသပါမည့်အကြောင်း တိုက်တွန်း အကြံပြုအပ်ပေသည်။

အယ်ဒီတာ (၈-၅-၂၀၁၈)

  • TAGS