News

POST TYPE

EDITORIAL

အမေ့လျော့ခံ သူရဲကောင်းတွေကို အကာအကွယ်ပေးပါ (Daily, Vol-6/No-21)
05-May-2018 tagged as

ထိန်ပင်အမှိုက်ပုံ မီးလောင်ပြင်ကို အထောက်အကူကိရိယာ တန်ဆာပလာနဲ့ တစ်ကိုယ်ရေ လုံခြုံရေးပစ္စည်း စုံစုံလင်လင်မရှိဘဲ စွန့်စွန့်စားစား မီးငြှိမ်းသတ်ပေးနေတဲ့ မီးသတ်ရဲဘော်တွေကို မြင်တော့ မြန်မာပြည်ရဲ့ တခြားနယ်ပယ်တွေမှာလည်း အရေးကြုံမှသာ သတိရ၊ အသိအမှတ်ပြုကြတဲ့ အမေ့လျော့ခံ သူရဲကောင်းတွေအကြောင်း တွေးစရာ ဖြစ်သွားတယ်။

မကြာခဏဆိုသလို မီးအကြီးအကျယ်လောင်လေ့ရှိတဲ့ မြန်မာပြည်မှာ မီးသတ်ရဲဘော်တွေကိုတော့ မကြာခဏ သတိရကြ၊ အသိအမှတ်ပြု၊ ချီးကျူးကြတာရှိတယ်။ အခုနောက်ပိုင်း ပုဇွန်တောင်စက်ဆန်း ကုန်လှောင်ရုံပေါက်ကွဲ မီးလောင်မှု၊ မင်္ဂလာဈေး မီးလောင်မှု အပါအဝင် သဘာဝဘေးအန္တရာယ် အထိအခိုက်တွေ များလာတဲ့အတွက် မီးသတ်ရဲဘော်တွေရဲ့ အခန်းကဏ္ဍကလည်း မြင့်လာတာ တွေ့ရတယ်။

ဒါပေမဲ့ အခုအချိန်အထိ မီးသတ်တပ်ဖွဲ့မှာ ခေတ်မီတဲ့ မီးသတ်ယာဉ်၊ ယန္တရား၊ အထောက်အကူပစ္စည်း၊ နည်းပညာ၊ အတွေ့အကြုံ လုံလုံလောက်လောက် ပြည့်ပြည့်စုံစုံ မရှိသေးဘူး။ ရှိတဲ့ပစ္စည်း၊ အခြေအနေလေးနဲ့ပဲ ကြိုးစားပန်းစား ငြှိမ်းသတ်နေကြရတယ်။ ဓာတုပစ္စည်းပေါက်ကွဲမှုလို မီးလောင်မှုမျိုးမှာ အတွေ့အကြုံနဲ့ ဗဟုသုတ မရှိတဲ့အတွက် မီးသတ်ရဲဘော်တချို့ မလိုအပ်ဘဲ အသက်စွန့်လိုက်ရတာ၊ ဒဏ်ရာ အကြီးအကျယ် ရသွားတာ၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးလိုက်ရတာတွေက ဒီနေ့လိုခေတ်ကြီးမှာ နောက်ထပ် မဖြစ်သင့်တော့ဘူးလေ။

အရင်က အမေ့လျော့ခံဖြစ်ခဲ့ပြီး အရေးကြုံမှ သတိရတဲ့ မီးသတ်ရဲဘော်တွေကမှ အခုနောက်ပိုင်း လူသိများလာသေးတယ်။ အင်မတန် အန္တရာယ်ကြီးတဲ့ လုပ်ငန်းခွင်မှာ နေ့စဉ်နဲ့အမျှ အသက်စွန့်လုပ်နေကြရတဲ့ လျှပ်စစ်လုပ်သားတွေကို သတိထားမိတဲ့သူ သိပ်နည်းတယ်။

ပါဝါသိပ်များတဲ့ အကြီးစား လျှပ်စစ်ဓာတ်အားစက်ရုံ၊ ကေဘယ်ကြိုးတွေ တည်ဆောက်၊ သွယ်တန်း၊ ပြင်ဆင်တဲ့နေရာမှာရော၊ မြို့၊ ရွာတွေမှာ လျှပ်စစ်ပိုင်းဆိုင်ရာ ပြင်ဆင်၊ ပြုပြင်၊ စစ်ဆေးနေတဲ့ နေရာတွေမှာပါ အခြေခံကျကျ တာဝန်ထမ်းဆောင်နေရတဲ့ လျှပ်စစ်လုပ်သားတွေရဲ့ဘဝက ရှေ့တန်းမှာ ရန်သူနဲ့ သူသေ ကိုယ်သေ တိုက်နေရတဲ့ တပ်မတော်သားတွေထက် မလျော့တဲ့အန္တရာယ်နဲ့ စွန့်စားမှုတွေ တစ်ပြုံတစ်မကြီး ရင်ဆိုင်နေကြရတယ်။

တပ်မတော်သား၊ စစ်သည် ဘယ်နှဦး ရှေ့တန်းစစ်မျက်နှာမှာ အသက်ပေးလှူသွားတယ်၊ ဘယ်နှယောက် ထိခိုက်ဒဏ်ရာ ရတယ်၊ မီးသတ်ရဲဘော် ဘယ်နှဦး အသက်ဆုံးရှုံးသွားတယ်၊ ဘယ်လောက် ဒဏ်ရာရသွားတယ်ဆိုတာ မီဒီယာအသီးသီးကတစ်ဆင့် တစ်နည်းနည်းနဲ့ ပြည်သူက သိနိုင်သေးတယ်။

လျှပ်စစ်ဝန်ထမ်း၊ လုပ်သားတွေ ဓာတ်လိုက်လို့၊ မတော်တဆဖြစ်လို့ လုပ်ငန်းခွင်မှာ ဆုံးပါးသွားကြတာ၊ ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာရသွားကြတာကိုတော့ ပြည်သူတွေ မသိကြဘူး။ သိအောင်လည်း နိုင်ငံပိုင်နဲ့ ပုဂ္ဂလိက မီဒီယာတွေက စုံစမ်း၊ ဖော်ထုတ်ရေးသားတင်ပြတာ မရှိသေးဘူး။ 

ပြောရရင် မီးပျက်ရင် လျှပ်စစ်ဌာနကို အပြစ်တင်၊ ဆဲဆိုတဲ့အချိန်မှာပဲ သတိရကြတယ်။ မီးပျက်သွားရင် အောက်ခြေက လျှပ်စစ်လုပ်သားတွေ ဘယ်လောက် ပျာယာခတ်ပြီး အန္တရာယ် ကြီးလွန်းလှတဲ့ အခြေအနေမှာ ဘယ်လောက်ကြိုးစား ပြင်ဆင်ရတယ်ဆိုတာ သတိမပြုမိကြဘူး။

တကယ်တော့ လောလောဆယ် အရေးကြီးတဲ့ ဒီနှစ်ဌာနကိုပဲ ဆက်စပ်လို့ ပြောရတာ။ တကယ်တော့ မြန်မာပြည်မှာ သူတို့လိုပဲ ဘဝတွေ၊ အသက်တွေ၊ ရောဂါမျိုးစုံတွေနဲ့ရင်းပြီး မဖြစ်စလောက် လုပ်ခ၊ လစာ၊ ခံစားခွင့်၊ အထောက်အပံ့လေးနဲ့၊ လူစဉ်မမီ၊ ခေတ်နောက်ကျနေတဲ့ အိုနာကျိုးကန်း လုပ်ငန်းခွင်သုံး ပစ္စည်းကိရိယာလေးတွေနဲ့ အလုပ်လုပ်နေကြရတဲ့ အမေ့လျော့ခံ သူရဲကောင်းတွေ အများကြီးရှိနေတယ်။

ပြည်သူတွေကတော့ မီဒီယာတွေက မဖော်ပြတဲ့အတွက် မသိကြပေမယ့် သက်ဆိုရာ တာဝန်ရှိသူ ဌာနနဲ့ အစိုးရကတော့ အောက်ခြေဝန်ထမ်းတွေကို ခံစားခွင့် တိုးမပေးနိုင်ရင်တောင် လုပ်ငန်းခွင် အန္တရာယ်ကင်းအောင်တော့ ဥပဒေနဲ့ကို ကြပ်ကြပ်မတ်မတ် အကာအကွယ်ပေးဖို့၊ အနိမ့်ဆုံးအဆင့် အောက်ခြေဝန်ထမ်းတွေရဲ့ အခြေအနေမှန်တွေကို သိအောင်လုပ်ဖို့ လိုနေပြီဆိုတာ သတိပေးထောက်ပြလိုရင်းပါ။

အယ်ဒီတာ (၅-၅-၂၀၁၈)

  • TAGS