News

POST TYPE

EDITORIAL

ကိုရီးယားညီနောင်နှစ်ပါးကို စာနာနားလည်ပေးလိုက်ပါ (Daily, Vol-6/No-15)
ယမန်နေ့က မြောက်ကိုရီးယား ကွန်မြူနစ်ခေါင်းဆောင် ကင်ဂျုံအန်းနဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းတို့ နယ်စပ်ဒေသတွင် ပထမဆုံး တွေ့ဆုံခဲ့ကြတဲ့ သတင်းဟာ နိုင်ငံတကာ မီဒီယာတွေ အားလုံးကို လွှမ်းမိုးသွားပါတယ်။ လွှမ်းမိုးတာမှ ဘယ်သတင်းချန်နယ်ကိုပဲဖွင့်ဖွင့်၊ ဘယ်သတင်းဝက်ဘ်ဆိုက်ကိုပဲဝင်ဝင် သူတို့နှစ်ယောက်ရဲ့ သတင်းတွေချည်းပါပဲ။

တောင်-မြောက်ကိုရီးယား နယ်စပ်မြို့ကလေးမှာ ကင်ဂျုံအန်းနဲ့ မွန်ဂျေအင်းတို့ ပွေ့ဖက်နှုတ်ဆက်၊ ဆွေးနွေးတိုင်ပင်ကြပုံတွေ၊ ငြိမ်းချမ်းရေး သစ်ပင်စိုက်ပုံတွေ၊ သူတို့ရဲ့ ဇနီးနှစ်ဦး တရင်းတနှီး စကားပြောနေပုံတွေ စတာတွေဟာ ကမ္ဘာ့ခေါင်းကြီးသတင်း တစ်ပုဒ်လို ဖြစ်သွားခဲ့ပါတယ်။

နှစ်ပေါင်းများစွာ (၁၉၅၃ ခုနှစ်ကတည်းက) အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်သာ ရခဲ့ပြီး တရားဝင် စစ်ပြီးဆုံးတဲ့အဆင့်ကိုမရောက်ခဲ့ဘဲ လတ်တလောနှစ်တွေမှာ စစ်မက်ပဲ ထဖြစ်တော့မယ့် အနေအထားရှိရောက်ခဲ့တဲ့ ကိုရီးယားနှစ်နိုင်ငံရဲ့ ခေါင်းဆောင်တွေ ယခုလို တွေ့ဆုံမှုဟာ ဝမ်းပန်းတသာ ကြိုဆိုရမယ့်ကိစ္စပါ။

ပိုပြီး ဝမ်းသာအားရစရာ ကောင်းတာက ဘေးပတ်ဝန်းကျင်နိုင်ငံတွေ သာမက ကမ္ဘာ့နိုင်ငံတွေကပါ စိုးရိမ်နေတဲ့ နျူကလီးယား ဖျက်သိမ်းနိုင်ဖို့ လုပ်ဆောင်သွားမယ့်အကြောင်း၊ နှစ်နိုင်ငံ ငြိမ်းချမ်းရေး ဖော်ဆောင်မယ့်အကြောင်း သဘောတူနိုင်ခဲ့တာပါပဲ။ ယခင်လပိုင်းတွေကဆိုရင် ယခုလိုကိစ္စမျိုးဟာ စိတ်ကူးတောင် ယဉ်လို့မရနိုင်ခဲ့ပါဘူး။ နောင်တစ်လ ဒါမှမဟုတ် တစ်လကျော်လောက်မှာဆိုရင် ပိုလို့တောင် စိတ်ကူးယဉ်လို့ မရနိုင်ခဲ့တဲ့ကိစ္စတစ်ခုလည်းဖြစ် လာတော့မယ့်သဘောမှာ ရှိပါတယ်။ ကင်ဂျုံအန်းနဲ့ အမေရိကန်သမ္မတ ထရမ့်တို့ တွေ့ကြမယ့်ကိစ္စပါ။

ကင်ဂျုံအန်းဟာ အာဏာရှင်တစ်ယောက်ပါ။ အာဏာရှင်တစ်ယောက် အပြောင်းအလဲ လုပ်လာပြီဆိုရင် ဘေးပတ်ဝန်းကျင် နိုင်ငံရေး လောကထဲမှာရှိတဲ့သူတွေက ပထမဆုံး သံသယဖြစ်တတ်ပါတယ်။ အခုလည်း ထုံးစံအတိုင်း ကင်ဂျုံအန်းတစ်ယောက် ဘယ်လိုလှည့်ကွက်တွေ လုပ်မလဲ၊ အမှန်တကယ်ရော ရိုးသားတဲ့ စိတ်နဲ့ အပြောင်းအလဲလုပ်ဖို့ စိတ်ကူးလာတာလား ဆိုတာကို လေ့လာစောင့်ကြည့်သူလို့ဆိုသူတွေ၊ မြောက်ကိုရီးယားအရေး ကျွမ်းကျင်တယ်လို့ ပြောသူတွေက သံသယဖြစ်နေကြပါတယ်။

ဖြစ်မယ်ဆိုလည်း ဖြစ်ချင်စရာပါပဲ၊ အဘိုးတူမြေး၊ အဖေတူသား၊ တစ်မျိုးပြောရရင် အာဏာရှင်ရဲ့မြေး၊ အာဏာရှင်ရဲ့ သားတော်မောင်ဖြစ်သူ တစ်ယောက်က ဘယ်လောက် အတိုင်းအတာအထိ အပြောင်းအလဲတွေ လုပ်ပေးနိုင်မလဲ၊ နောက်ဆုံး ကိုရီးယားနှစ်ပြည်ထောင်ပေါင်းစည်းရေးအထိ စွမ်းဆောင်နိုင်တဲ့ ပုဂ္ဂိုလ်လားဆိုတာ တကယ် သိချင်စရာပါ။ ဘေးပတ်ဝန်းကျင် မဆိုင်တဲ့သူတွေတောင် အဲဒီလောက် စိတ်ဝင်တစား ဖြစ်နေကြမယ်ဆိုရင် ကိုရီးယားလူမျိုးတွေဆိုရင် ဘယ်လောက်တောင် စိတ်လှုပ်ရှားနေမယ်၊ သိချင်နေကြမယ်ဆိုတာ ပြောစရာတောင် မလိုဘူးထင်ပါတယ်။

ကင်ဂျုံအန်းအပေါ် သံသယတွေ ဘယ်လိုပဲရှိနေစေကာမူ၊ တစ်ကမ္ဘာလုံးရဲ့ ဖိအားတွေကြောင့်လို့ ဘယ်လိုပဲပြောပြောသူရော၊ တောင်ကိုရီးယားသမ္မတရော နှစ်ဖက်စလုံးမှာ အပြောင်းအလဲ ဖြစ်ချင်တဲ့ စိတ်တကယ်ရှိလာလို့ ယခုလို အခြေအနေကောင်းထဲကို ရောက်လာတာပဲ ဖြစ်တယ်လို့ ဆိုရမှာပါပဲ။ အမှန်တကယ်ပဲ ငြိမ်းချမ်းရေး လိုလားတဲ့စိတ်ရှိလို့ အနာဂတ်အရေးကို မျှော်တွေးပြီး အပြောင်းအလဲ လုပ်လာတယ်လို့ ဖြည့်တွေးပေးနိုင်မယ်ဆို ပိုသင့်တော်ပါလိမ့်မယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တောင် - မြောက် ကိုရီးယားနှစ်နိုင်ငံရဲ့ ရန်ငြိုးရန်စ၊ အမုန်းတရားကြားမှာ တစ်ချိန်က မြေစာပင် ဖြစ်ခဲ့ဖူးပါတယ်။ ၁၉၈၃ ခုနှစ်ကပါ။ သူတို့ရဲ့ရန်စကြောင့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည် သူရဲကောင်းကြီးတွေရဲ့ ဂူဗိမာန်တွေ တစ်စစီ ပျက်စီးခဲ့ရတဲ့အထိ ဖြစ်ခဲ့ရသလို မြန်မာအစိုးရအရာရှိအချို့၊ သတင်းစာ ဆရာအချို့နဲ့ လုံခြုံရေး အရာရှိအချို့ အသက်ပေးလိုက်ရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ အခု သူတို့ တောင်-မြောက် ညီအစ်ကို နှစ်ယောက် ပြန်ပေါင်းထုပ်နိုင်မယ့် အခြေအနေတွေ ဖြစ်လာချိန်မှာ ကျွန်တော်တို့အနေနဲ့ ကိုယ်ချင်းစာနာစိတ်၊ သည်းခံခွင့်လွှတ်တတ်တဲ့စိတ်နဲ့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ပေးရုံမှတစ်ပါး တခြားမရှိနိုင်ဘူးလို့ပဲ ပြောရမှာဖြစ်ပါတယ်။

အယ်ဒီတာ (၂၈-၄-၂၀၁၈)