News

POST TYPE

EDITORIAL

ဘယ်သူက ဥပဒေ ချိုးဖောက်တာလဲ (Daily, Vol-6/No-9)
21-Apr-2018 tagged as

ရိုက်တာသတင်းထောက် နှစ်ယောက်ကို ထောင်ချောက်ဆင်ဖမ်းဆီးတယ်လို့ တရားရုံးမှာ သက်သေထွက်ဆိုခဲ့တဲ့ ဒုတိယရဲမှူး မိုးရန်နိုင်နဲ့ သူ့မိသားစုအပေါ် သက်ဆိုင်ရာက အရေးယူ ဆောင်ရွက်ခဲ့တာကို ပြည်သူအများစုရဲ့ တုံ့ပြန်မှုတွေကိုကြည့်ရင် မြန်မာပြည်သူလူထုရဲ့ အမှန်တရားအပေါ်မှာ တန်ဖိုးထားစိတ်၊ အမှန်တရားကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆိုတဲ့သူအပေါ် လေးစားအားပေးစိတ်ကို အထင်းသား တွေ့ရတယ်။

အစကတည်းက ပြဿနာအပေါ် ချဉ်းကပ်ပုံ လွဲချော်နေတယ်လို့ ဝေဖန်ခံနေရတဲ့ ရိုက်တာသတင်းထောက်နှစ်ယောက် ပြဿနာမှာ အခုလတ်တလော ဒုရဲမှူး မိုးရန်နိုင်အပေါ် ရဲတပ်ဖွဲ့ရဲ့ အရေးယူမှုက တစ်ပူပေါ်နှစ်ပူဆင့် ဖြစ်သွားတယ်လို့ ဆိုရမှာပါ။

ဒုရဲမှူး အဆင့်ရှိသူဖြစ်ဖြစ်၊ ရဲချုပ်အဆင့်ရှိသူဖြစ်ဖြစ် အပြစ်လုပ်ထားရင်၊ ဥပဒေချိုးဖောက်ထားရင် ဥပဒေအရ အရေးယူလို့ရပေမယ့် အဲလို အရေးယူဆောင်ရွက်တဲ့ လုပ်ငန်းစဉ်အားလုံးကလည်း ဥပဒေနဲ့ညီညွတ်ဖို့ လိုတယ်။ ကိုယ်တိုင်က နဂိုကတည်းက ဥပဒေနဲ့မညီဘဲ ဥပဒေကို လက်တစ်လုံးခြားဖြစ်ဖြစ်၊ ဥပဒေကို အသုံးချဖို့သက်သက်ဖြစ်ဖြစ် အပြစ်မကျူးလွန်တဲ့သူ တစ်ယောက်ယောက်ကို အရေးယူ အပြစ်ပေးမိတယ်ဆိုရင် ကိုယ်တိုင် ဥပဒေချိုးဖောက် ပြစ်မှုကျူးလွန်တာ ဖြစ်သွားနိုင်တယ်။

မြန်မာလူ့အဖွဲ့အစည်းက အားလုံး သိကြတဲ့အတိုင်း အတိတ်မှာ ဥပဒေကို ထင်သလို စိတ်ကြိုက် လိုရာဆွဲ အသုံးပြုခဲ့တဲ့ စနစ်ဆိုးတစ်လျှောက် ခါးသီးတဲ့ အတွေ့အကြုံတွေ အများကြီး ကြုံခဲ့ကြတဲ့အတွက် စနစ်ဆိုးရဲ့အရိပ်နဲ့ မလွတ်ကင်းသေးတဲ့ အဖွဲ့အစည်းတစ်ခုခုနဲ့ ပတ်သက်ရင် အကောင်းမြင်စိတ်နည်းပြီး သံသယ စိတ်နဲ့ပဲ ကြည့်တတ်တယ်။

ဒီနေ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အရေးယူ ဆောင်ရွက်မှုတွေအပေါ် ပြည်သူလူထုရဲ့ တုံ့ပြန်မှုကိုကြည့်ရင် သိနိုင်တယ်။ ရဲတပ်ဖွဲ့ဝင်တစ်ဦးဦးက မူလဘူတ ရဲတာဝန်ဝတ္တရားကို ကြိုးကြိုးစားစား ထမ်းဆောင်တာ၊ အလုပ်အပေါ်မှာ ပြည်သူလူထုအပေါ်မှာ ရိုးရိုးသားသားရှိတာ၊ အမှန်တရားဘက်က ရပ်တည်တာမျိုးဆိုရင် မဆိုင်းမတွ အားပေးထောက်ခံကြတယ်။

မဟုတ်မှန်တဲ့ကိစ္စ၊ မရိုးသားတဲ့ကိစ္စ၊ အနိုင်ကျင့် ဒုက္ခပေး၊ ချောက်ချတဲ့ ကိစ္စမျိုးဆိုရင်တော့ ဆန့်ကျင်ရှုတ်ချကြတယ်။ ဒါ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတိုင်းရဲ့ တူညီတဲ့စရိုက်လက္ခဏာ၊ လူပီသတဲ့လူတွေရဲ့ သဘောသဘာဝပဲ။ 

သက်ဆိုင်ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ အမှုနဲ့ပတ်သက်နေတဲ့ ဒုရဲမှူး မိုးရန်နိုင်ကို ဖမ်းဆီးထိန်းသိမ်းထားတာကိုယ်၌က တကယ်ဆန်းစစ်ကြည့်ရင် ဥပဒေနဲ့ ညီ၊ မညီ မေးခွန်းထုတ်စရာတွေ ရှိနေတယ်။ ဒီကြားထဲ တရားရုံးမှာ သူမှန်တယ်ထင်တာကို ထွက်ဆိုအပြီး သူ့မိသားစုကို ရဲလိုင်းခန်းကနေ နှုတ်မိန့်နဲ့ ချက်ချင်း နှင်ထုတ်တတ်တာကတော့ စာနာမှုကင်းမဲ့လွန်းပြီး လူ့ကျင့်ဝတ်နဲ့ ဂုဏ်သိက္ခာကို မျက်ကွယ်ပြုရာ ရောက်လွန်းတယ်။

တကယ်ဆို စနစ်ဆိုးရဲ့လောင်းရိပ်အောက်မှာ အကြောင်းကြောင်းကြောင့် ပြည်သူလူထုရဲ့ အမြင်မကြည်လင်မှုတွေနဲ့ ဖြတ်သန်းလာခဲ့တဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ ပြည်သူ့မေတ္တာကို ပြန်ရအောင် ကြိုးပမ်းရမယ့်အစား အခုလိုလုပ်ရပ်က ပြည်သူတွေ ထင်မြင်ယူဆထားတာ မမှားဘူးလို့ သက်သေပြလိုက်သလို ဖြစ်သွားနိုင်တယ်ဆိုတာ သတိချပ်သင့်တယ်။

တကယ်ဆို ရဲတပ်ဖွဲ့ဆိုတာ အစိုးရတစ်ဖွဲ့၊ ပြည်ထဲရေးဝန်ကြီးတစ်ဦး၊ ရဲချုပ်တစ်ယောက်တည်းနဲ့ ဆိုင်တာမဟုတ်ဘူး။ ရဲတပ်ဖွဲ့ထဲမှာ အကြောင်းအမျိုးမျိုးကြောင့် အများ မိုးခါးရေသောက်သလို လိုက်မသောက်ဘဲ ကြံ့ကြံ့ခံနေတဲ့ ရဲစစ်စစ်တွေ၊ စားဝတ်နေရေး၊ မိသားစု ရှင်သန်ရပ်တည်ရေးအတွက် မတတ်သာလို့ မိုးခါးရေ သောက်ရပေမယ့် အခွင့်အရေးရရင် ပြုပြင်ချင်စိတ် အမြဲရှိနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ အပါအဝင် ရဲတပ်ဖွဲ့က အလုပ်အကျွေးပြုရမယ့် ပြည်သူလူထု တစ်ရပ်လုံးနဲ့ ဆိုင်တယ်။

အဲဒါနဲ့ဆက်စပ်ပြီး ရဲတပ်ဖွဲ့ကို ဘယ်သူက အမှန်တကယ် စီမံခန့်ခွဲနေတာလဲဆိုတဲ့ မေးခွန်းကိုလည်း ဒီပြဿနာ ဖြေရှင်းပုံက တစ်စိတ်တစ်ပိုင်း လှစ်ဟသလို ဖြစ်သွားနိုင်တယ်။ အဲလိုမဟုတ်ရင်တော့ တိုက်ရိုက်တာဝန်ရှိတဲ့ ဝန်ကြီးဌာနနဲ့ အစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမှုနှင့် စိတ်ရင်းစေတနာကို မေးခွန်းထုတ်ကြလိမ့်မယ်။

မြန်မာလူ့အဖွဲ့အစည်းကတော့ ရှင်းတယ်။ သူတို့ အမှန်တရားလို့ ထင်တဲ့၊ အမှန်တရားဘက်က ရပ်တည်ဖော်ထုတ်တယ်လို့ထင်တဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကို ပြတ်ပြတ်သားသား ထောက်ခံမယ်၊ အားပေးမယ်၊ လိုအပ်ရင် တတ်နိုင်သလောက် ကူညီမယ်၊ တခြားသူတွေကိုလည်း ဝိုင်းကူညီကြဖို့ ဆော်ကြမယ်။ 

အခုလည်း ဆိုရှယ်လူမှုကွန်ရက်မှာ ဒုရဲမှူး မိုးရန်နိုင်ကို ဝန်းရံထောက်ခံပေးကြတယ်။ ဒုက္ခရောက်သွားတဲ့ သူ့မိသားစုကို ချက်ချင်း အိမ်၊ နေရာ စီစဉ်ပေးကြတယ်။ အလှူငွေတွေ စုကောက်ပြီး ကူညီဖို့ပြင်နေကြတယ်။ အလှူငွေစာရင်း တချို့တောင် တင်နေကြပြီ။ ဒီသတင်းကြားတာနဲ့တင် သာမန် ကိုယ်ချင်းစာတရား၊ နှလုံးသားရှိသူတိုင်း ကူညီဖို့ မဆိုင်းမတွ ဆုံးဖြတ်ကြမှာပဲ။ 

အဲဒီတော့ ဒီပြဿနာကို အစကတည်းကနေ ဒီနေ့အချိန်အထိ လိမ္မာပါးနပ်မှုမရှိတဲ့ နည်းလမ်းတွေနဲ့ချည်း ချဉ်းကပ်ဖြေရှင်းလာခဲ့တာ ဒီနေ့ ဒုရဲမှူး မိုးရန်နိုင်နဲ့ သူ့မိသားစုအပေါ် ပြုမူလိုက်တဲ့နည်းလမ်းက ရဲတပ်ဖွဲ့နဲ့ မြန်မာလူ့အဖွဲ့အစည်းရဲ့ ပကတိ အခြေအနေကို မီးမောင်းထိုးပြလိုက်တာပဲ။ 

ဒီကိစ္စအပေါ်မှာ ရှက်ရမ်းရမ်းသလို ထပ်ရှင်းရင် ပုတ်သင်ဥနဲ့တူတဲ့ တခြား မနှစ်မြို့စရာ ပြဿနာတွေ တစ်လှေကြီး တစ်ထောကြီး ပေါ်လာနိုင်တဲ့အတွက် ကာယကံရှင်နဲ့ သူ့မိသားစုကို ကိုယ်ချင်းမစာရင်တောင် ရဲတပ်ဖွဲ့နဲ့ အစိုးရရဲ့ဂုဏ်သိက္ခာကို ငဲ့ကွက်တဲ့အနေနဲ့ဖြစ်ဖြစ်၊ ပြဿနာ ပိုကြီးမသွားအောင် ထိန်းတဲ့အနေနဲ့ဖြစ်ဖြစ် အချိန်မနှောင်းခင် မှန်ကန်တဲ့နည်းလမ်းနဲ့ပြောင်းပြီး ဖြေရှင်းကြဖို့၊ အကြံပြု တိုက်တွန်းလိုက်ပါရစေ။

အယ်ဒီတာ (၂၁-၄-၂၀၁၈)

  • TAGS