News

POST TYPE

EDITORIAL

ပြောသည့်အတိုင်း လုပ်မည်လော (Daily, Vol-6/No-6)
05-Apr-2018

နိုင်ငံတော်သမ္မတအဖြစ် စတင် တာဝန်ထမ်းဆောင်မည့် ဦးဝင်းမြင့် ပထမဦးဆုံး ပြောကြာခဲ့သော မိန့်ခွန်းတွင် ကြားနေကျ စကားလုံးများနှင့်မတူ ထူးခြားချက်ရှိခဲ့သည်မှာ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရန် နှောင့်နှေးနေသော အစိုးရဌာနများကို ကြပ်မတ်မည် ဆိုသောအချက်နှင့် သတင်းမီဒီယာများကို အလေးထား၊ အသိအမှတ်ပြုသည့်အချက်နှစ်ချက်ဖြစ်သည်။

အတိုက်အခံပါတီအဖြစ် ရှိနေခဲ့စဉ် ကာလများ အပါအဝင် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ နှစ်ခုစလုံးတွင် ပုဂ္ဂလိက သတင်းမီဒီယာများ အားလုံးနီးပါး NLD ပါတီကို အထူးအမွှမ်းတင် ဦးစားပေး ဖော်ပြခဲ့ကြသော်လည်း ရွေးကောက်ပွဲအပြီး အာဏာရရှိလာသောအချိန်တွင် သတင်းမီဒီယာများအပေါ် အာဏာရပါတီ၏ ဆက်ဆံရေးနှင့် သဘောထားများ တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့သည်။

သတင်းလွတ်လပ်ခွင့်ဆိုင်ရာ ညွှန်းကိန်းများနှင့် တိုင်းတာလျှင်ဖြစ်စေ၊ သတင်းမီဒီယာသမားများ တရားစွဲဆို၊ ထောင်ချ အရေးယူခံနေရသည့် ကိန်းဂဏန်းများအရ ဖြစ်စေ၊ သတင်းရယူခွင့် အခြေအနေအရဖြစ်စေ ယခင်အရပ်သားတစ်ပိုင်း အစိုးရလက်ထက်လောက်ပင် သတင်းလွတ်လပ်ခွင့် မရှိဟု ကောက်ချက်ချနိုင်သည်။ နိုင်ငံတော် အတိုင်ပင်ခံကိုယ်တိုင်သည်ပင်လျှင် စတုတ္ထမဏ္ဍိုင်ကို အသိအမှတ်မပြုသည့် သဘောပါသည့် မှတ်ချက်စကား ပြောကြားခဲ့သည်အထိ သတင်းမီဒီယာများအပေါ် သဘောထား ပြောင်းသွားခဲ့သည်။

ထိုအချိန်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးဝင်းမြင့်က သမ္မတဖြစ်လာချိန်တွင် ကနဦး မိန့်ခွန်းအတွင်း သတင်းမီဒီယာများကို အထူး အလေးထား၊ ဦးစားပေး ထည့်သွင်းပြောကြားသွားသည့်အတွက် သတင်းမီဒီယာများအပေါ် အာဏာရပါတီ၏ သဘောထား ပြန်လည် ပျော့ပျောင်းလာခြင်းလော၊ နိုင်ငံရေးအရ စည်းရုံးရေးဆန်ဆန်အဖြစ်သဘော ပြောသွားခြင်းလော စောကြောစရာ ဖြစ်သွားခဲ့သည်။

အခြားတစ်ဖက်တွင်လည်း ဦးဝင်းမြင့်၏ မိန့်ခွန်းသည် မြန်မာသဒ္ဒါ သဘောအရ ပြုလုပ်သူကတ္တားနှင့် အပြုခံ ကံကိုကိုယ်စားပြုမှု ရှင်းလင်းစွာ မရှိဘဲ သတင်းမီဒီယာများကို အလေးအနက် ထားကြရန် ပြည်သူ့မဏ္ဍိုင်ကို အလေးအမြတ်ပြုကြရန် တိုက်တွန်း ပြောကြားသွားရာ အစိုးရအဖွဲ့ကိုယ်စား ပြည်သူကို တိုက်တွန်းခြင်းလော၊ အစိုးရအဖွဲ့ကို သမ္မတအနေနှင့် တိုက်တွန်းခြင်းလော၊ လွှတ်တော်ကိုယ်စားလှယ်များကို နိုင်ငံတော် သမ္မတအနေနှင့် တိုက်တွန်းခြင်းလော မကွဲပြားလှပေ။ 

ဦးဝင်းမြင့် လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့စဉ် ၂ နှစ်ကာလအတွင်း သတင်းမီဒီယာများနှင့် ဆက်ဆံရေး ပြေပြစ်ခဲ့သော်လည်း လွှတ်တော်အတွင်း သတင်းရယူခွင့် ကန့်သတ်ချက်များ ရှိနေခြင်းကိုမူ ပြုပြင်ပြောင်းလဲနိုင်ခဲ့ခြင်း မရှိပေ။ 

သို့သော် သတင်းမီဒီယာသမားများနှင့် အခါအားလျော်စွာ တွေ့ဆုံ၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်း၊ သတင်းမီဒီယာသမားများ မကြာခဏ တွေ့ဆုံမေးမြန်းခွင့် ရရှိခြင်းတို့ကြောင့် သမ္မတဖြစ်လာချိန်တွင် ၎င်း၏ မိန့်ခွန်းတွင် အထူးပြု ပြောကြားသွားခဲ့သလို ၎င်းနှင့် ၎င်းဦးဆောင်သော အစိုးရက သတင်းမီဒီယာများအပေါ် ယခင်ထက်ပို၍ အလေးထား ဆက်ဆံလာလိမ့်မည်ဟု မျှော်လင့်ရသည်။

ပြုပြင်ပြောင်းလဲရန် နှောင့်နှေးနေသော အစိုးရဌာနများကို ကြပ်မတ်မည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်၍မူ နှစ်ပေါင်းများစွာ မလုပ်၊ မရှုပ်၊ မပြုတ် ခေါက်ရိုးကျိုးလာခဲ့သူများ၊ တစ်သွေး၊ တစ်သံ၊ တစ်မိန့်နှင့် နှစ်များစွာ ယဉ်ပါးလာခဲ့ပြီး ပြည်သူ့ရေးရာ ဝန်ဆောင်မှု နယ်ပယ်နှင့် မနီးစပ်သူများ၊ အရပ်သား အများစုပါသော အစိုးရအဖွဲ့ကို ရည်ရွယ်ချက်ရှိရှိ ကန့်လန့်တိုက်လိုသူများ၊ အမြစ်တွယ်နေသော အကျင့်ပျက်ခြစားမှုနှင့် အသားကျနေသူများဖြင့် ယိုယွင်းပျက်စီးနေသော အစိုးရအုပ်ချုပ်ရေး ယန္တရားကြီးကို အမှန်တကယ် ကိုင်တွယ်တော့မည်လောဟု မျှော်လင့်စရာ ဖြစ်သွားခဲ့သည်။

ထို့အပြင် ယူထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်ကို အသုံးမချနိုင်သော သို့မဟုတ် လူမှန် နေရာမှန် မဖြစ်သော ပြည်ထောင်စုဝန်ကြီးအချို့၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ဝန်ကြီးချုပ်နှင့် ဝန်ကြီးအချို့၏ စွမ်းဆောင်ရည်၊ ကိုယ်ရည်ကိုယ်သွေး၊ မိမိတို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို ခွဲခြားသိမြင်နိုင်စွမ်း၊ သက်ဆိုင်ရာ ဒေသလွှတ်တော်များနှင့် ညှိနှိုင်းဆောင်ရွက်မှု၊ ပုဂ္ဂိုလ်ရေးနှင့် အများပြည်သူအရေး ခွဲခြားနိုင်မှု စသည်တို့အပေါ်တွင်လည်း ဒေသခံပြည်သူများက ဝေဖန်ပြောဆိုမှုများ ရှိနေသည်ကိုလည်း ၎င်းတို့အား ခန့်ထား၊ ပြောင်းလဲ၊ ဖြုတ်ပယ်၊ အစားထိုးနိုင်သော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သိရှိရန် လိုပေသည်။

မည်သို့ပင်ဖြစ်စေ လက်ရှိ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် အလုပ်တာဝန်ပေါင်း များစွာ၊ ပြဿနာ အခက်အခဲပေါင်း များစွာ၊ စိန်ခေါ်မှုများစွာ၊ ပြည်တွင်း၊ ပြည်ပမှ ဖိအားများစွာတို့ စုဆုံရင်ဆိုင်နေရသူ အသက်အရွယ် ကြီးရင့်လာပြီဖြစ်သော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား အလုပ်တာဝန်အချို့ကို ခွဲဝေရယူကာ ထိထိရောက်ရောက် ဆောင်ရွက်လာနိုင်ဖွယ်ရှိမည်ဟု ခန့်မှန်းရသည့်အတွက် အာဏာရပါတီ၏ ရွေးကောက်ပွဲဝင် ဆောင်ပုဒ်အတိုင်း အမှန်တကယ် လက်တွေ့ ပြုပြုင်ပြောင်းလဲမှုများကို မျက်ဝါးထင်ထင် မြင်တွေ့လိုသူ ပြည်သူတစ်ရပ်လုံးက စောင့်ကြည့်နေကြမည် ဖြစ်ကြောင်း သိစေလိုရင်းဖြစ်သည်။

အယ်ဒီတာ (၅-၄-၂၀၁၈)