News

POST TYPE

EDITORIAL

စာရိတ္တမဏ္ဍိုင်များ ခိုင်ခံ့စေချင် (Daily,Vol-6/No-2)
01-Apr-2018

ယနေ့ နံနက် ၁ နာရီကျော်အချိန်က မြောင်းမြကြိုးတံတားပြတ်ကျသွားပြီး ကုန်တင်ကားတစ်စီးနှင့် လူနှစ်ဦး ပျောက်ဆုံးသွားခြင်းသည် မြန်မာ နိုင်ငံတစ်ဝန်းရှိ နည်းပညာ၊ အဆင့်အတန်း လိုအပ်ချက်များစွာ ရှိနေသော တံတားများအားလုံးကို သတိပေးတပ်လှန့်လိုက်ခြင်းဖြစ်သည်။ 

ယင်းတံတားကို ၁၉၉၄ ခုနှစ်တွင် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းက တည်ဆောက်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် ပြီးစီးခဲ့သောကြောင့် ယခု ၂၀၁၈ ခုနှစ်တွင် သက်တမ်းအနှစ် ၂၀ ကျော်အကြာ ယခုကဲ့သို့ ပြတ်ကျပျက်စီးသွားခြင်းဖြစ်သည်။ 

ဤနေရာတွင် ဘဝင်မကျစရာ အချက်မှာ ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့တွင် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းကပင် ပြုပြင်ကာ မတ်လ ၁၂ ရက်နေ့တွင် အများပြည်သူ ဖြတ်သန်းသွားလာနိုင်ကြောင်း တရားဝင် ကြေညာခဲ့ပြီး ရက် ၂၀ အကြာ ယခုကဲ့သို့ ပြတ်ကျသွားခြင်းဖြစ်သည်။
 
စင်စစ်အားဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းက တာဝန်ယူ၍ဖြစ်စေ၊ နိုင်ငံခြားကုမ္ပဏီတစ်ခုခုဖြင့် တွဲဖက်၍ဖြစ်စေ ဆောက်လုပ်ထားသည့် တံတားပေါင်းများစွာ၏ အရည်အသွေး၊ နည်းပညာ၊ ခံနိုင်ရည်၊ သက်တမ်း၊ ပုံမှန် ပြုပြင်ထိန်းသိမ်းမှု စသည့် ပုံမှန်လုပ်ငန်းစဉ်များ အားလုံး အာမခံချက် ရှိပါ၏လော၊ စံချိန်စံညွှန်းမီပါ၏လောဟု မေးစရာ ရှိပေသည်။ 

မြောင်းမြကြိုးတံတား ပြတ်ကျသွားချိန်တွင် လူနှစ်ဦးနှင့် ကားတစ်စီး ဆုံးရှုံးသွားသောကြောင့် ဆိုးရွားသောကိစ္စဟု ပြောနိုင်သော်လည်း လူများစွာ၊ ကားများစွာ ဖြတ်သန်းနေချိန်မျိုးတွင်သာ ပြတ်ကျသွားပါက သည့်ထက် အခြေအနေ ပိုဆိုးသွားနိုင်သောကြောင့် အဆိုးထဲမှ အကောင်းဟု ကြံဖန်ပြောရမည် ဖြစ်သည်။ 

တံတားပြတ်ကျမှုကြောင့် ပျောက်ဆုံးသွားကြသူနှစ်ဦးမှာမူ မြန်မာနိုင်ငံ ဆောက်လုပ်ရေး နယ်ပယ်၏ ပေါ့လျော့ပျက်ကွက်မှု သို့မဟုတ် အကျင့်ပျက် ခြစားမှုဒဏ်ကို ကြားဝင်ခံလိုက်ရသည့် အပြစ်မဲ့သူများဖြစ်ကြသည်။ 

အားလုံးသိကြသည့်အတိုင်း ၁၉၉၀ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံ၏ အဂတိ လိုက်စားမှုနှင့် အကျင့်ပျက်ခြစားမှု အခြေအနေမှာ ကမ္ဘာပေါ်တွင် အဆိုးရွားဆုံးနိုင်ငံ စာရင်းတွင် ထိပ်ပိုင်းရှိနေခဲ့ပြီး ပြည်သူလူထုမှာ မြေစာပင် ဖြစ်ခဲ့ရသည်။ ထို့အတူ နိုင်ငံတော်ရှိ ပြည်သူပိုင်ဘဏ္ဍာငွေ သန်းပေါင်းများစွာ အချည်းနှီးဖြစ်ခဲ့ရသည့် စီမံကိန်း၊ စီမံချက်များလည်း ရှိခဲ့သည်။ 

စင်စစ်အားဖြင့် တံတားဆောက်လုပ်ရေး နယ်ပယ်တွင်သာမက နိုင်ငံအနှံ့ တည်ဆောက်ထားခဲ့သော ဆည်၊ မြောင်း၊ တာတမံများ၏ အရည်အသွေး၊ နည်းပညာ၊ ခံနိုင်အား၊ ထိန်းသိမ်းပြုပြင်မှုအပိုင်းများတွင်လည်း အားနည်းချက် များစွာ ရှိနေခြင်းကြောင့် လာမည့်နှစ်များအတွင်း ယင်းတို့၏ ဆိုးကျိုးသက်ရောက်မှုများအတွက် အချိန်မီ ကြိုတင်ပြင်ဆင်ထားရန် လိုပေသည်။ 

မြောင်းမြကြိုးတံတားပြတ်ကျသွားခြင်း၏ နောက်ကွယ်တွင် နိုင်ငံတကာ သို့မဟုတ် ဒေသဆိုင်ရာ စံချိန်စံညွှန်းနှင့်အညီ စစ်ဆေး၊ အတည်ပြု၊ ပုံမှန် ထိန်းသိမ်းမှု အားနည်းချက်၊ နည်းပညာ ချို့တဲ့မှုကဲ့သို့ အကြောင်းအရင်းများ အပြင် တိုင်းပြည်၏ ဘဏ္ဍာငွေကို မိမိကိုယ်ကျိုးအလို့ငှာ အလွဲသုံးစားခဲ့ခြင်းသည်လည်း အဓိကအကြောင်းအရင်းဟု ဆိုနိုင်သည်။ 

စနစ်ဆိုးအောက်တွင် နိုင်ငံတစ်ဝန်းရှိ အခြေခံအဆောက်အဦများ အားလုံးတွင် နောက်ကွယ် အကြောင်းအရင်းများရှိနေပြီး မြောင်းမြကြိုးတံတား ကျိုးကျခြင်းသည် တစ်နည်းအားဖြင့် နိုင်ငံတော်၏ စာရိတ္တမဏ္ဍိုင် ယိမ်းယိုင်နေခြင်းကို မီးမောင်းထိုးလိုက်ခြင်းဟု ဆိုနိုင်သည်။ 

နိုင်ငံအတွင်းရှိ အခြားသော အခြေခံ အဆောက်အဦများနှင့် နိုင်ငံသားတို့၏ စာရိတ္တမဏ္ဍိုင်တို့ ပြိုကျပျက်စီးသည့်အဆင့်သို့ ရောက်ရှိမသွားမီ အချိန်မဆိုင်း ပြုပြင်ထိန်းသိမ်းကြစေလိုကြောင်း သတိပေးထောက်ပြလိုရင်းဖြစ် သည်။ 

အယ်ဒီတာ (၁-၄-၂၀၁၈)