News

POST TYPE

EDITORIAL

တန်ဖိုးထားခြင်း၊ တန်ဖိုးချခြင်းနှင့် ရင့်ကျက်သော နိုင်ငံရေး (Daily Vol-4/No-88)
22-Jul-2016

မြန်မာလူမျိုးတို့သည် စိတ်ခံစားချက်နှင့် ပတ်သက်လျှင် ချစ်လုံးလုံး၊ မုန်းလျားလျား ဆိုသကဲ့သို့ ဝင်ရိုးစွန်း တစ်ဖက်စီသို့ ရောက်သွားတတ်ခြင်းမှာ အမျိုးသားစရိုက် လက္ခဏာအသွင်မျိုး ဆောင်လာပေသည်။

ယင်းစိတ်နှစ်မျိုးကြောင့်ပင် ချစ်ခင်စိတ်ဖြင့် အရာရာ ခွင့်လွှတ်တတ်ကြပြီး မုန်းတီးစိတ်ဖြင့် အရာရာ အပြစ်မြင်တတ်ကြသည့်အတွက် ‘လူခင်လျှင် မူပြင်’၊ ‘ပုဂ္ဂိုလ်ခင်မှ တရားမင်’ ဆိုသော ဆိုရိုးစကားများ မြန်မာလူမှုပတ်ဝန်းကျင်တွင် ပေါ်ပေါက်လာရခြင်း ဖြစ်သည်။

လူတစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်ကို ချစ်၍ဖြစ်စေ၊ မုန်း၍ ဖြစ်စေလိုသည်ထက် ပိုပြီး အလွန်အကျွံ ချီးမြှောက်ခြင်း၊ အလွန်အကျွံ နှိမ်ချစော်ကားခြင်းတို့သည် ဆန့်ကျင်ဘက် အကျိုးများ သက်ရောက်သွားတတ်သည်။

အချစ်လွန်နေသောကြောင့် လိုသည်ထက် ပိုကဲသော မြှောက်ပင့်ချီးပမှုများဖြင့် ကယ်တင်ရှင်၊ ဖန်တီးရှင်၊ ကိုးကွယ်ဆည်းကပ်ဖွယ်ရာ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းအသွင်မျိုး ဖြစ်သွားစေပြီး တန်ဖိုးချသည့် သဘောမျိုး သက်ရောက်သွားတတ်သည်။

တစ်ဖန် အမုန်းလွန်နေခြင်းကြောင့် အလွန်အကျွံ နှိမ်ချသော သိမ်သိမ်ဖျင်းဖျင်း ရိုင်းပျစော်ကားသော ဖရုသဝါစာ စကားလုံးများဖြင့် တစ်ဖက်သတ် ပြောဖန်များလာသည့်အခါ အပြောခံပုဂ္ဂိုလ်၊ အဖွဲ့အစည်းအပေါ် သနားကရုဏာ စိတ်ဝင်သွားကာ တန်ဖိုးတက်သွားတတ်သည်။

ဆိုလိုသည်မှာ အချစ်လွန်ခြင်းနှင့် အမုန်းလွန်ခြင်း ဝင်ရိုးစွန်းစိတ် နှစ်မျိုးကြောင့် သက်ဆိုင်ရာ ကာယကံရှင် သို့မဟုတ် အဖွဲ့အစည်းသည် တန်ဖိုးကျ သွားခြင်းနှင့် တန်ဖိုးတက်လာခြင်းတို့ ဖြစ်သွားတတ်ခြင်းကို ဆိုလိုသည်။

မြန်မာနိုင်ငံတွင် မကြာသေးသော ၂၅ နှစ်ခန့်အတွင်း လူပုဂ္ဂိုလ်တစ်ဦးနှင့် အဖွဲ့အစည်းတစ်ရပ်အပေါ် ဆန့်ကျင်ဘက် အင်အားစုများနှင့် ထောက်ခံအားပေးသည့် အင်အားစုများ ကိုယ်တိုင် တန်ဖိုးတက်သွားစေရန်နှင့် တန်ဖိုးကျသွားစေရန် ရည်ရွယ်ချက်များနှင့် ဆန့်ကျင်ဘက် ဖြစ်သွားခဲ့သည့် သာဓကများ ရှိခဲ့ပြီး ဖြစ်သည်။

များသောအားဖြင့် လူတစ်ဦး၊ အဖွဲ့အစည်းတစ်ရပ်ကို အပြစ်ပုံချလွန်းသူများ၊ အမွှမ်းတင် ချီးမြှောက်လွန်းသူများတို့သည် မိမိကိုယ်တိုင် အရည်အချင်း နုံနဲ့သူတို့သာ ဖြစ်ပြီး ကိုယ်တိုင်မစွမ်းနိုင်သောကြောင့် စွမ်းနိုင်သူအပေါ် မနာလိုစိတ်၊ ယုံမှတ်အားကိုးစိတ်တို့ဖြင့် မိမိတို့ တတ်နိုင်သည့် ဆန့်ကျင်၊ ထောက်ခံခြင်းကိုသာ ပြသနေကြခြင်းသာ ဖြစ်သည်။

မြန်မာနိုင်ငံသည် အတိတ်ကာလတွင်လည်း ထိုသို့ ပုဂ္ဂိုလ်ရေး အလွန်အကျွံ အလေးကဲသော နိုင်ငံရေးများကြောင့် တစ်မျိုးသားလုံး စည်းလုံးညီညွတ်မှု ရရှိခဲ့သည့် အကြိမ်အရေအတွက် နည်းပါးခြင်း၊ ရရှိချိန်ကာလ တိုတောင်းခဲ့ခြင်း၊ အကွဲအပြဲ သံသရာလည်ခြင်းတို့ဖြင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများ နှောင့်နှေးခဲ့ရသည်။

ယနေ့ကာလတွင်မူ ရန် ငါ စည်း ခြားလွန်းသည့် မရင့်ကျက်သူများ၏ တုံ့ပြန်မှုမျိုးဖြင့် မြန်မာ့နိုင်ငံရေး သမိုင်းစာမျက်နှာများကို ဖြုန်းတီးမပစ်သင့်တော့ဘဲ အမျိုးသားသင့်မြတ်ရေးကို အမှန်တကယ် ရှေးရှုသော၊ နိုင်ငံတော် ဖွံ့ဖြိုးရေးကို အစစ်အမှန် ဦးတည်သော လက်တွေ့ကျပြီး သဘောထား ရင့်ကျက်သော နိုင်ငံရေးမျိုးဖြင့် မြန်မာ့သမိုင်းစာမျက်နှာသစ်ကို ဝိုင်းဝန်းရေးထိုးကြပါမည့် အကြောင်း စေတနာကောင်းဖြင့် တိုက်တွန်းအပ်ပေသည်။

အယ်ဒီတာ (၂၁-၇-၂ဝ၁၆)