News

POST TYPE

EDITORIAL

စကားပြော ဆင်ခြင်ပါ (Daily, Vol-6/No-1)
31-Mar-2018

“စကားစကား ပြောပါများ၊ စကားထဲက ဇာတိပြ”ဆိုတဲ့ဆိုရိုးကို မြန်မာ လူမျိုးတိုင်း သိထားကြပါတယ်။ ကိုယ်ပြောတဲ့စကားဟာ ကိုယ့်ရဲ့ စိတ်ဓာတ် အဆင့်အတန်း ဘယ်လောက်ရှိတယ်၊ ကိုယ့်ရဲ့ အသိဉာဏ် Level ဘယ်လောက် အတိုင်းအတာ ရှိတယ်ဆိုတာကို ဖော်ကျူးတတ်ကြောင်း သတိပေးတဲ့ဆိုရိုးပဲ ဖြစ်ပါလိမ့်မယ်။ စကားအပြောအဆိုနဲ့ပတ်သက်ပြီး ပညာရှိပုဂ္ဂိုလ်တွေ အဆက်ဆက် သတိပေးခဲ့တဲ့ ဆိုရိုးတွေလည်း မြန်မာစကားပုံမှာ အမြောက်အမြား ရှိနေပါသေးတယ်။ “ကြမ်းကျွံလျှင် နုတ်၍ရသည်၊ နှုတ်ကျွံလျှင် နုတ်မရ”၊ “ပီယဝါစာ ချစ်ဖွယ်သောစကား၊ ချိုသာသော စကားသာဆိုပါ”စသဖြင့် သတိထားစရာ ကောင်းတဲ့ ဆိုရိုးတွေပါ။ 

လူဆိုတာ အဖော်အပေါင်းနဲ့ဖြစ်ဖြစ်၊ မိသားစုနဲ့ဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်နဲ့ပဲဖြစ်ဖြစ် စကားပြောချင်ကြတာချည်းပါပဲ။ စကားနည်းတဲ့သူတောင် ၂၄ နာရီကျော်ကြာအောင် စကားသံ တစ်လုံးမှမထွက်ဘဲ နေနိုင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ တစ်ခုခုကို မျိုသိပ်ထားရတာထက် ဖွင့်ပြောလိုက်ရမှ စိတ်ရော၊ ကိုယ်ပါ သက်သောင့်သက်သာ ဖြစ်သွားတတ်ကြတာပဲ မဟုတ်လား။ အဲဒါကြောင့်လည်း အလွန်ရင်းနှီးတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေထဲက တစ်စုံတစ်ယောက် တမှိုင်မှိုင်၊ တထွေထွေဖြစ်နေရင် မျိုသိပ်မထားဘဲ ဖွင့်ပြောဖို့ အားပေး အားမြှောက် ပြုတတ်ကြတာပါ။ 

နည်းပညာတွေ၊ လူမှုကွန်ရက်တွေ ထွန်းကားလာတဲ့ သည်ဘက်ခေတ်မှာတော့ စကားဆိုတာ Chat Box (ချက်ဘောက်စ်) တို့၊ မက်ဆင်ဂျာတို့ စတဲ့နေရာကနေ၊ လူချင်း မတွေ့နိုင်ပေမယ့်လည်း ပြောချင်တိုင်း ပြောခွင့်ရလာတဲ့ အနေအထားမျိုး ဖြစ်လာပါတယ်။ ကိုယ်ရဲ့ အတွေ့အကြုံတွေ၊ ဝမ်းနည်းဝမ်းသာ ခံစားတာတွေ၊ အသိပညာတွေကို အဲဒီချက်ဘောက်စ်ထဲကတစ်ဆင့် တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ပြောဆိုဆွေးနွေးနိုင်သလို အုပ်စုလိုက် သဘောမျိုးနဲ့လည်း ဆွေးနွေးပြောဆိုလာနိုင်ကြတာဟာ ဝမ်းသာစရာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ လူချင်း မတွေ့နိုင်ပေမယ့် အဲဒီ လူမှုကွန်ရက်တွေပေါ်ကနေ အချိန်ပြည့်တွေ့နိုင်၊ စကားပြောနိုင်တဲ့ အနေအထားမျိုး ဖြစ်လာလို့ပါပဲ။ 

အဲဒီတော့ ကိုယ့်ရဲ့ မိတ်ဆွေ အပေါင်းအသင်းတွေ ခွန်အားရှိစေနိုင်မယ့် စကားမျိုးသာမက သာမန်ညောင်ညကိစ္စတွေ၊ လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၊ အဖွဲ့အစည်း တစ်ခုချင်းစီရဲ့ ကောင်းသတင်း၊ ဆိုးသတင်းသာမက ကောလာဟလတွေနဲ့ အတင်းအဖျင်းတွေကို အွန်လိုင်းကတစ်ဆင့် လွတ်လွတ်လပ်လပ် ပြောဆိုလာနိုင်ကြတာပေါ့။ အဲဒီမှာတစ်ခု အရေးတကြီး သတိထားဖို့လိုတာက နှုတ်တစ်ရာ၊ စာတစ်လုံးဆိုတဲ့ကိစ္စပါ။ အပြင်မှာ တစ်ဖက် လူမကြားအောင် ပါးစပ်နဲ့ စကားဘယ်လောက်ပြောပြော ပုံနှိပ်စာနဲ့ဖြစ်ဖြစ်၊ မင်နဲ့စာရွက်နဲ့ဖြစ်ဖြစ် ရေးလိုက်ပြီဆိုရင် ပယ်မရ၊ ငြင်းမရ မှတ်တမ်းဝင်သွားတတ်တဲ့ သဘောကို နှုတ်တစ်ရာ၊ စာတစ်လုံးဆိုပြီး ပညာရှိတွေက သတိပေးခဲ့ကြတာပါ။ 

အခု ချက်ဘောက်စ်တွေ၊ မက်ဆင်ဂျာတွေမှာပဲ ချက်တင်ဆိုတဲ့ အာလာပ သလ္လာပစကားတွေ ဘယ်လောက်ပဲပြောပြော ဒစ်ဂျစ်တယ်ပုံနှိပ် စာလုံးနဲ့ မှတ်တမ်းတင်ထားလို့ ရတယ်ဆိုတာ အထူး သတိထားစရာပါပဲ။ အဲဒါကြောင့် အဲဒီအချက်ကို မရိပ်စားမိခဲ့ကြတဲ့သူတွေအနေနဲ့ Screen Shot ရိုက်ပြီး မှတ်တမ်းတင်ခံရတာတို့၊ ဟက်ကာတွေ အဖောက်ခံရတာတို့နဲ့ ကြုံတဲ့အခါမှာ ကိုယ်ပြောသမျှ အသံတွေကို တစ်လောကလုံး ကြားသိအောင် ဖွင့်ချခံရတဲ့ အဖြစ်မျိုးနဲ့ တွေ့ကြရတာပါပဲ။ စကားကို မဆင်မခြင်ပြောမိ၊ ချက်ဘောက်စ်တွေအကြောင်းကို နားလည်သဘောမပေါက်မိခဲ့ကြလို့ အရှက်တကွဲ အကျိုးနည်း ဖြစ်ကုန်ကြရတော့တာပါ။ 

တကယ်ဆို ချက်ဘောက်စ်မှာဖြစ်စေ၊ တယ်လီဖုန်းမှာဖြစ်စေ၊ နည်းပညာ ပစ္စည်းတွေ လုံးဝ မရှိတဲ့နေရာမှာပဲဖြစ်စေ စကားဆိုတာ သတိနဲ့ပဲ ပြောဆိုသင့်ပါတယ်။ ကိုယ်လည်း အကျိုးဖြစ်ထွန်းမယ်၊ တစ်ဖက်သားလည်း အကျိုးဖြစ်ထွန်းစေမယ်ဆိုတဲ့ စကားမျိုးတွေကိုသာ သတိရှိရှိနဲ့ ပြောဆိုတတ်မယ်ဆိုရင် ဘယ်လိုနည်းပညာကိုမှ၊ ဘယ်လိုပုဂ္ဂိုလ်မျိုးကိုမှ ကြောက်စရာ မလိုပါဘူး။ ဟုတ်မှန်ပြီး တစ်ဖက်သားခံသာမယ့် စကားတို့ မေတ္တာနဲ့ယှဉ်တဲ့စကားတို့ကိုပဲ ပြောဆိုတတ်အောင် လေ့ကျင့်ထားမယ် ဆိုရင်တော့ အကောင်းဆုံးပေါ့။ ကျွန်တော်တို့တစ်တွေဟာ လူမှန်းသိတတ်စကတည်းက စကားတွေ အများကြီး ပြောခဲ့ကြပါတယ်။ ဒါပေမဲ့ ကိုယ့်အကျိုး၊ တစ်ဖက်သား အကျိုးနဲ့ လောကအကျိုးကို ဆောင်ကြဉ်းပေးနိုင်မယ့် စကားမျိုးက များခဲ့သလား၊ နှစ်ဖက်လုံး အကျိုးမရှိစေတဲ့ စကားတွေက များခဲ့သလား ဆိုတာကိုတော့ ကျွန်တော်တို့တစ်တွေ နဖူးပေါ်လက်တင်ပြီး စဉ်းစားဖို့ အချိန်တန်ပြီလို့ ယုံကြည်ကြောင်း ပြောလိုတာပဲ ဖြစ်ပါတယ်။ 

အယ်ဒီတာ (၃၁-၃-၂၀၁၈)