News

POST TYPE

EDITORIAL

ကိုယ့်တာဝန် ကိုယ်ကျေပါစေ(Daily, Vol-5/No-300)
27-Mar-2018

၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲတွင် ဂီတထူးချွန်ဆု ရရှိခဲ့သူ စန္ဒယားတင်ဝင်းလှိုင် ဆုယူစင်မြင့်ပေါ်မှတစ်ဆင့် ပြောကြားချက်များကို ပြန်ကြားရေးဝန်ကြီးဌာနက ဥပဒေကြောင်းအရ ဆောင်ရွက်ရန် စီစဉ်နေကြောင်း နိုင်ငံပိုင် အစိုးရအာဘော် သတင်းစာများတွင် ထည့်သွင်းဖော်ပြခဲ့သည်။ 

ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့ညက ကျင်းပသွားခဲ့သော ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် စန္ဒယားတင်ဝင်းလှိုင်၏ ပြောကြားချက်များသည် မမှန်မကန် စွပ်စွဲပုတ်ခတ်မှုများသာဖြစ်ကြောင်း၊ ယင်းပြောကြားချက်များ၊ ထိုသို့ပြောကြားမှုအပေါ် အခြေခံ၍ မမှန်မကန် ထပ်ဆင့်စွပ်စွဲချက်များကို လုပ်ဆောင်နေကြသည့် သက်ဆိုင်သူ ပုဂ္ဂိုလ်များအား တည်ဆဲဥပဒေများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေး ကြေညာခဲ့သည်။ 

လက်ရှိအစိုးရ စတင်တာဝန်ယူသည့်အချိန် ၂ နှစ်ကျော် ၃ နှစ်ကာလ ရောက်ခါနီးအထိ အသံတိတ်နေခဲ့သော ပြန်ကြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့သည် ယခုကဲ့သို့ ပုဂ္ဂိုလ်ရေးဆန်သည့် စွပ်စွဲမှုကြုံရသည့်အခါမှ ချက်ချင်းဆိုသလို တုံ့ပြန်ခြင်း၊ အရပ်သားတစ်ပိုင်း အစိုးရလက်ထက်တွင် ဤကဲ့သို့ လူပုဂ္ဂိုလ်တစ်ဦးအပေါ် ပုဂ္ဂိုလ်ရေးဆန်ဆန် တုံ့ပြန်ခြင်းမျိုး မရှိခဲ့ဘဲ လက်ရှိ အရပ်သားစစ်စစ် အများဆုံး ပါဝင်သော အစိုးရလက်ထက်တွင်သာ တုံ့ပြန်ခြင်းတို့မှာ များစွာ ထူးခြားသည်။ 

အထူးသဖြင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ မီဒီယာများ၊ OIC နိုင်ငံများ၊ အမေရိကန်၊ ဗြိတိန်နှင့် ဥရောပနိုင်ငံများက ရခိုင်ဒေသ ပြဿနာအပေါ် အပြင်းအထန် ဖိအားပေးနေခဲ့စဉ်ကပင် ဤသို့သော လျင်လျင်မြန်မြန် တုံ့ပြန်ကြေညာချက်မျိုး မရှိခဲ့သော ပြန်ကြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့၏ ယခုကဲ့သို့ အကဲဆတ်ဆတ် တုံ့ပြန်မှုမှာ ပို၍ အံ့အားသင့်စရာ ကောင်းလှသည်။ 

ပိုဆိုးသည်မှာ နိုင်ငံပိုင်ဟုဆိုသော်လည်း ပြည်သူ့ဘဏ္ဍာရိက္ခာ၊ အခြေ ပစ္စည်း ရိက္ခာများကို အသုံးပြုနေသည့် ပုံနှိပ်မီဒီယာပေါ်မှတစ်ဆင့် မကျေနပ်ချက်များ ရှိနေသော လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ပြည်သူတစ်ဦးကို ပြည်သူ့ဘဏ္ဍာ၊ ရိက္ခာ၊ လစာ၊ အဆောင်အယောင် ခံစားနေသူအချို့က ခြိမ်းခြောက်သည့် သဘောဆန်သည့် ကြေညာချက် ထုတ်ပြန်ခြင်းဖြစ်သည်။ 

ထိုမျှသာမက ထိုခြိမ်းခြောက်အသွင် ဆောင်နေသော စာကိုပင် များစွာ ပုဂ္ဂိုလ်ရေး တုံ့ပြန်မှုဆန်သော ပုံစံဖြင့် အသွင်ပြောင်းကာ စန္ဒယားတင်ဝင်းလှိုင်သို့ အိတ်ဖွင့်ပေးစာ ခေါင်းစဉ်တပ်ကာ ပြည်တွင်းရေးရာ ကဏ္ဍအောက်ရှိ စာမျက်နှာပေါ်တွင် ထပ်ဆင့် ဖော်ပြခြင်းမှာ များစွာ အရုပ်ဆိုးလှသည်။ 

ယင်းဖော်ပြချက်နှစ်ခုစလုံးတွင် ပါဝင်သော အချက်များအရ စန္ဒယား တင်ဝင်းလှိုင်အနေနှင့် ပြန်ကြားရေးဝန်ကြီးဌာနသို့ တရားဝင် ဆက်သွယ်မေးမြန်းစုံစမ်းခြင်း မရှိခဲ့ဘဲ ၎င်း၏ ထင်မြင်ယူဆချက်များကို စွပ်စွဲပုတ်ခတ်ထား သည့်သဘော ဖော်ပြထားသည်ဟု ကောက်ချက်ချနိုင်သည်။ 

ပြန်ကြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ သည်လည်း ထိုနည်းတူစွာ စန္ဒယားတင်ဝင်းလှိုင်ထံ တိုက်ရိုက်ဆက်သွယ် ဖြေ ရှင်းခြင်းမရှိဘဲ ပြည်သူပိုင်စာမျက်နှာပေါ်မှတစ်ဆင့် ကြေညာချက်ထုတ်၊ ခြိမ်း ခြောက်သကဲ့သို့ ပြုမူခြင်းမှာ ဝန်ကြီးဌာနတစ်ခု၏ ကိုယ်စားပြုအဖွဲ့အစည်းတစ်ခု အနေနှင့် သင့်တော်ပါ၏လောဟု မေးခွန်းထုတ်စရာရှိပေသည်။ 

ဆိုလိုသည်မှာ စန္ဒယားတင်ဝင်းလှိုင်၏ အပြုအမူ၊ အပြောအဆို လွဲမှား နေသည်ဟု ဆိုလျှင် ဝန်ကြီးဌာနကိုယ်စားပြုအဖွဲ့အစည်း၏ တုံ့ပြန်ပုံမှာလည်း လူကြီးလူကောင်းမဆန်ဘဲ အမှားကို အမှားနှင့် ပြန်၍ တုံ့ပြန်ရန်ထောင်သည့် အသွင်သက်ရောက်နေသည့်သဘောကို ဆိုလိုသည်။ 

ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲများဖြင့် တက်လာသော်လည်း အရပ် သားတစ်ပိုင်း၊ စစ်အာဏာရှင်တစ်ပိုင်းဟု ဝေဖန်ခံရသည့် ၂၀၁၂ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ဝန်ကြီးဌာနအချို့၌ နိုင်ငံတော် ဘဏ္ဍာငွေအလွဲ သုံးစားမှုများရှိကြောင်း သတင်းဖော်ပြခဲ့ခြင်းကြောင့် သတ္တုတွင်းဝန်ကြီးဌာနက တရားစွဲဆိုခဲ့သော ပြဿနာကိုပင် ဤမျှ အကဲဆတ်ဆတ်တုံ့ပြန်ခဲ့ခြင်းမရှိခဲ့ဘဲ ယနေ့ ဒီမိုကရေစီခေါင်းစဉ်အောက်မှ အရပ်သားအများစု ပါဝင်သော အစိုးရလက်ထက်မှသာ ဤဖြစ်ရပ်မျိုး ကြုံရခြင်းမှာ များစွာ ဝမ်းနည်းဖွယ် ကောင်းလှသည်။ 

ရုပ်ရှင် အနုပညာလောကအတွင်း လတ်တလော ဖြစ်ပေါ်နေသော အွန်လိုင်းလူမှုကွန်ရက်ပေါ်မှ အုပ်စုလိုက် ပြောဆိုမှုများ အများပြည်သူထံ ပျံ့နှံ့သွားသည့်ကိစ္စကိုပင် ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌက ချက်ချင်း သတင်းစာ ရှင်းလင်းပွဲပြုလုပ်ကာ ဥပဒေအရ တရားစွဲမည်မဟုတ်ကြောင်း၊ တရားစွဲလျှင် အစွဲခံရသူ သူရဲကောင်း ဖြစ်သွားနိုင်ကြောင်း ပြောဆိုနေချိန်တွင် ပြန်ကြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့က ဥပဒေအရ ဆက်လက်ဆောင်ရွက်မည်ဟု ကြေညာထားခြင်းမှာ နားမလည်နိုင်စရာ ဖြစ်သွားစေခဲ့သည်။ 

ပြန်ကြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်နှင့် သတင်းမှန် ထုတ်ပြန်ရေးအဖွဲ့၏ အဓိက ထမ်းဆောင်ရမည့်တာဝန်မှာ နိုင်ငံသားများ၏ အခွန်ဘဏ္ဍာငွေဖြင့် လည်ပတ်ထုတ်ဝေနေသော နိုင်ငံပိုင် အစိုးရအာဘော်မီဒီယာများမှတစ်ဆင့် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးရှိသော၊ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သော၊ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို မြှင့်တင်စေသော ကိစ္စရပ်များသာ ဖြစ်ပြီး လူပုဂ္ဂိုလ်တစ်ဦး၏ (အကယ်၍) အခြေအမြစ် မရှိသော စွပ်စွဲပုတ်ခတ်မှုများကို တုံ့ပြန်ဖြေရှင်းရန် စင်မြင့်သဖွယ် အသုံးမချသင့်ကြောင်း သိစေအပ်ပေသည်။ 

အယ်ဒီတာ (၂၇-၃-၂၀၁၈)