News

POST TYPE

EDITORIAL

ဘယ်လို စီးပွားရေးမူဝါဒလဲ (Daily Vol-4/No-87)
21-Jul-2016

နိုင်ငံတကာက အထူး အသိအမှတ်ပြု လေးစားသော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရလက်ထက်တွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ အဘယ်ကြောင့် သိသာစွာ ဝင်ရောက်မလာသနည်း ဆိုသောမေးခွန်းမှာ ယခု ရက်ပိုင်းအတွင်း လူအများစု သိချင်နေသော အကြောင်းအရာဟု ဆိုနိုင်သည်။

ထို့အတူ စီးပွားရေးလောကသားများအကြား၊ နိုင်ငံရေးစောင့်ကြည့် လေ့လာသူများနှင့် စီးပွားရေးပညာရှင်များအကြားတွင်လည်း အစိုးရထံမှ တိကျပြတ်သားသော စီးပွားရေးမူဝါဒများ ထုတ်ပြန်မည့်အချိန်ကို ငံ့လင့် နေကြသည်။

ရွေးကောက်ပွဲ မတိုင်မီ NLD ပါတီ၏ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင်မူ အခွန်အကောက်၊ ဘဏ္ဍာရေး၊ ငွေကြေးဈေးကွက်၊ ဗဟိုဘဏ်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၊ အခြေခံ အဆောက်အဦ၊ လယ်ယာကဏ္ဍ၊ သဘာဝအရင်းအမြစ်နှင့် သက်ဆိုင်သော နယ်ပယ်များတွင် မည်သို့ ဆောင်ရွက်မည်ဆိုသော အချက်များကို အခြေခံသော မူဝါဒ ဖြစ်မည်ဟုသာ ယေဘုယျအားဖြင့် ခန့်မှန်းနိုင်သည်။

ရက်တစ်ရာ ကာလအတွင်း အုပ်ချုပ်ရေး ယန္တရားရှိ ဝန်ကြီးဌာန အမည်နာမများ ပြုပြင်ခြင်း၊ ပေါင်းခြင်း၊ ဒုတိယဝန်ကြီးများ လျှော့ချခြင်း၊ ထပ်မံ ခန့်ထားခြင်း၊ အခွန်ကောက်ခံမှု အရှိန်မြှင့်လာခြင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အထူးပြု လုပ်ဆောင်ခြင်း၊ ကားတင်သွင်းခွင့် ရပ်နားခြင်း၊ အထပ်မြင့် အဆောက်အအုံများ ရပ်နား စစ်ဆေးခြင်း၊ လူဆိုး၊ လူမိုက်ကျော်စော သတင်းရှိသူများ ဖမ်းဆီးခြင်းကဲ့သို့ မူဝါဒအသစ် မဟုတ်သော လှုပ်ရှားမှုများကို တွေ့မြင်ရသော်လည်း စီးပွားရေး နယ်ပယ်အတွက် အစိုးရသစ်၏ မည်သည့် အချက်ပြမှုမျှ ထွက်ပေါ် မလာသေးပေ။

စီးပွားရေး ကဏ္ဍသည် နိုင်ငံတော်၏ အတိတ်၊ မျက်မှောက် အခြေအနေ၊ အနာဂတ် ဖြစ်တန်ရာတို့ကို လက်ရှိ ကမ္ဘာ့စီးပွားရေး၊ ဒေသတွင်း နိုင်ငံများ၏ စီးပွားရေး အနေအထားတို့နှင့် ချိတ်ဆက် စဉ်းစားကာ မည်သည့် မူဝါဒဖြင့် အကောင်အထည်ဖော်မည်ဟု ရေတို၊ ရေရှည်အတွက် တိကျစွာ ချမှတ်ရခြင်းမျိုး ဖြစ်ခြင်းကြောင့် ရက်တစ်ရာ ကာလသည် စီးပွားရေး မူဝါဒ တစ်ခု ထွက်ရှိလာရန် လုံလောက်သော အချိန်ဟု ဆိုနိုင်သည်။

အောက်ခြေရှိ ၉ဝ ရာခိုင်နှုန်းသော လက်လုပ်လက်စားများ၊ အလုပ်သမား၊ တောင်သူ လယ်သမားများမှာ နေစရိတ်၊ စားစရိတ်၊ သွားလာစရိတ်၊ ဆက်သွယ်ရေးစရိတ် အစရှိသော အထွေထွေ ကုန်ဈေးနှုန်းများ ကြီးမြင့်မှု ဒဏ်ကြောင့် မူလ အခြေအနေထက်ပင် စားဝတ်နေရေး ပိုမို ခက်ခဲလာသည်။

မိသားစု လုပ်ငန်းငယ်ကလေးများ၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ အပါအဝင် အကြီးစား ခရိုနီ လုပ်ငန်းများပင်လျှင် လက်ရှိ အခြေအနေ မယိမ်းယိုင်သွားစေရန် အိတ်စိုက် ထိန်းထားရသည့် သဘောဖြစ်နေပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ လောက်လောက်လားလား ဝင်ရောက် မလာသေးခြင်းကြောင့် နိုင်ငံ၏ စီးပွားရေး အခြေအနေမှာ စိုးရိမ်ရေ အမှတ်သို့ တဖြည်းဖြည်း ရောက်ရှိလာဖွယ် ရှိသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကဲဖြတ်များကမူ လက်ရှိ အစိုးရလက်ထက်တွင် နိုင်ငံရေးဆိုင်ရာ အန္တရာယ် ဖြစ်နိုင်ခြေမှာ ယခင် ဦးသိန်းစိန် အစိုးရထက်ပင် မြင့်မားသည်ဟု သုံးသပ်ကြပြီး ရင်းနှီးမြှုပ်နှံသူများကို စိတ်ချ ယုံကြည်စေမည့် အင်စတီကျူးရှင်းများ၊ အခြေခံ အဆောက်အဦများ လွန်စွာ အားနည်းနေသည့်ကြားက အိမ်၊ ခြံ၊ မြေဈေးနှုန်းများက လွန်လွန်ကဲကဲ မြင့်မားနေသည်ဟု ထောက်ပြကြသည်။

အမေရိကန် တစ်ဒေါ်လာ အပေါ်တွင် ဗဟိုဘဏ်က တရားဝင် သတ်မှတ်သည့် နှုန်းထား မြင့်မားနေခြင်းသည် ငွေကြေး ဖောင်းပွမှုနှင့် ဆက်စပ်နေခြင်းကြောင့် ပို့ကုန်လုပ်ငန်းရှင် အနည်းငယ်မျှ အတွက်သာ အကျိုးရှိသယောင် ဖြစ်ပြီး သွင်းကုန်လုပ်ငန်းများ၊ ရောင်းဝယ်၊ ဖြန့်ချိရေး လုပ်ငန်းများ၊ ထုတ်လုပ်ရေးလုပ် ငန်းရှင်များ အပါအဝင် ပြည်သူအများစုမှာ ဝင်ငွေ လျော့သွားသကဲ့သို့ ခံစား ရနိုင်ပေသည်။

မည်သို့ပင်ဖြစ်စေ လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေး ဦးမော့ လာစေရန်အတွက်ဆိုလျှင် ကျင့်သုံးဆဲ စီးပွားရေး မူဝါဒများ အပါအဝင် အရာရာကို နိုင်ငံရေးအရ စဉ်းစားလွန်းသည့် ၁၈ဝ ဒီဂရီအထိ ပြောင်းလဲပစ်ခြင်းထက် နယ်ပယ်အလိုက် လိုအပ်ချက်ရှိသလောက်၊ မြန်မာ့စီးပွားရေးကို အမှန်တကယ် နားလည်သူ ပညာရှင်စစ်စစ်များ အကြံပြုသလောက်၊ ဒီဂရီ အနည်းငယ်မျှလောက်သာ ပြောင်းလဲသော၊ မျက်မှောက်ကာလ ပြည်တွင်း၊ ပြည်ပ အခြေအနေနှင့် ကိုက်ညီသော စီးပွားရေး မူဝါဒများသာ ဖြစ်သင့်ကြောင့် အကြံပြု တိုက်တွန်းအပ်ပေသည်။

အယ်ဒီတာ ( ၂ဝ-၇-၂ဝ၁၆ )