News

POST TYPE

EDITORIAL

ထူးခြားတိုက်ဆိုင်သည့် အာဇာနည်နေ့ (Daily Vol-4/No-85)
21-Jul-2016

ယခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့သည် ၁၉၄၇ ခုနှစ်မှ စတင်၍ နှစ်စဉ် မပျက်မကွက် ကျင်းပလာခဲ့သော အာဇာနည်နေ့ ဖြစ်သည့်အပြင် ဝါဆိုလပြည့်နေ့ သို့မဟုတ် ဓမ္မစကြာ အခါတော်နေ့နှင့်လည်း တစ်ရက်တည်း ကျရောက်နေပေသည်။

မြန်မာ့လွတ်လပ်ရေး ဗိသုကာ၊ တပ်မတော်ဖခင်၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည် ၉ ဦး လုပ်ကြံခြင်း ခံရသည့် အာဇာနည်နေ့နှင့် မဟာဗုဒ္ဓ၏ ပထမဦးဆုံး ဓမ္မစကြာ တရားတော် ဟောကြားသောနေ့ တစ်ထပ်တည်း ကျရောက်သည့်နှစ် ဖြစ်သည်။

အထူးသဖြင့် ဗိုလ်ချုပ်၏ သမီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီက နိုင်ငံတော်ကို ဦးဆောင်စီမံခန့်ခွဲသည့် ပထမဦးဆုံးနှစ်တွင် ဝါဆိုလပြည့်နေ့နှင့် အာဇာနည်နေ့ ထပ်တူကျနေခြင်း ထူးခြားသည့် တိုက်ဆိုင်မှုဟုလည်း ဆိုနိုင်သည်။

ဗိုလ်ချုပ်အပါအဝင် အာဇာနည် ခေါင်းဆောင်ကြီးများ အကြောင်းကို ယခုနှစ်တွင် ပို၍ အထူးပြု ဖော်ပြလာခြင်း၊ ယခင်က ရက်နီးကပ်မှသာ ဖုတ်ခါထုံးသုတ်လုပ်ခဲ့သော အာဇာနည်ဗိမာန်ကို အကြီးစား ပြင်ဆင်ခဲ့ခြင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် အာဇာနည်နေ့ကို တက်ရောက်ဂါရဝပြုမည်ဟု ထုတ်ပြန်ခြင်း၊ အနယ်နယ်အရပ်ရပ်တွင် အာဇာနည်ဗိမာန်များ အသစ်တည်ဆောက်ခြင်း၊ မွမ်းမံခြင်း၊ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုများ ထုလုပ်လာကြခြင်းတို့မှာ ယခုနှစ်၏ ထူးခြားချက်များ ဖြစ်သည်။

ဤနေရာတွင် အထူးပြုဖော်ပြလိုသည်မှာ ၁၉၆၃ ခုနှစ် ၁၆ ကြိမ်မြောက် အာဇာနည်နေ့တွင် အာဏာသိမ်း တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်း ကိုယ်တိုင် အာဇာနည်နေ့ကို တက်ရောက်လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ပြီးနောက် ၅၃ နှစ် ကြာမြင့်ပြီးမှသာ ပထမဦးဆုံးအကြိမ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အဆင့်က ပြန်လည်တက်ရောက် ဂါရဝပြုခြင်း ဖြစ်သည်။

ဦးနေဝင်းသည် အာဏာရှင် ဖြစ်သော်လည်း လွတ်လပ်ရေး လှုပ်ရှားမှု သမိုင်းတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်ခဲ့ပြီး ဗိုလ်ချုပ်နှင့်အတူ ရဲဘော်သုံးကျိပ်ဝင် ဖြစ်သည့်အတွက် ၁၉၇၄ ခုနှစ် နောက်ပိုင်း တစ်ပါတီ အာဏာရှင်စနစ် ဖြစ်သော လမ်းစဉ်ပါတီခေတ်ကပင် အာဇာနည် ခေါင်းဆောင်ကြီးများနှင့် အာဇာနည်နေ့ကို အရေးတယူ တခုတ်တရ နေရာပေး ကျင်းပခဲ့သည်။

၁၉၈၉ ခုနှစ် နောက်ပိုင်း စစ်အာဏာရှင်စနစ် ရောက်မှသာ ဗိုလ်ချုပ်နှင့် အာဇာနည် ခေါင်းဆောင်များကို မျက်ကွယ်ပြု လျစ်လျူရှုသည့်အသွင် ဆောင်သွားခဲ့သည်။ တစ်နည်းအားဖြင့် ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့သည့် အသွင်မျိုးဟုလည်း ဆိုနိုင်သည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းစ အရပ်သားတစ်ပိုင်း စစ်အာဏာရှင်တစ်ပိုင်း ဦးသိန်းစိန်အစိုးရ လက်ထက်တွင်လည်း နောက်ကွယ်မှ အရိပ်မည်း မလွတ်တတ်သေးသည့် သဘော ရှိသည့်အတွက် ဥသြဆွဲရန် လွှတ်တော်တွင် အဆိုတင်သွင်းခြင်းကိုပင် ယာဉ်အန္တရာယ်ကို အကြောင်းပြကာ ပယ်ချခံခဲ့ရခြင်းမှာ များစွာ အရုပ်ဆိုးလှသည်။

မည်သို့ပင်ဖြစ်စေ ယခုနှစ် အာဇာနည်နေ့သည် ထူးခြားသော နေ့ထူးနေ့မြတ် ဝါဆိုလပြည့်နေ့နှင့် တစ်ရက်တည်း ကျရောက်နေသည့်အပြင် အခြားသော အပေါင်းလက္ခဏာဆောင် အပြောင်းအလဲများ၊ အပြောင်းအလဲ မျှော်လင့်ချက်များ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ရောင်နီများ သန်းစပြုသည့် အခါသမယ ဖြစ်ခြင်းကြောင့် ဗိုလ်ချုပ်နှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား The Voice က လေးမြတ်စွာဂါရဝပြုကြောင်းနှင့် အထူးတလည် ဂုဏ်ပြုအပ်ကြောင်း အထူးဖော်ပြလိုပေသည်။

အယ်ဒီတာ (၁၈-၇-၂၀၁၇)